Friday, January 11, 2013

ကောင်းကင်အမိုးက တွဲလောင်းပေါက်များ


ဗဟို အစိုးရတပ်ရဲ့ စစ်တိုက်လေယာဉ်ပေါ်ကနေ ဗုံးသီးတွေ (တဝုန်းဝုန်း)
ကျနော်တို့ သူပုန်တွေ တပ်စွဲထားတဲ့ တောင်ကုန်းပေါ် ပြုတ်ကျလာတယ်။

ကျနော်က တောင်ကုန်းပေါ်က ကျောက်ခဲတစ်လုံးကို ကောက်ကိုင်ပြီး
လေယာဉ်ကို ရီလစ်တီဗတီသီအိုရီနဲ့ သမာအာဇီဝကျကျ ချိန်ပစ်ချလိုက်တယ်
လောယာဉ်ဟာ ခဲမှန်ပြီး လေထဲမီးလျှံတွဲလောင်းနဲ့ မြေပြင်ပေါ် ပျက်ကျသွားတယ်။

အဲဒါဟာ တကယ်ဖြစ်ခဲ့တယ်
ခင်ဗျားတို့ မယုံကြဘူးလား
မယုံနိုင်ကြဘူးလား
မယုံနိုင်ကြဘူး မဟုတ်လား
ဟား ဟား ဟား။

ကျမ်းစာထဲမှာ ပြောထားတယ်လေ
တူသော အကျိုးပေး လူမျိုးမရွေး သက်ရောက် ခံစားရမယ်လို့
တောင်ပေါ်မှာစိုက်စိုက် တောင်အောက်မှာစိုက်စိုက်၊ သူ့အတိုင်း ရိတ်သိမ်းရမယ်လို့
ဗုံးမှန်လို့ မီးလောင်စွဲနေတဲ့ ဘုရားကျောင်းတစ်ဆောင် မီးလောင်ပြာကျသွား ပြီဆိုရင်
ခဲမှန်လို့ ပျက်ကျသွားတဲ့ လေယာဉ်တစ်စင်းဟာလည်း မီးလောင်ပြာကျသွား ရမှာပေါ့
အဲလို မဟုတ်ရင်တော့ (သစ္စာ) + (တရား) = (သစ္စာတရား) ဆိုတာ
လေလျော့နေတဲ့ ဘော်လုံးတစ်လုံးပဲ ဖြစ်မှာသေချာတယ်...မကန်နဲ့ကွာ။   ။

သုအိုင်စံ
၁၁-၀၁-၁၃

0 comments: