Wednesday, December 19, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၂၃)

ဒေါက်တာရမ်းကု

ဆေးမှူးတွေအားလုံးရှေ့တန်းပါသွားပြီး နောက်တန်းမှာ အသဲအသန်ဖြစ်တာကလွဲလို့ တပ်ရင်းမှာရှိတဲ့ ပါရာစီတမော့၊ တက်ထရာဆိုက်ကလင်းနဲ့ တစ်ခြားငှက်ဖျားကာကွယ်ဆေးတွေလောက်နဲ့ ကိုယ့်ဟာကိုယ် စခန်းသွားနေတဲ့အချိန် ထိုင်းဘက်ကမ်းက ကရင်အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက် လှေနဲ့ ကူးလာပြီး သူတို့ရဲ့ညီတစ်ယောက် ဗိုက်အောင့်နေလို့ ဆရာဝန်ရှိလားဆိုပြီး လာရှာကြတယ်။ ကျနော်က လိုက်ကြည့်မယ်ဆိုပြီး လိုက်သွားတယ်။

လူမမာကအတော်အောင့်နေပုံရပေမယ့် သိပ်ပြီးဆိုးဆိုးရွားရွား ဖြစ်နေတဲ့ပုံမပေါ်ဘူး။ ကျနော်လည်း အဆင် သင့်ယူသွားတဲ့ တပ်ရင်းရဲ့ရှိသမျှဆေးထဲက ထုံးစံအတိုင်း သာမန်ဖျားနာရင်သောက်တဲ့ဆေးတွေဖြစ်တဲ့ ပါရာစီတမော့ ၂ လုံးနဲ့၊ တက်ထရာဆိုက်ကလင်း ၂ လုံးစီ သုံးခွက်စာ ၄ နာရီခြားတိုက်ခိုင်းထားပြီး (ဒါဘဲ ရှိတာကိုး) မနက်မှ အခြေအနေကို လာပြန်ပြောဖို့မှာခဲ့တယ်။ နောက်နေ့ကျတော့ အဲဒီကရင်ရွာသားတွေ လှေနဲ့လာပြီး သူတို့လူမမာက ချက်ခြင်းကောက်ရသလို နေ ကောင်းသွားပြီဆိုပြီး ငှက်ပြောသီးတစ်ခိုင်နဲ့၊ အိမ်ကြက်မနှစ်ကောင်ကို လာပြီးကန်တော့သွားတယ်။ သူတို့ ပြန်သွားတော့ တယ်ဟုတ်တဲ့ငါပါလားဆိုပြီး ဘ၀င်တောင်မြင့်သွားသေးတယ်။ နောက်ပိုင်း ဗဟိုကလူကြီး တစ်ယောက်ဆီမှာ ပိုက်ဆံလေးနဲနဲတောင်းပြီး ကြက်ဖကြီးတစ်ကောင်ထပ်ဝယ်လိုက်တော့ ကျနော်တို့ ကြက်တွေများလာတယ်။

အကောင်လေးဆယ်ဝန်းကျင်လောက် မရောက်မခြင်း ရဲဘော်တွေရဲ့အငြူစူခံပြီး မွေးလိုက်တော့ ကြက်အ ကောင် ၆၀ ကျော်လောက်မှာ တပ်ရင်းကြက်ခြံဆောက်ပြီး မွေးမြူရေးလုပ်လိုက်တာ။ ဒါးဂွင် ရန်သူ့လက် မကျခင်အထိ ကျနော်တို့တပ်ရင်းမှာ ကြက်အကောင် ၁၅၀ ကျော် ၂၀၀ လောက်ထိဖြစ်လာတယ်။ အဲ … ကျနော်တို့ စိုက်ခဲ့တဲ့ ထောပတ်ခရမ်းပင် ၉၀ လောက်ဟာ ကျနော်တို့ တပ်ရင်းတွင်မကဘူး ဗဟိုဌာနချုပ်နဲ့၊ အနီးဝန်းကျင်ကတပ်ရင်းတွေကိုပါ ဝေစားနှိုင်လောက်တဲ့အထိ ကျနော်တို့ ချမ်းသာခဲ့တယ်။


ဇူးလူး

ကျနော်က တပ်ရင်းမှာပဲတာဝန်ရှိတယ်ဆိုပေမယ့် နောက်ပိုင်းကာလတွေမှာ စစ်ရုံးချုပ်ကိုလည်း လိုအပ်တဲ့ ရေး-ထောက် ကိစ္စတွေနဲ့ ၀င်တွဲရတာတွေရှိတယ်။ စစ်ဦးစီးချုပ်ပြန်ဖြစ်လာတဲ့ ကိုထွန်းဦး (ဇူးလူး) နဲ့ အတော်လေး တရင်းတနှီးဖြစ်လာတယ်။ ကိုထွန်းဦးက စက်မှုတက္ကသိုလ်ကျောင်းသား။ အသားမဲမဲ အရပ် ပုပု ပိန်ပိန်သေးသေးလေး။ ABSDF ရဲ့ ဗိုလ်ချုပ်တွေထဲမှာ သူအသေးဆုံး။ တခါတလေ ကျနော်တို့စဉ်းစား တာက လူကောင်သေးတော့ တော်ရုံ သေနတ်မှန်မှာမဟုတ်ဘူးပေါ့။ အဲ သူက မြေပုံတွေနဲ့ တွက်ချက်လုပ်ရ တဲ့ အလုပ်တွေကို နားလည်တယ်။ တစ်ခါ ရှေ့တန်းတစ်နေရာမှာ သူက ၈၁ မမ မော်တာ နဲ့ ရန်သူရှိတဲ့ ကုန်းကို လှမ်းပစ်တဲ့တပ်ကိုကွပ်ကဲတော့ မော်တာနဲ့ ရန်သူထိုင်ထားတဲ့ တောင်ကုန်းကိုလှမ်းပစ်ရတယ်။ ရန်သူ့စခန်းနဲ့ သူရှိနေတဲ့တောင်ကုန်းရဲ့ကြား တောင်စွယ်တစ်ခုမှာ သူ့ကို အိုပီ Observation Post ပေးတဲ့သူ  KNU ရဲဘော်က သူ့ကိုကူညီတယ်။

အိုပီသမားရဲ့အလုပ်က လှမ်းမြင်နှိုင်လောက်တဲ့နေရာ၊ တောင်ကုန်း တစ်ခုကနေ ရန်သူ့ဆီကိုပစ်လိုက်တဲ့ ကိုယ့်ရဲ့လက်နက်ကြီး ထိရောက်မှုရှိမရှိ သတင်းပို့ရတာပေါ့။ အိုပီ သမားကို ဝေါ်ကီတော်ကီ (စကားပြော စက်နဲ့) သူလှမ်းမေးပြီး ပထမတစ်လုံးပစ်တယ်။ စက်ထဲက အိုပီပေးတဲ့ရဲဘော်က နဲနေတယ်ပြောတယ်။ ထပ်ပစ်တယ်။ ဂျိန်းကနဲကျသွားအပြီး ကရင်ရဲဘော်ဆီကအသံ သူ့စက်ထဲမှာထွက်လာတယ်။ “ယောက်ဖ ကောင်းတယ်။ သူတို့ကိုနဲနဲကျော်သွားတယ်။ ပြန်ချိန်ပြီးပစ်” တဲ့။ ကိုထွန်းဦးက စဉ်းစားပြီး ပြန်တွက်တယ်။ အသေအချာပြန်ချိန်ပြီး လှမ်းပစ်တယ်။ အလယ်က အိုပီပေးတဲ့ လူရဲ့အသံပျောက်သွားတယ်။ ကိုထွန်းဦးက စက်ထဲကနေ “ယောက်ဖ ကြားရလား၊ ကြားရလား)” ခေါ်တယ်။ အတော်နေမှ ဟိုဘက်ကအသံ ထွက်လာတယ်။ “ကြားတယ်ကြားတယ်” ဘယ်လိုလဲ အသေအချာ ကျပြီးထိရဲ့လားလို့ ကိုထွန်းဦးမေးတော့ ဟိုအိုပီသမားဆီက “ကျတယ်၊ တည့်တည့်ကိုကျတယ်၊ ငါ သေချာအောင် အပြင်ထွက်ကြည့်နေတာ။ အခုငါ့ တဲမရှိတော့ဘူး။” တဲ့။ သူက လက်နက်ကြီး ပစ်လိုက်တဲ့ ကျည်ဆံ ရန်သူ့ဆီကို ဒီတစ်ခါတော့ကျပြီဆိုပြီး သူအိုပီပေးနေတဲ့တဲထဲကနေ စက်ကလေးကိုပါယူပြီး ထွက်အကြည့် သူ့တဲပေါ် တဲ့တဲ့ကျတာလေ။ ကိုထွန်းဦးနဲ့ဆုံလို့ တစ်ခါတစ်လေ ကျနော်က.. ကိုထွန်းဦးက လက်နက်ကြီး အရမ်းလက်တည့်တယ်လို့ နာမည်ကြီးတာပဲလို့ စကားစလိုက်ရင်။ ဟေ့လူတော်တော့။ အဲဒါဟိုလူတွေ ကျနော့ကိုနာမည်ဖျက်နေ တာလို့ ပြောလေ့ရှိတယ်။

ကိုထွန်းဦးက မာနယ်ပလောအသွား သောင်ရင်းမြစ်ထဲမှာ စက်လှေမှောက်ပြီး ရေနစ်လို့ဆုံးခဲ့တယ်။ သူ ရေမကူးတတ်ဘူး။ နောက်ပြီးတော့ သူကအမြဲတမ်း ယူနီဖောင်းဝတ်တဲ့အခါ စမတ်ကျကျဝတ်တတ်ပြီး စစ်ဖိနပ်ကိုပါ ကြိုးစပျောက်အောင် စနစ်တကျစီးထားတတ်တာလေ။


တူ့အလိုလိုတွားတော့မလို့

အစောပိုင်းက ထမင်းထုတ်တောင်ကို လက်နက်ကြီးလုံခြုံရေးတက်ရတာ တစ်ခါရှိတယ်။ ထုံးစံအတိုင်း ဗဟို အထူးတပ်ပေါင်းစုပေါ့။ ကျနော်တို့ ၇၅ မမ အမြောက်ကြီးကို လုံခြုံရေးယူပေးရတာပေါ့။ အပေါ်ရောက်တော့ ကျနော်တို့က ကတုတ်ကျင်းတူးပြီး နေရာယူကြတယ်။ ကရင်ရဲဘော်တွေက အဲဒီ ၇၅ မမ အမြောက်ကို ဆင်နေကြတာပေါ့။ ညနေပိုင်းထမင်းစားအပြီး ဆေးပေါ့လိပ်လေးကိုယ်စီခဲပြီးငြိမ့်နေတုန်း ဂျိန်းကနဲ အသံကြီးထွက်လာတယ်။ တောင်ကုန်းတစ်ခုလုံးလဲ သိမ့်ကနဲဖြစ်သွားတယ်။ ကျနော်တို့လည်း ရုတ်တရက် ဆိုတော့ ဒိုက်ထိုးတဲ့သူထိုး၊ ဂျွမ်းပြန်တဲ့သူပြန် ဖြစ်ကုန်တယ်။ ခေါင်းလေးတွေပုပြီး အခြေအနေကို အသင့် အနေအထားနဲ့ စောင့်ကြည့်နေတဲ့အချိန်… ကိုယ့်အထဲက တစ်ယောက်က မောင်ကျော်တွေ (ကရင်ရဲဘော်) ကလည်း သောက်ရမ်းပဲ... စမ်းပစ်မယ်ဆိုလဲ ကြိုပြောတာမဟုတ်ဘူးတဲ့။ သြော် လက်စသတ်တော့ ကိုယ့် ဆီက အမြောက်က ဟိုဖက်ကိုလှမ်းထုတာကိုး။

ဗဟိုရဲဘော်တွေဖြစ်တဲ့ ရခိုင်လူမျိုး BZK ကိုအောင်သန်း၊ ကိုသန့်ဇင်တို့ ပွေးတွင်းတွေ့လို့ ပွေးသွားတူးကြ တယ်။ ပွေးအကြီးကြီးတစ်ကောင်ကိုချက်စားကြပြီး အဲဒီကျင်းထဲကရလာတဲ့ ပွေးပေါက်ကလေးတွေကို သူတို့ ကျင်းတစ်ခုတူးပြီး သူတို့တဲနားမှာထားတယ်။ ပွေးသေးသေးလေးတွေက အရမ်းချစ်စရာကောင်း တယ်။ အဲဒီတော့ သူတို့လည်း ပွေးလေးတွေကို သွားသွားကြည့်ကြတာပေါ့။ နေ့ခင်းဘက် ကြည့်ရုံတွင် မကဘူး ညဘက်တောင် အချိန်ရရင် ဖယောင်းတိုင်ထွန်းပြီး ကြည့်ကြတယ်။ အဲဒီနေ့က ညှော်နံ့ရပါတယ်ဆို ပြီး ဘယ်ကလာတာပါလိမ့်ပေါ့။ ညကင်းစောင့်ရင်း လိုက်ရှာနေတဲ့အချိန် သူတို့တဲက မီးခိုးတွေစထွက်လာ တယ်။ နောက် မီးညွန့်တွေထွက်လာတယ်။ ဖြစ်ချင်တော့ ကျောင်းသားတပ်မတော် စစ်ဆင်ရေးပိုင်းဆိုင်ရာ မှာ ရာထူးအကြီးဆုံး အတွင်းရေးမှူး (၂) နဲ့ စစ်ဦးစီးချုပ် ကိုထွန်းဦးတို့ လာပြီးအားပေးတဲ့အချိန်။ ကိုအောင် သန်းတို့ တဲထဲမှာ လက်နက်ကြီးကျည်တွေနဲ့ M-16 အမ် (၁၆) ကျည်ဘောက်တွေ ထားထားတယ်။ အဲဒီအ ချိန် အတွင်းရေးမှူး (၂) ပြေးတက်လာပြီး ကိုအောင်သန်းကို လှမ်းအော်မေးတယ်။ “ဟေ့။ ဘာဖြစ်တာလဲ” ဆိုတော့ ကိုအောင်သန်းက “ကျနော်တို့တဲ မီးလောင်နေတယ်” တဲ့။ အဲဒီတော့ အတွင်းရေးမှူး (၂) က အထဲမှာဘာတွေရှိလဲလို့ထပ်မေးတော့ ကိုအောင်သန်းက အသီး၊ အသီးတွေတဲ့။ အတွင်းရေးမှူး (၂) လဲ “အသီး၊ နင့်ဖေကလွှား” ဆိုပြီး လျှောက်မြောင်းထဲ ဒိုင်ဗင်ထိုးဆင်းသွားတာတွေ့လိုက်ရတယ်။

တော်သေးတာပေါ့ ကျနော်က သူရဲကောင်းလုပ်ပြီး ကိုထွန်းဦးတို့တဲထဲမှာကျန်ခဲ့တဲ့ ပစ္စတိုတွေ၊ အရေးကြီး စာရွက်စာတမ်းတွေ တက်ဆွဲတာ နောက်ဆုံးအခေါက် M16 သေနတ်ကျည်တစ်ချို့လောက်ပဲ တဘုတ်ဘုတ် နဲ့ ခေါင်းပေါ်က တရွမ့်ရွမ့်ဖြတ်ပြီး ကျော်ကျလို့။ လက်ထဲပါလာတာ အကုန်လုံး ပုန်းကျင်းနားအထိ ရောက်အောင် ပစ်ထုတ်ပြီး အမြန်ဒိုက်ဗင်ထိုးဝင်လိုက်ရတယ်။ တဲတွေအားလုံးက ယာယီတဲတွေလေ။ အပေါ်ရောက်မှ အရေးပေါ် ကောက်ထိုးထားတာဆိုတော့ အမိုးအကာတွေက အလွယ်တကူမီးလောင်နှိုင်တဲ့ ကောက်ရိုးခြောက်နဲ့တူတဲ့ ဟာတွေ။ ကိုအောင်သန်းတို့ ညဖက် ဖယောင်းတိုင်နဲ့ ချစ်စရာပွေးပေါက်စ ကလေးတွေ လှန်ကြည့်နေတုန်း အဲဒီကျင်းပေါ်အုပ်ထားတဲ့ သစ်ရွက်ခြောက်တွေကနေစပြီး သူတို့တဲပါ မီးလောင်တာ။ လက်နက်ကြီးကျည်တွေကတော့ တစ်လုံးမှထမပေါက်ဘူး။ တော်သေးတာပေါ့ တူ့အလိုလို တေတွားကြတော့မလို့။

ကြားဖူးတယ်မဟုတ်လား။ ငယ်ငယ်ကဖတ်ဖူးတဲ့ သမိန်ပေါသွပ်ကာတွန်းတစ်ခုထဲမှာ သမိန်ပေါသွပ်က သူငယ်ငယ်တုန်းက လောက်စာလုံးပစ်ကစားတော့ အနိုင်ကျင့်ထားတဲ့ကောင်ကို ပြန်ချမယ်ဆိုပြီး၊ တောင် ပေါ်တက် သိုင်းကျင့်တယ်။ နှစ်တွေအများကြီးကြာပြီး သူပညာစုံသွားတော့ မုတ်ဆိတ်မွှေးပါးသိုင်းမွှေးရှည် တွေနဲ့ တောင်မွှေးတစ်ချောင်းကိုင်ပြီး ရွာထိပ်ကနေ “ဟေ့ကောင်… တုတ်ကြီး (နာမည်ကိုအတိအကျ မမှတ် မိပါ) ထွက်ခဲ့ … မင်း.. ငယ်ငယ်က ငါ့လောက်စာလုံးတွေလုသွားတာမှတ်မိသေးလား။ ငါအခုမင်းနဲ့ချဖို့ ပြန်လာပြီ။ ထွက်ခဲ့စမ်း” ပေါ့။ ရွာထိပ်မှာထိုင်ကစားနေတဲ့ ကလေးတစ်ယောက်က “ဘဂျီးကလည်း လာပြီး နောက်နေဂျန်ပြီ” ဆိုတော့၊ သမိန်ပေါသွပ်က ချာတိတ်ကို သူတကယ်ပဲဟိုကောင်ကိုပြန်ချဖို့ ပညာစုံအောင် လေ့ကျင့်ပြီး ပြန်ချဘို့ လာပြီးစိန်ခေါ်တယ်ဆိုတာကို ရှင်းပြတယ်။ ကလေးက “ဘဂျီးကလည်းဂျာ…. ဦး တုတ်ကြီးက တူ့အလိုလိုတေတွားဘီဂျ” တဲ့။

ကျနော်တို့တောခိုကြတော့ လက်နက်ကိုင်တော်လှန်ရေးဆိုတာ လွယ်လွယ်ပဲစဉ်းစားပြီး အင်း… ခြောက်လ တစ်နှစ်ဆိုရင် တော်လှန်ရေးကြီးအောင်ပြီး အိမ်ကိုရင်ကော့ပြန်မယ်ပေါ့။ စိတ်ကူးယဉ်ခဲ့ကြတယ်။ တကယ် တမ်းကျတော့ တစ်နှစ်လည်းမပြီး၊ ခြောက်နှစ်လည်းမပြီး အိမ်လည်းပြန်မရောက် အကြာကြီးကြာလာ ကြတော့ ကျနော်တို့တစ်ခါတစ်လေ တက်တက်ကြွကြွလုပ်နေကြတဲ့ ရဲဘော်တွေကိုတွေ့ရင် “သိပ်လုပ်မနေ ပါနဲ့ကွာ။ ဗိုလ်ချုပ်သန်းရွှေက တူ့အလိုလိုတေတွား မှာပါ” လို့ လှမ်းနောက်ကြလေ့ရှိတယ်။ အဲ… တစ်ချို့ခေါင်းဆောင်တွေရဲ့ မျက်နှာတည်တည်ကြီးတွေနဲ့ လှမ်းကြည့်ကြတာတော့ ခံရတာပေါ့။

0 comments: