Thursday, January 3, 2013

အမျိုးသား ပန်းခြံထဲက ပန်းပုရုပ်

ရဲဘော်...ငါဟာ ကျည်တစ်တောင့်ပါ
ရန်သူ့ရင်ကို ပစ်ဖောက်မဲ့ ကျည်ဆံတစ်တောင့်
အခု ငါ့နားထင်ငါ ပြန်ထောက်မိနေပြီ

ကိုးကွယ်တဲ့ဘုရား
လျှိုးကွယ်သွားသလိုပဲလား
ယုံတဲ့သစ္စာ
ပုံဖျက်ပစ်ခွာသွားသလိုပဲလား
လှမ်းလျှောက်နေတဲ့ စခန်းကို
လမ်းပျောက်လေတဲ့ လမ်းလိုပဲလား
အခါးဆုံးကို စားသုံး ခါးကုန်းခဲ့ပြီ
ရန်သူကို ရန်မူ ဆံဖြူခဲ့ပြီ

ငါ့ရင်မှာ ငါ့ အလံဟာ လွင့်နေပေမဲ့
ငါ့ရင်မှာ ငါ့ ဥာဏ်ဟာ မြင့်နေပေမဲ့
ငါ့ရင်မှာ ငါ့ အကြံဟာ သစ်နေပေမဲ့
ဘဝအပြင်မှာ ငါ့ ဒဏ်ရာဟာ ညစ်နေခဲ့ပြီ

ကြည့်စမ်းပါ ..ခေတ်ထဲမှာ နစ်စွဲနေတဲ့ အမုန်းများ အဆုံးမဲ့လို့
ကြည့်စမ်းပါ..စစ်ထဲမှာ ပစ်လဲနေတဲ့ နှလုံးသား အပြုံးမဲ့လို့
အသိကန်းစွာ..အကျင့်လွဲမှာ နစ်ကွဲကြေတဲ့ အရှုံးများ အသုံးမဲ့လို့
ငါတို့ အစိုက်လွန်ကဲခဲ့တဲ့ စစ်ဘိန်းပန်းက အမိုက်နွံထဲ အသင့်စိမ်းလန်းလို့

ဘဝအကြောင်းမလှတဲ့ ငါ့သေနတ်ပြောင်းဝက ရန်သား
ပြန်သွားရမဲ့ ကတိစကားနဲ့ မိသားစုဆီ ဇာတိမြေသို့
ငါ့ သတ်ကွင်းထဲမှာ လာကျဆင်းလဲရှာတဲ့ ပစ်မှတ်
ချစ်တတ်တဲ့နှလုံးသား ဇနီးမယားနဲ့ သမီးသားထံသို့
သုံးသတ်ဖို့ အချိန်မရ ဆုံးဖြတ်ဖို့ အရှိန်မသတ်
ရဲမိုက်တဲ့ စစ်က အတွဲလိုက် ပစ်ချလိုက်ပြီ ငါတို့အားလုံးကြွေ

ပေးဆက်သမျှ ဝေးခဲ့ရတဲ့ ဘဝမှတ်တမ်းနဲ့ ရဲဘော်
အတွေးနက်သမျှ သွေးပျက်ရတဲ့ ဘဝဇတ်ကြမ်းနဲ့ ရဲဘော်
ဓမ္မဖြတ်လမ်းက ဆွဲခေါ်သွားစမ်းပါ
နောက်တန်းနဲ့ဝေးလှမ်းရာ ရှေ့တန်းနဲ့ဝေးလှမ်းရာ
တွေးစမ်းပါ လူလုပ် ဘဝတွေကို သေခိုင်းမဲ့ အစား
တွေးစမ်းပါ လူလုပ် သေနတ်တွေကို သေခိုင်းလိုက်စမ်းပါလို့

တော်လှန်မြေထက် အဖော်တွေကျန်သေခဲ့တယ်
တော်လှန်မြေထက် အဖော်တွေကျန်နေသေးတယ်
လက်ကျန်အသိတရားနဲ့ မနက်ဖန်အရှိတရားကို
ဖန်ဆင်းဆောင်စေ...ရန် ကင်း အောင်မြေမှာ.....

ပြည်တွင်းစစ်ထဲက ငါ့ ရဲဘော်ဟောင်းနှစ်ယောက်
တစ်ယောက်ကို တစ်ယောက် အလေးပြုတဲ့အခါ
ငြိမ်းချမ်းရေး ပန်းပုပုံစံနဲ့... တိုင်းပြည်ရဲ့ တနေရာရာမှာ...တည်ကြည်စွာ...

ဒီနိုင်ငံမှာ လူမသုံးဆုံးအရာနဲ့ လူအမုန်းဆုံးအရာဟာ သေနတ်ပဲ။  ။

သုအိုင်စံ
၀၃--၁-၁၃

0 comments: