Friday, January 11, 2013

ကိုယ့်အခေါင်းကိုယ်ထွင်းရတဲ့ဗိသုကာ

လွှသွားကို ပြထားတယ် လည်လို့
ထည်ဝင်းနေတဲ့ လည်ပင်း စင်းလို့
မျက်လုံးကို အနက်ဖုံးပုဝါစချည်ရုံကလွဲ အားလုံးဗလာ
မော်ဒယ်ပျိုဟာ ဟော်လိုဂစ်တာလို ဖွဖွ မွမွလေး တည် ရပ်လို့
အသက်မဲ့ဟန်သေနဲ့ ခါးထောက်ထားလျှက် မောက်ကားနေတဲ့ ခန္ဓာကိုယ်နဲ့
ရမ္မက်ထွက်လျှံနေတဲ့ ယောက်ျားကို ကြောက်သွားစေမဲ့ ဒဏ်ရာလို လက်နေတယ်။

ပြကွက်မှာ
လည်တိုင်ကို တကယ်ပိုင်နိုင်စွာ
လွှသွားက ဖြတ်သွားပြီ...
ကိုယ်တခြား ခေါင်းတခြား နေရာရွေ့ပြီး ရပ်သွားသည်။

ကဲ...ဘာကို ကြည့်နေကြတာလဲ...။
မျက်လုံးတစ်လုံးက ခေါင်းပြတ်ကြီးကို ငေးလို့
မျက်လုံးတစ်လုံးက ကိုယ်ပြတ်ကြီးကို ငေးလို့
မျက်လုံးနှစ်လုံးနဲ့ ငေးနေတဲ့ ယောက်ျား
ကြောက်သွားမယ်ထင်လား ဂေါက်သွားမယ်ထင်လား
တကယ့် အပြင်မှာ ဟင်ကနဲ ဟာကနဲ
ရမ္မက် ရင်မှာ ဒါပဲ ခံစားရတယ် ရမ္မက်။

(မိန်းခလေး)က...မျက်လှည့်အားနဲ့ အသက်ဆက်သွားတယ်
(ယောက်ျားလေး)က...ရမ္မက်ရဲ့အားနဲ့ အသက်ထွက်သွားတယ်
(လူသားတွေ)ကို
ဘုရားသခင်က အမှားအမှန်ထင်အောင် မျက်လှည့်ကစား
ရက်စက်သွားခဲ့တာလား
ပရိသတ်မှန်သမျှ
အမှောင်ထဲက ထိုင်ကြည့်ရတဲ့ ဇတ်ကောင်တွေချည်းပဲ။   ။

သုအိုင်စံ
၁၁-၀၁-၁၃

0 comments: