Thursday, January 10, 2013

မသောက်ရက်တဲ့ ရေနွေးတခွက်

အလယ်တန်းကျောင်းသား ဘ၀လောက်တုန်းကဆို မိုးတွင်းကျောင်းပိတ် ရက်မှာ ကျောင်းပိတ်ရက်ကိုပျော်တယ်။ အိမ် ပေါ်ထပ်က ကျနော့်အခန်းကို တနေ့ကုန်ပိတ်ပြီး စာဖတ်တော့တယ်။ နတ်ရှင်နောင်၊ ဦးတိုး၊ မင်းသုဝဏ်၊ ဇော်ဂျီ ကဗျာ စာအုပ်တွေ ဖတ်လိုက်ရေနွေးကြမ်းလေးသောက်လိုက်၊ ကျနော့်အတွက် တကယ့် ဇိမ်ပဲ။

ကရင်ပြည်နယ်မှာ ဆယ်စုနှစ် ၂ ခုလောက် ကျနော် ကျင်လည်ခဲ့ရတယ်။ ကရင်တပ်တွေနဲ့ ပူးတွဲပြီး ကျနော်တို့ တိုက်ပွဲ ဆင်ခဲ့ကြတော့ တောင်ငူသံတောင်ကစလို့ နတ်အိမ်ထောင်အလယ်၊ ရေးဘိတ်ထားဝယ်ခရိုင်ဖက်တွေ အဆုံး ခေါက်တုံ့ ခေါက်ပြန် သွားခဲ့သပေါ့။ ၁၉၈၉ ကနေ ၂၀၀၁ လောက်အထိက တိုက်ပွဲတွေကလဲ အခု ကချင်မှာဖြစ်နေသလို ပေါ့။ ဖေ့စ်ဘုတ်မပေါ်သေးတော့ ခင်ဗျားတို့ မသိကြဘူး။ ကရင်ရွာတွေကို စစ်တပ်က၀င်လာလိုက်၊ မီးရှို့လိုက်၊ ရွာသားတွေ က တောကြီးမျက်မဲထဲ ပုန်းရှောင်နေကြရတယ်။
ကျနော်တို့ ရွာတွေထဲကိုရောက်သွားရင် ကျီးနဲ့ဖုတ်ဖုတ်ဖြစ်နေတာပေါ့။ တချို့ရွာလေးတွေက အလွန်မြင့်တဲ့ တောင် ပေါ်တွေမှာ သိပ်လှတယ်။ ရွာလေးတွေထဲကိုရောက်သွားတော့ ထူးခြားတဲ့ သစ်ပင်သုံးပင်ကိုတွေ့တယ်။ ဒါတွေက နှင်း ဆီပင်၊ ငရုတ်ပင်နဲ့ စက္ကူပန်းပင်။

ငယ်ငယ်တုန်းက ရှားလော့ဟုမ်း ၀ထ္ကုတွေကိုဖတ်တယ်။ ၀ထ္တုတွေထဲမှာ ဇာတ်ဆောင်တယောက်ကိုင်တဲ့ နှင်းဆီသားနဲ့ လုပ်ထားတဲ့ ဆေးတံအကြောင်း၊ တုတ်ကောက်အကြောင်းတွေ ပါလာလေ့ရှိတယ်။ နှင်းဆီပင်ဆိုတာက ခပ်ငယ်ငယ် အပင်လေးတွေပဲမြင်ဖူးတော့ ဘယ်လိုများလုပ်ထားပါလိမ့်ပေါ့။ ကရင်ပြည်နယ်ရောက်မှာ ဒီဆေးတံနဲ့ တုတ်ကောက် တွေကို ဘယ်လိုလုပ်တာလဲ အဖြေထွက်တော့တယ်။
နှင်းဆီပင်တချို့ဆိုရင် သရက်ပင်လောက်ရှိနေကြတယ်လေ။
အပွင့်သေးသေးလေးတွေ ဖြစ်နေတယ်။ နှင်းဆီပင်က မခုတ်ဘဲလွတ်ပေးထားတဲ့အခါမှာ အပင်ကြီးလိုပဲ ဖြစ်သွားတယ်။ တချို့အပင်တွေဆိုရင် အနီးက ကျောက်တောင်ကြီးကို ၀ါးမျိုထားတယ်။ သရက်ပင်ကြီးကို မျိုထားလိုက်တယ်။

အပင်ကိုင်းကြီးတွေက ကြီးမားလာပြီး ကောက်ကောက် ကွေးကွေးနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတယ်။ အပွင့်တွေက သေးသေး လေးတွေ ဖြစ်သွားတယ်။ အပွင့်လေးတွေက သိပ်မွေးတယ်။ ကြွေနေတာတွေကိုကောက်ပြီး ကျနော်တို့ လက်ဘက် ခြောက်နဲ့ သောက်ကြတယ်။ သိပ်သောက်ကောင်းတယ်။

တခါ.. နောက်ထူးခြားတဲ့ အပင်တပင်ကတော့ ငရုတ်ပင်။ ငရုတ်ပင်ကိုလည်း မခုတ်ဘဲ ကရင်လူမျိုးတွေက စိုက်ထား လေ့ရှိတော့ ခြေသလုံးလောက်၊ ပေါင်လောက်တွေ ဖြစ်နေတယ်။ သိပ်တော့မမြင့်ဘူး။ ပုခုံးလောက်ပေါ့။ ငရုတ်သီးက သေးသွားတယ်။ ဆန်စေ့လောက် ဖြစ်သွားတယ်။ တတောင့်ချင်း ခူးရခက်လာတယ်။ ဒီတော့ အရွက်တွေပါသပ်ချပြီး ခူး ကြတယ်။ အရွက်တွေပါရောထောင်းပြီး ချက်ကြတယ်။ သွားတော့ မစားလိုက်နဲ့ ငရဲပြည်ကို အရှင်လတ်လတ်ရောက် သွားမယ်။ သိပ်စပ်တယ်။
မျောက်ချေးခါးလေး ဘာလေး ကျန်သေးတယ်ဆိုရင် ရေနွေးဆူအောင်လုပ်၊ မျောက်ချေးခါးလေးတဇွန်းလောက်ထည့်၊ ခုနက ခူးလာတဲ့ ငရုတ်သီးတွေကို ဘောင်းဘီအိပ်ထဲကထုတ်ပြီး ပစ်ထည့်လိုက်ရင် ဟင်ချိုဖြစ်လာတယ်။ ပူပူစပ်စပ်ခါးခါး ဟင်းချိုနဲ့ ညနေစာပေါ့။ ချွေးတွေဘာတွေပြန်သွားမယ်လေ။

နောက်.. ကျနော်ချစ်တဲ့ အပင်တပင်ကလဲ စက္ကူပန်းပင်တွေ၊ ဒီအပင်တွေကိုလဲ မခုတ်ဘဲ ထားကြလေ့ရှိတော့ တခါတ လေမှာ ၄ ထပ်တိုက်လောက် တောင်ကုန်းတခုကို မြိုချထားတယ်။ အရောင်တွေစုံနေအောင် ပွင့်နေတယ်။ အရိုင်းဆန် လှတဲ့အလှက တောကြီးထဲမှာ ပြိုင်ဖက်ကင်းနေတယ်။ အောက်က ရေစီးသန်လှတဲ့ စမ်းချောင်းကို သူ့ကိုင်းတွေ ကနွဲ့ ကလျ ကျနေပုံက။ လုံမငယ်က တေးဆိုရင်း စမ်းချောင်းထဲ ခြေချနေသလိုပ။ တော်ရုံတန်ရုံ နုတဲ့ ရသေ့ရဟန်း လောက်ကိုတော့ လွမ်းနာကျနိုင်ရဲ့။ ကျုပ်တို့မို့ ခံနိုင်တာလေ။
ဒီအပင်ကြီးတွေကို စစ်တပ်က၀င်လာတဲ့အခါမှာတော့ ရွာလေးကိုလဲ မကြင်နာ၊ အပင်ကြီးတွေကိုရဲ အလှကိုလည်းမမြင်၊ အကုန်လုံးမီးတိုက်သွားတယ်။ နှင်းဆီရုံကြီးလည်း မီးတောက်ထဲမှာ အပြိုအပြိုအလဲ၊ မီးသွေးခဲဖြစ်တာဖြစ်၊ အမြစ်တွေ လှန်မှောက်လိုမှောက်။ ငရုပ်ပင်ကြီးလဲ တုံးလုံးပက်လက် အသက်ထွက်ရတယ်။ စက္ကူပန်းပင်ကြီးခမြာ အငုတ်တောင်မ ကျန်နိုင်ရှာဘဲ မီးလောင်မြေထဲမှာ။
ငိုကြွေးနေတဲ့ မိသားတစုကို လျှိုထဲမှာတွေ့တယ်။ အဖေ၊ အမေ၊ ဆယ်ကျော်သက် သမီးငယ်၊ ကလေးငယ် နှစ်ဦး။ ကြောက်ရွံ့နေတုန်းပဲ။

ညနေစောင်းတော့ ညစ်ပေနေတဲ့ သင်တိုင်းကိုဝတ်ထားတဲ့ ကလေးမလေးတယောက်.. “သရာ့ (ဆရာ့ အတွက်) အတွက်” တဲ့ ၀ါးခွက်ထဲထည့်ထားတဲ့ အကြမ်းရည်ခွက်လေး လာပေးတယ်။
နှင်းဆီပွင့်ခြောက်လေးတွေ ခတ်ထားတဲ့
ရေနွေးကြမ်းလေး တခွက်ပေါ့။
ဒီအပွင့်လေးတွေက ဒါနောက်ဆုံး ဖြစ်မယ်။
မိုးသီးဇွန်
(နေ့သစ် ၀က်ဆိုဒ်မှ ကူးယူဖော်ပြသည်။)

0 comments: