Friday, January 25, 2013

ဂူအောင်းသတ္တဝါများနှင့် ဘာသာရေး


စာအုပ်ရဲ့ အရိပ်ကို
ငါနှုတ်ဆိတ် ကိုးကွယ်လာခဲ့တာပဲ။

အရိပ်ရဲ့ အစစ်ဟာ ဘာအရောင်လဲ
အမှောင်သက်သက်လည်း ဖြစ်နေနိုင်တာပဲ
အရိပ်ရဲ့ အစစ်ဟာ ဘာသွေးနဲ့လဲ
သွေးမဲ့သက်သက်လည်း ဖြစ်နေနိုင်တာပဲ

မြင်သိဥာဏ်စွမ်းအရ စာအုပ်လို့ သိလိုက်တာပဲ
ဘာသာရေးရာစာအုပ်လား ကဗျာရေးရာစာအုပ်လား
ပညာရေးစာအုပ်လား ထင်ရာရေးစာအုပ်လား
ဘာသာစကားနဲ့ရေးတာလား အထာအသွားနဲ့ရေးတာလား
ဗလာသက်သက် ဘာမှ မရေးထည့်ထားတာလည်း ဖြစ်နိုင်တာပဲ။

ငါတို့ဟာ စကြာဝဠာဂူထဲမှာ နေတဲ့ လူသားတွေပဲ
အလင်းရောင်နဲ့အတူကျလာတဲ့ အရိပ်သဏ္ဍာန်ဝါးဝါးကို
စိတ်အခံအားနဲ့ လိုက်ဖတ်ကြ အဓိပ္ပါယ်ဖော်ကြ
ထင်ရာ ထင်ရာတွေနဲ့ သတ်မှတ်ယူဆပစ်လိုက်ကြရဲ့
အရိပ်ရဲ့ အစစ်ကိုက ခံစားခွင့်မရ (ထာဝရပဲ)။

အို...ဘုရားသခင် သင် တကယ်ရှိခဲ့မယ်လို့ ငါ့ကို ထင် ခွင့်ပြုပါ
သင်ဟာ ယောက်ျားလား... အခြောက်လား
မိန်းမလား...မိန်းမလျာလား
ဘာမှ မဟုတ်တဲ့ သက်မဲ့ မေထုန် ရုပ်ထုကြီး သက်သက်လား
ငါတို့ ထင်ချင်သလိုသာ ထင်ပစ်လိုက်တော့မယ်
စာအုပ်ရဲ့ အရိပ်သဏ္ဍာန်ဟာ ငါတို့ရဲ့ ဂူနံရံမှာ ဝေဝေဝါးဝါး မဟုတ်လား။   ။

သုအိုင်စံ
၂၄-၀၁-၁၃

0 comments: