Saturday, January 5, 2013

လက်နက်ကြီးရဲဘော်

ဘုရားသခင် ဆွဲတဲ့ဗျူဟာနဲ့ လူဟာစစ်နွဲ၊ ဘဝဟာ ကိုယ်ကွဲရတဲ့ပွဲ ပိုများတဲ့ နောက်တန်းမဲ့စစ်ဆင်ရေးပဲ။

အနာဂတ်သိမ်းထိုးစစ်မှာ ဘဝပေးစစ်ရိက္ခာ ပို့ယမ်းချပ်ရေက ပိုပြီးနည်းသထက်နည်းလာမှာပဲ
လက်တွေ့လက်ရှိမှာ ပစ်မှတ်ကို မမှီတော့တဲ့ လက်နက်ကြီးကို အသဲအသန် ရွှေ့ ထမ်းသယ်ရင်း
နေ့စဉ် ရန်သူ့မိုင်းကွင်းထဲ ဇွတ်တိုးတက်နေရာယူနေရတာနဲ့ပဲ အခါခါလဲပြို ကိုယ်က မချိန်ရွယ်အား
ကိုယ့်အတွက် အရေးကြီးဆုံး ဘဝပင်မအားဇုံ စိုးမိုးကုန်းကို ကိုယ် ဘယ်တော့များ သိမ်းပိုက်နိုင်ပါ့
ကျည်မျောလို့ ကျည်နဲ့လိုက်ရတဲ့ တိုက်ပွဲတွေမှာ လိုက်ဖဲတွေလွဲပေမဲ့ ရိုက်မြဲ ရိုက်နေရတဲ့စစ်ဖဲ
လောကဓံက လက်နက်ကြီး/လက်နက်ငယ်နဲ့ အတွဲလိုက် အတွဲလုံးလိုက်တွေ ပစ်သွန်ချနေလည်း
ကိုယ့်ကိုယ်ကိုယ် ပြန်ပစ်မရတဲ့သေနတ်နဲ့သူရစစ်သည်ဟာ ဆုတ်လမ်းမဲ့ ရန်သူ့သတ်ကွင်းထဲ ရဲရဲ
လူ့ဘဝရဲ့ဖြစ်တည်ခြင်းဆိုတာ ကိုယ့်လက်နက်ကြီးတပ်ခွဲထဲ သူ့လက်နက်ကြီးကျကွဲတာပဲပေါ့ကွာ
အဲဒါပဲလေ...၉၀ဒီဂရီ ထောင်ပစ်တိုင်း တည့်တည့်မကျကွဲသလို အလယ်မှာ ကျကွဲတိုင်းလည်း အကုန်မထိပါဘူး
တကယ်တော့ လူတစ်ယောက်ရဲ့ စစ်ရေဗူးထဲမှာ ရေပဲဖြစ်သင့်ပါတယ်.....အရက်ဟာမကောင်းဘူး မဟုတ်လား
ဟား ဟား ဟား ဘဝမှာ မူးမူးနဲ့တက်သိမ်းလို့ ရခဲ့တဲ့စခန်းတွေ များစွာ ရှိသလို အကုန်ကျသေကျန်ခဲ့တဲ့ပွဲတွေလည်း ပိုများစွာ ရှိလေရဲ့
အေး...တစ်ခုပဲ၊ ချီတက်သွားတဲ့ရှေ့တန်းဟာ ဆုတ်ခွာပြန်တဲ့နောက်တန်း ဖြစ်နေရင်တော့ မင်းလိုစစ်ကြောင်းကို ဘယ်လူထုမှ မကြိုဘူး။    ။


သုအိုင်စံ
၀၅-၀၁-၁၃

1 comments:

Unknown said...

မင်းတို့ရဲ့ ဘုရားသခင် ဆိုတာ စောင့်ရှောက်ပါစေ
မဆိုင်သူတွေမထိခိုက်ပါစေနဲ့
အေးချမ်းစေချင်ပါတယ်