Wednesday, January 9, 2013

အ.ထ.က. ကျောင်းပြေးများရဲ့ ဒဿနဟောင်းလေးများ

ငါဟာရေလျှံမြစ်ပဲ၊ မင်းက ဘာ လာပစ်ထဲ့ချင်လို့လဲ၊ လောကထဲကို သောကရွဲစိုကုန်တော့မှာပဲကွာ။

ဂိုးတိုင်နဲ့ဖြစ်ဖြစ် တစ်ခုခုနဲ့ဖြစ်ဖြစ် ထိပြန်ကန်ထွက်ခဲ့တဲ့ဘော်လုံးတိုင်းလို မအားမလပ်
ဒရစပ်တအားကြုံးအကန်ခံနေရ ဖြစ်တည်မှု အစ အဆုံး ညလုံးပေါက်ကင်းစောင့် အကျဉ်းကျ
တစ်ဘဝလုံးလင်းတောက်ထားရတဲ့မီးစွယ်ဘဝ ငိုက်မြည်းလိုက်တိုင်း မျက်လုံးပိုပိုကျယ်လာရတယ်
သင်ပြပေးလိုက်တာက ဝလုံးတစ်လုံးတည်း သင်ယူသွားရမှာက ကျမ်းစာအုပ် အစ အဆုံး
ဝတစ်လုံးကိုပဲ တစ်ဘဝလုံးလုံး ချသုံးခဲ့ ဖွသုံးခဲ့ ဆွသုံးခဲ့ ထပ်သုံးခဲ့ ဖြတ်သုံးခဲ့ ကပ်သုံးခဲ့
တစ်ဘဝလုံးတတ်ထားတဲ့ သိပ္ပံဘာသာတွေ အားလုံးပေါင်းလည်း အောင်မှတ်မရဘူလား
တစ်ဘဝလုံးတတ်ထားတဲ့ ဝိဇ္ဇာဘာသာတွေ အားလုံးပေါင်းလည်း စာမေးပွဲကျတာပဲလား
ငါးပွက်လို့ထတဲ့ရေဗွက်လေးလို၊ တရားနာလို့ချတဲ့ရေစက်လေးလို၊ ခဏလေးမှာလျှိုကွယ်ပျက်
အနုပညာလေးစွက်ပြီး မြန်မာစာနဲ့ရေးဖွဲ့တဲ့စာစီစာကုံး ဘယ် မြန်မာမှ အဆုံးမဖတ်လည်း
အနုပညာလေးစွက်ပြီး အင်္ဂလိပ်စာနဲ့ရေးဖွဲ့တဲ့ စာစီစာကုံး ဘယ် အင်္ဂလိပ်မှ အဆုံးမဖတ်လည်း
ဘဝဟာ တွဲတွဲ  ခွဲခွဲ  ကွဲကွဲ ရေးနေရမှာပဲ ရေးပြနေရဆဲ ရေးပြနေရဦးမှာပဲ သူ့ရဲ့အကြောင်း
ကျောင်းမဖွင့်ရင် စာအုပ်မဖွင့်ဘူး ၂ခုလုံးဖွင့်တော့လည်း ဆရာနားလိုက် တပည့်ဖျားလိုက်
ဘဝဟာ ပညာရေးအားစိုက်ရမဲ့နှစ်ဆို တက္ကသိုလ်ကျောင်းသားအရေးအခင်းဖြစ် ကျောင်းပိတ်ရက်အမြဲပို
စာသင်ခန်းဆိုအောက်ထပ်ရွေး ထိုင်ခုံကိုအပေါက်ဝဘေး ကျောင်းပြေးများရဲ့အထာအကျင့်များပြားဖြစ်ပေါ်
ကျောင်းခေါ်ချိန် ဖြစ်အောင်လက်မှတ်ထိုးထဲ့ ဆရာလစ်တာနဲ့ခိုးထွက်ကြ စုရပ် ၁ ၂ ၃ ၄ ဦးသူစောင့်ပေးရတဲ့ကတိ
မသမာသူတွေကြားမှာရှိတဲ့သစ္စာ သူသူငါငါရဲ့အခြေခံစရိုက်၊ ဘဝမှာ တချို့အရာတွေဟာ သိပ်ပြီးဇတ်တိုက်ဖို့မလိုပါ
အရပ်ဝတ်ကိုကျောင်းဝန်းနားကဆိုင်မှာထား အရက်ကိုရေနွေးခရားနဲ့သောက် မူးလောက်ရင် ကွမ်းဆေးမွှေးစုံဝါး
ကော်ဖီဆိုင်ထောင့်နားခုံမှာထိုင် ကော်ပီကဗျာကိုကိုယ်ပိုင်ဖျက်ရေး လူတိုင်းဟာ တစုံတရာအဝေးကို ငေး ငေးလျှက်
လူဆိုတာ အေးစက်သွားမဲ့ လဘ္ဘက်ရည်ပူပူတစ်ခွက်ပေါ့ အဓိပ္ပါယ်အရသာပူကိုအချိန်ကိုက် မမော့သောက်တတ်ရင်
ဘဝခွက်ထဲ ယင်ကောင်တွေ ဒိုင်ဗင်ထိုးချ ကိုယ့်ကိုယ်ကိုယ် သွန်ပက်လိုက်ရလိမ့်မယ် ဒီ ကျောင်းချိန်အတွင်းမှာ ဖြစ်
ဖွင့်ထားတဲ့သီချင်းပြီးပြီးချင်း ပိုက်ကျော်ခြင်းခတ် ခိုးရာပါမုန့်ဖိုးတွေ လောင်းကြေးထပ် စာမေးပွဲဖြေသလို ယှဉ်ပြိုင်ကြရဲ့
၂ဦး၂ဖက်ကသဘောတူထားချက် ၂ဦး၂ဖက်ကလိုက်နာကျင့်ပါ ၁ဦး၁ဖက်မှ နစ်နာစရာမလိုဘူး သစ္စာဟာအချိုစူးတယ်
ကျောင်းဆင်းနေညို ရောင်းရင်းတွေကိုလမ်းခွဲ ကိုယ့်လမ်းထဲကိုယ်ဦးတည် ကျောင်းပြေးညီပေမဲ့ အကြောင်းလေးတွေကွဲ
ဘဝက ကျောင်းအလွှတ်မှာပဲ အိမ်တန်းပြန်ရမဲ့တာဝန်ဝတ္တရားတွေနဲ့ မနက်ဖြန်မှာအမေ့ကို ဘယ်လိုဆက်လိမ်သွားမလဲ
အိမ်စာသချာင်္တိုတစ်ပုဒ်တည်းကို ဝကင်္ဘာလိုရှုပ်အောင် တွက်ဟန်ပြထား ကျောင်းပြေးရေးကိုစဉ်းစား အလေးထားတွေးဆ
ဘဝကျောင်းပြေးများဟာ ကျောင်းပြေးညီဒဿနနဲ့ ကျောင်းပြေးပီပီသသ ဘဝစာမေးပွဲကိုတော့ မကျအောင်ဖြေနိုင်ရတယ်
ကိုယ့်ဘဝကို ကိုယ့်ဘောပင်နဲ့ကိုင်ရေးတဲ့ ကိုယ်တိုင်ဖွဲ့နွဲ့ ကိုယ့်ရဲဇတ်ဟန်များ ကိုယ့်ဝတ္ထုထဲ ကိုယ်ပြန်ကြားနေရတဲ့ သံစဉ်
ကိုယ့်နှလုံးခုန်သံနဲ့ ပဲ့တင်တဲ့ဂီတ ကိုယ့်နှလုံးသွေးနဲ့ ဆွဲငင်တဲ့ဂီတ ကိုယ့်နှလုံးလွင်ပြင်နဲ့ လွင့်စင်တဲ့ဂီတ
လူရဲ့ ဖြစ်တည်မှု ဒီဘဝဆိုတာ ကျေားင်းပြေးလည်း ကျောင်းနဲ့ဝေးခဲ့တာပဲ ကျောင်းမပြေးလည်း ကျောင်းနဲ့ဝေးခဲ့တာပဲ။

ဘာလဲဆိုတာအဖြေရှာကြည့်တဲ့အခါ ဘာလဲဆိုတာအဖြေဟာမရှိခဲ့ပါ
ဒုက္ခတွေ လျှံတက် ဝဖီးစဉ် မြစ်ထဲ ဒုက္ခတွေ ပြန်လှည့် ထပ်မစီးဝင်ဖြစ်တော့ဘူး
ခေါင်းမြုပ်အောင်ကူးခဲ့ကြ နှာခေါင်းမြုပ်အောင်ကူးခဲ့ကြ လှေလူးအတိမ်း လှိုင်းရူးအယိမ်းမှာ။

သုအိုင်စံ
၀၉-၀၁-၁၃
(ငယ်ဘဝလေးကို လှလှလေး လွမ်းဆွတ်ရေးဖွဲ့ဖြစ်တာပါ)။

0 comments: