ချစ်ခြင်းတွေ သီဖွဲ့ထားတဲ့ သင်္ကြန်
အ၀ါရောင်တွေ ဆွတ်ဖျန်းထားတဲ့သင်္ကြန်
ရိုးရာရနံ့တွေ သင်းထုံနေတတ်တဲ့သင်္ကြန်
ဘယ်တော့မှ မွန်းမလွဲတတ်တဲ့ သင်္ကြန်
အဲဒိအချိန်
ရောက်ခဲ့ပြန်ပြီပေါ့ .. …
ငုဝါ၊ ပိတောက်၊ ခရေကောက်လို့
တူးပို့၊ တူးပို့ တေးရိပ်ဆို
မန်းတောင်ရိပ်ခို ……
နှစ်ကိုယ်တူချစ်သမျှ
မြို့မက စန္ဒယားဆရာလေး ကိုငြိမ်းမောင်
ဂုဏ်ကြီးရှင်ဒေါ်ထားထား
သက်ထွေးနဲ့ နွယ်နွယ် အားလုံးကို
ခင်တွယ်ခဲ့ဘူးတယ်… …
အဲဒိသင်္ကြန်လမှာပဲ
ယုံကြည်ရာအတွက်
ခရီးထွက်ခဲ့တယ်..
နောက်
ယုံကြည်ချက်နဲ့အတူ
ခရီးဆက်ခဲ့တယ်…
ဆယ်စုနှစ်နှစ်ခုကျော်ဝေးခဲ့တယ်
ထင်တာတွေဖြစ်တာနဲပြီး
မထင်တာတွေဖြစ်တာများခဲ့တယ်..
ဘာပဲပြောပြော
ဇာတ်မျောလို့ပဲပြောပြော၊ ဒြပ်နှောလို့ပဲပြောပြော
နွေပူ ကြဲကြဲထဲက သင်္ကြန်ကတော့
သူ့အချိန်သူရောက်တိုင်း
သူ့နိမိတ်သူခင်းလို့
အချိုဆုံးအပြုံးတွေနဲ့
အလှပဆုံး ဖူးပွင့်ခဲ့ပြန်ပြီ … … ။
ရိုးဆက်
(၁၄၊ ၀၄၊ ၂၀၁၃)
(သင်္ကြန်အကျနေ့)
0 comments:
Post a Comment