Wednesday, January 9, 2013

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၂၉)

လွမ်းစိတ်တွေဝေ

ကျနော် အိမ်ကိုလည်းလွမ်းတယ်။ အထူးသဖြင့် ကျနော် ငှက်ဖျားတက်ပြီး အားအင်ကုန်နေတဲ့အချိန်တွေမှာ အိမ်ကို သတိရတယ်။ သီးသန့်လွမ်းဖို့ အချိန်ကတော့ မရှိသလောက်ပါဘဲ။ ကျနော်တို့က များသောအားဖြင့် လှုပ်ရှားသွားလာနေကြရတာလေ။ အထူးသဖြင့် အမေကိုလွမ်းတယ်။ ကျနော့အမေနဲ့ အဖေ၊ ညီညီမတွေ ကျနော့ကို သတိရနေကြမှာဘဲ။ ကျနော်လည်း သူတို့ကို လွမ်းလာတယ်။ တစ်ရက် ကျနော်တို့ တောင်ကုန်း တစ်ခုပေါ်ကို ရောက်ပြီး စခန်းချကြတော့ ညပိုင်း ကျနော် သစ်ပင်နှစ်ခုကို ဆွဲပြီးချည်ထားတဲ့ ပုခက်တစ်ခု ပေါ်မှာ လှဲနေတုန်း အောက်ဖက် ရန်သူထိမ်းချုပ်ထားတဲ့ ရွာတစ်ရွာက သီချင်းသံတစ်ခု လေနဲ့အတူပါလာ တယ်။ ကျနော် သိပ်ကြိုက်တဲ့အဆိုတော်မာမာအေးရဲ့ သီချင်းတစ်ပုဒ်ပဲ။ မာမာအေးရဲ့ သီချင်းတွေကို တစ်ခြားအဆိုရှင်တွေ ပြန်ဆိုထားကြတာရှိပေမယ့် ကျနော့ စိတ်ထဲမှာ သူ့ရဲ့ အရှိုက်အငိုက်ကို မီတယ်မထင် ဘူး။ သူဟာ ပါရမီရှင်ပါ။ သီချင်းသံလေးက လေနဲ့အတူ ကျနော့ဆီရောက်လာလိုက်၊ ပြန်ဝေးသွားပြီး ပျောက်သွားလိုက်နဲ့ ဖြစ်နေတယ်။ ကျနော် အဲဒီသီချင်းကို တစ်ပိုင်းတစ်စ စိတ်ထဲက လိုက်ဆိုနေမိတယ်။

“ရွက်ရွာကြွေ.. နွေအကူး… လေရူးပွေစ.. ညနေဆည်းဆာ…” တစ်ချိန်ထည်းမှာဘဲ ကျနော် အိမ်ကို သတိရလာတယ်။ ကိုယ့်ကိုယ်ကိုယ် မျက်ရေ၀ိုင်းနေပြီဆိုတာ သတိထားမိတယ်။ ကျနော့အနားမှာ စစ် ကျောပိုးအိတ်လေးတစ်လုံးရယ်၊ ကျနော်ကိုင်တဲ့ သေနတ်တစ်လက်ရယ်။ ဒါတွေ ဘယ်တော့မှပြီးမှာပါလိမ့်။ ကျနော် ပုခက်ပေါ်မှာ ထထိုင်၊ ဆေးပေါ့လိပ်မီးညှိပြီး အဲဒီသီချင်းသံလေး လေနဲ့အတူပြန်ရောက်လာမှာကို မျှော်နေမိတယ်။ ချက်ချင်းသာသွားခွင့်ရရင် အားလုံးကို သွားတွေ့လိုက်ချင်တော့တာပါဘဲ။ ဒါပေမယ့် လက်ရှိအနေအထားမှာ လုံးလုံးမဖြစ်နှိုင်ဘူး။ ကျနော်တို့မျှော်လင့်နေတဲ့ အနေအထားတစ်ခုကို မရောက်မ ချင်း ဒီအိပ်မက်က အကောင်အထည်ပေါ်ဦးမှာ မဟုတ်ဘူးလေ။


ဗဟိုတာဝန်

နောက်တန်းတာဝန်တွေနဲ့ လုံးထွေးနေခဲ့တဲ့အချိန်တွေမှာ ကျနော် ရတဲ့အချိန်တွေမှာ အင်္ဂလိပ်စာ သတင်း စာဟောင်းလေးတွေကို ဖတ်ပြီး လေ့လာရေးလုပ်ဖြစ်တယ်။ ဗဟိုကို ရောက်လာတဲ့ နိုင်ငံခြားသားတွေထဲက တစ်ချို့က သူတို့ရောက်နေတဲ့အချိန်မှာ အင်္ဂလိပ်စာသင်တန်းလေးတွေ လုပ်တဲ့အခါတိုင်းလိုလို ကျနော် သွားပြီးတက်တယ်။ ဒီဘာသာစကားက ကျနော့အတွက် အရေးကြီးလာပြီ။ ကျနော့ကို အရင်က နိုင်ငံခြား သားတွေက လာမေးတဲ့အခါတိုင်း ကျနော် ပြန်မပြောတတ်ဘူးဆိုတော့ ဒီထက် ပိုပြီးကောင်းတဲ့ အင်္ဂလိပ် စကားပြော ဆက်ဆံရေးကို ကျနော်လုပ်နှိုင်ချင်လို့ ကြိုးစားတယ်။ နောက်ပိုင်း နဲနဲနဲနဲနဲ့ စကား စပြောလို့ရ လာတယ်။ အဲဒီတော့ ဗဟိုက ၁၉၉၄ ခုနှစ်မှာ ကျနော့ကို အင်္ဂလိပ်စာ သင်တန်းတစ်ခုကို သွားတက်ပြီး ထပ်ပြီးတိုးတက်အောင်လုပ်နှိုင်မယ့် အခွင့်အရေးကိုပေးတယ်။ အဲဒီသင်တန်းကာလက တစ်နှစ်တောင်ရှိ တယ်။ ကျနော် သင်တန်းကို ၆ လ တက်ဖြစ်ခဲ့တယ်။ အဲဒီကြားထဲ သင်တန်းမှာရောက်နေတဲ့အချိန် စစ်ဦးစီး ချုပ်ကိုထွန်းဦး လှေမှောက်ပြီး ဆုံးပြီဆိုတာကို သတင်းကြားတယ်။ ကိုခင်ထွန်းကြည်တစ်ယောက် ပါလာတဲ့ စက်လှေကို သံလွင်မြစ်ထဲမှာ ရန်သူက ၀ိုင်းအပစ်ခံရပြီး ကိုခင်ထွန်းကြည်ကျသွားတယ် လို့လည်း သတင်း ကြားတယ်။ ဘယ်လိုပဲပြောပြော ကျနော်တို့အတွက် တန်ဖိုးမဖြတ်နှိုင်တဲ့ ဆုံးရှုံးမှုတွေပါ။ ကျနော် အတော် စိတ်ထိခိုက်ခဲ့တယ်။ ကျနော် သင်တန်းကို နောက်ထပ် ၆ လ ထပ်တက်ရဦးမှာဖြစ်ပေမယ့် ဗဟိုရဲ့လိုအပ် ချက်အရ ကျနော် ထိုင်းနိုင်ငံဖက်မှာ လျှို့ဝှက်အခြေစိုက်တဲ့ နိုင်ငံခြားရေးဌာနရုံးကို တာဝန်ထမ်းဆောင်ဖို့ သွားခဲ့ရတယ်။


အနိဟာ့ဘတ်

ထိုင်းနိုင်ငံကို ကျနော် အရင်ကတည်းက နယ်စပ်မှာ ၀င်ထွက်ဖူးပါတယ်။ ထိုင်းစကားက ကျနော့အတွက် အရမ်းခက်တယ်။ အသံကနွဲ့တော့ နှာခေါင်းသံလေးနဲ့ပြောမှ အသံပီတယ်။ ကျနော်လိုက်ပြောရ ခက်သလို၊ ကိုယ့်အသံကိုကိုယ်ပြန်ကြားရတာကလည်း အခြောက်သံလိုထွက်နေတော့ ရှက်တာနဲ့ နှစ်အတော်ကြာကြာ ထိုင်းနိုင်ငံမှာ နေဖြစ်တာတောင် ထိုင်းစကားက အခုအထိ တောင်တလုံးမြောက်တလုံးအဆင့်ဘဲရှိသေး တယ်။ အဲဒီကြားထဲ အသံအနိမ့်အမြင့်က များတော့ ဆင်တူစကားလုံးတွေကို ပီသအောင်မပြောနှိုင်ရင် သူတို့နားမလည်တော့ဘူး။

တစ်ခါက ကျနော်တို့ ရဲဘော် အကိုကြီးတစ်ယောက်က ထိုင်းနိုင်ငံဖက်ခြမ်း နယ်စပ်မြို့လေးမှာ တာဝန်ကျ တော့ သူက ညနေညနေဆိုရင် သူ့မှာ မရှိမဲ့ရှိမဲ့ ဟိုလူဒီလူဆီက တောင်းထားတဲ့ ထိုင်းဘတ်ငွေလေးနဲ့ အရက်သွားဝယ်သောက်လေ့ရှိတယ်။ ရုံးကလည်း သူက အသက်အကြီးဆုံးဆိုတော့ နဲနဲပါးပါး စားချင်တာ လေးတွေစားပါစေဆိုပြီး ဆယ်ဘတ်၊ ဘတ်နှစ်ဆယ်လောက် ထုတ်ပေးတာပေါ့။ သူလည်း အနိ (ဒီဟာ) ဆိုပြီး လက်ညှိုးထိုးဝယ်တာပေါ့။ ထိုင်းနိုင်ငံမှာ ဆေးစိမ်တောအရက်က အတော်ကောင်းတယ်။ အဲဒါလေး ကို ညနေစောင်းတိုင်း ထိုင်းအဖွားကြီးတစ်ယောက်ရောင်းတဲ့ ဈေးဆိုင်မှာ စားပွဲပေါ်တင်ထားတဲ့ ပုလင်းကို လက်ညှိုးထိုးပြီး အနိ.ဟာ့ဘတ် (ဒီဟာငါးဘတ်ဖိုး) လို့ပြောရင် ဆိုင်ရှင်ကလည်း သဘောပေါက်နေပြီ။ ပက်ချင်ခွက်သေးသေးလေးနဲ့ ထည့်ထည့်ပေးလေ့ရှိတာပေါ့။ ကျန်တဲ့ ထိုင်းစကားပိုတတ်တဲ့ ရဲဘော်တွေက ညနေစောင်းရင် သူထွက်သွားပြီး ပြန်လာရင် အနံ့သင်းသင်းလေးရရနေတော့ သူဘယ်လိုဝယ်လို့ရနေလဲလို့ မသိမသာ စုံစမ်းကြတော့ သူက အနိဟာ့ဘတ်တစ်လုံးထဲနဲ့ အလုပ်ဖြစ်နေတာကိုသိကြရတယ်။ သူ့ကို နောက်ပိုင်း အတော်များများက နောက်ကွယ်မှာ အနိဟာ့ဘတ်လို့ခေါ်ကြတယ်။ သူသိသွားတော့ ဒီထက်နဲနဲ ပိုတတ် အောင် စကားလုံးတစ်လုံးနှစ်လုံး မေးစမ်းပြီးသင်ထားတာပေါ့။ ဆ၀ါဒီခဗ် (မင်္ဂလာပါ)၊ ဆဘိုင်ဒီမိုင် (နေ ကောင်းလား) စသည်ဖြင့်ပေါ့။

တစ်ရက် ညနေစောင်း သူဟိုဆိုင်ရောက်တော့ အဖွားကြီးကိုတွေ့တွေ့ခြင်း လက်အုပ်ချီပြီး ဆ၀ါဒီခဗ်လို့ပြော တော့ အဖွားကြီးက ဆ၀ါဒီလို့ လက်အုပ်ချီရင်း ပြန်နှုတ်ဆက်တယ်။ ဟုတ်ပြီပေါ့…. သူဆက်ပြောတယ်… “ဆဘိုင်မီမိုင်” ဆိုတော့ အဖွားကြီးက ‘မီခါ့’ ဆိုပြီး ဆိုင်ထဲက စပရိုက်အချိုရည်တစ်လုံးကို ခွပ်ကနဲ အဖုံးဖွင့်ပြီး ပလတ်စတစ်အိတ်ထဲထည့်ပေးလိုက်တယ်။ ‘မီမိုင်’ ဆိုတာက ရှိလားလို့မေးတဲ့စကားလေ။ အဖွားကြီးက သူ စပရိုက်သောက်ချင်တယ်ထင်လို့။ သူက အဲဒါမဟုတ်ဘူးလို့ လက်ဟန်ခြေဟန်နဲ့ ကြိုးစား ပေမယ့် ကိုယ်တိုင်လည်း ဆက်မပြောတတ်တော့ အဖွားကြီးပေးတဲ့ စပရိုက် အချိုရည်ကိုယူပြီး အဲဒီညနေ အရက်သောက်ဖို့ ထည့်သွားတဲ့ ပိုက်ဆံတစ်ဆယ်ကို အဖွားကြီးကိုပေးပြီး မကြေမနပ်ပြန်လာခဲ့တယ်။ သင်ပေးလိုက်တဲ့ ရဲဘော်တွေက သူမကြေမနပ် အထုတ်ဆွဲပြီး ရောက်လာတော့ ဘာဖြစ်တာလဲမေးကြည့် တော့မှ သူစကားအသံမှားတဲ့အပေါ် အဖွားကြီးက ထည့်ပေးလိုက်တာဆိုတော့ အားလုံးတဟားဟားဖြစ် ကုန်တာပေါ့။ သူကတော့ သူရတဲ့ရာရှင်လေးက အဲဒီညနေ အရက်အစား စပရိုက်တစ်ထုတ်နဲ့ပဲ ကြေနပ်ရ တော့တာပေါ့။

0 comments: