Tuesday, December 4, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ - အပိုင်း (၁၅)

ကျောင်းထိုင်သစ်နဲ့ နေ၀န်းနီနီ

ဗိုလ်ချုပ်နေ၀င်းအာဏာသိမ်းပြီးကတည်းက ထောင်တွေ၊ တစ်ကျွန်းတွေရောက်သွားကြတဲ့ နရသိန်အကျဉ်း စံတို့ရဲ့ တော်လှန်ရေးသီချင်းတွေကို ဗဟိုမှာအသံသွင်းတော့ ကျနော့ကို သီချင်းဆိုဘို့ ရွေးချယ်ခဲ့ကြတယ်။ အဲဒါကြောင့်လည်း ကျနော့တပ်ရင်းက ရဲဘော်တွေရှေ့တန်းထွက်တဲ့စစ်ကြောင်းနဲ့ ကျနော် လိုက်မသွားရ ဘူး။ တော်လှန်ရေးအဆိုတော် လုပ်ရပြန်တယ်။ ကျနော်တစ်ယောက်ထဲမဟုတ်ဘူး တခြားတပ်ရင်းတွေက ဗဟိုမှာတာဝန်ထမ်းဆောင်နေကြတဲ့ မမင်းမင်းထွေးငယ်နဲ့၊ မစမ်းစမ်းမြင့်တို့လည်းပါတယ်။ သူတို့လည်း ကျနော့လိုဘဲ အရေးပေါ်အဆိုတော်တွေပေါ့။ ဗုံတွေဆိုင်းတွေက စိန်ဝင်းမြိုင်တော်လှန်ရေးဇတ်အဖွဲ့က ပံ့ပိုးတယ်။ မြန်မာသီချင်းသံစဉ်တွေပေါ့။ အသံသွင်းတဲ့ စတူဒီယိုသာပြောတာ ဘားတိုက်ထဲမှာ တိုင်တွေကို စောင်တွေပတ်ပြီး ပြန်ကြားရေးဌာနအလှူခံရထားတဲ့ Four track recorder နဲ့ပေါ့။ အရင်ဆုံး သီချင်းတွေ တိုက်။ နောက် အဆိုအတီးကျလာတော့ အသံသွင်းကြရတယ်။ တစ်ပြိုင်တည်းတခါတည်း အသံသွင်းရ တာဆိုတော့။ အတီးမှားရင်ရပ် အစကပြန်ဆို။ အဆိုမှားရင်ရပ် အစကပြန်ဆို။ အဲ… သီချင်းဆိုနေတုန်း။ အောက်က သောင်ရင်းမြစ်ထဲမှာလှေဖြတ်သွားရင် ရပ်ပြီး၊ အစကပြန်ဆိုရပြန်တယ်။ စတူဒီယိုက အသံမလုံ လို့။


တစ်နေ့ ကျနော်နဲ့အတူတွဲပြီးသီချင်းဆိုရတဲ့ ရဲမေနှစ်ယောက်ထဲက မစမ်းစမ်းမြင့်ဆိုရင် အသံပါမထွက် တော့လို့ အဲဒီနေ့အသံသွင်းတာရပ်လိုက်ရတယ်။ ဒါရိုက်တာက ဗဟိုဦးဆောင်ကော်မတီဝင် ကိုခင်မောင် ၀င်း။ သူက တခြားလူတွေအကြံပေးထားတဲ့အတိုင်း သီချင်းသွင်းမယ့်နေ့တွေမှာ အုန်းပွဲငှက်ပျောပွဲလုပ်ပြီး လမိုင်းတင်ထားတယ်။ မှတ်မိသလောက်ဆိုရင် အုန်းသီးပေါ်မှာ ဖယောင်းတိုင်ထွန်း။ ပွဲဘေးမှာ ဆန်နဲနဲနဲ့ ထိုင်းဘတ်ငွေ ၂၀ လည်းထည့်ထားတယ်။ တစ်ရက် ကျနော်တို့ ညနေပိုင်း နောက်အဆိုတော်တစ်ယောက် ဖြစ်တဲ့ မမင်းမင်းထွေးငယ်သီချင်းအလှည့်မှာ ဘယ်လိုမှ သီချင်းကအသံသွင်းလို့မရဖြစ်နေတယ်။ နောက်ဆုံး အားလုံးအဆင်ပြေနေတော့ မီးစက်ရပ်သွားတယ်။ ခဏနေတော့ ကိုခင်မောင်ဝင်း ဒေါသသံကြီး ထွက်လာတယ်။ “ဟိုကောင် ဆန်းလင်းလက်ချက်ပဲ။ ခုနလေးတင်တွေ့နေတာ”။ ပွဲတင်ထားတဲ့ ငွေ ၂၀ ကို တပ်ရင်း (၂၁၀) တပ်ရင်းမှူးကိုဆန်းလင်းမသွားပြီး မာနယ်ပလောက လ္ဘက်သုတ်ဆိုင်လစ်သွားတာ။ ယုံချင် ယုံမယုံချင်နေ အဲဒီနေ့က မမင်းမင်းထွေးငယ်တစ်ယောက် ကျနော့ကိုစကားလာပြောတာတောင် အသံက မပျောက်ရုံတမယ်ဘဲကျန်တော့တယ်။

သီချင်းခွေထွက်တော့ “ဘ၀တက္ကသိုလ်မှ.. နေ၀န်းနီနီ” ဆိုတဲ့ခေါင်းစဉ်နဲ့ နေရာဒေသအနှံ့ဖြန့်တယ်။ နောက်ပိုင်းပြန်ကြားရတာ ရှေ့တန်းရန်သူ့လက်အောက်ခံရွာတစ်ရွာက ဘုန်းကြီးပျံတစ်ခုမှာ လော်စပီကာ Loud speaker နဲ့ဖွင့်နေတုန်း ပထမတော့ နားထောင်ကောင်းနေမှာပေါ့။ နောက်တဖြည်းဖြည်းနဲ့ “သပိတ် သပိတ်မှောက်မှောက်” “မီးတုတ်မီးတုတ်ရှို့ရှို့” တို့ပါလာတော့ စစ်တပ်ကလိုက်ဖမ်းလို့ ရွာဦးကျောင်းဆရာ တော်သစ်လည်း ထွက်ပြေးနေရတယ်တဲ့။ ၀မ်းသာရမှာလိုလို၊ ၀မ်းနည်းရမှာလိုလို။


ဒိုက်ထိုးကြရသူများ

လူထုကို အကာအကွယ်ပေးရမယ့်မြန်မာ့တပ်မတော်က သစ္စာဖောက်ပြီး လမ်းပေါ်မှာတွေ့သမျှလူပစ်ခတ်နှိမ် နင်းပြီး အာဏာသိမ်းလိုက်လို့ ကျောင်းသားတွေက လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ထွက်လာကြတာ။ ကျနော်တို့အထဲမှာ အစောပိုင်းက စစ်နဲ့ပါတ်သက်ပြီးလုံးလုံးမသိနားမလည်တဲ့ ခေါင်းဆောင်တွေ ရဲဘော် တွေ တောထဲကိုရောက်လာကြတာ။ အရင်ရောက်နေနှင့်တဲ့ ရဲဘော်တွေထဲက ရဲဘော်တစ်ယောက်ဆီက ကြားတာ ပြောဦးမယ်။ တောထဲကို ကျောင်းသားတွေအစုလိုက်အပြုံလိုက်ရောက်လာ၊ ခေါင်းဆောင်တွေ ရွေး၊ တပ်ပုံစံတည်ဆောက်ကြတော့ အသစ်ကျပ်ချွတ်တပ်ရင်းတစ်ခုမှာ တပ်မှူးလုပ်တဲ့သူတာဝန်မှူးက မနက်ပိုင်းတန်းစီတဲ့ရဲဘော်တွေကို အမိန့်ပေးတယ်။ “ကဲကဲ ရှေ့ကြည့်ဗျာ” “သတိဗျာ” ဆိုတော့ တန်းစီနေ တဲ့အထဲက အသံတစ်ခုထွက်လာတယ် “ဟုတ်ကဲ့ဗျာ” တဲ့။ အဲဒီတော့ တာဝန်မှူးက “မနောက်နဲ့ဗျာ” တဲ့။ အဲဒီလို။

ဗဟိုကိုရောက်လာတဲ့ရဲဘော်တွေက ဒေသပေါင်းစုံက၊ သူ့ဒေသအလိုက် တပ်ရင်းတွေစဖွဲ့တော့ စစ်ရေး ပြပုံစံတွေက တစ်မျိုးစီ။ မွန်ပြည်သစ်ပါတီဘက်ရောက်တဲ့သူတွေက မွန်တွေရဲ့စစ်ရေးပြစတိုင်ကို မွန် လေ့ကျင့်ရေးက ပေးလိုက်တယ်။ ကရင်ဘက်ရောက်တဲ့တပ်တစ်ချို့က ကရင်အမျိုးသားအစည်းအရုံး KNU ကနေ စစ်ရေးပြသင်တန်းတက်လာကြတော့။ ဘယ်လှည့်၊ ညာလှည့်၊ နောက်လှည့်တို့ကို စွေ့ကနဲ ခုန်ခုန် လှည့်သွားကြတာ။ ကျနော်တို့က တောခိုလာတဲ့တပ်မတော်သားဟောင်းတွေက သင်ပေးထားကြတော့ ဗမာ့တပ်မတော်ရဲ့စစ်ရေးပြပုံစံနဲ့တူတယ်။ ဗဟိုမှာက နေ့တိုင်း ပဲဟင်း၊ ဒါမှမဟုတ် အသီးအရွက်ဟင်းတွေ ချည့်စားကြရတယ်။ တခါတလေလဲ တပတ်တခါလောက်တော့ အသားဟင်းစားရတယ်။ ကရင့်တော်လှန် ရေးနေ့တို့၊ ဗိုလ်ချုပ်မြမွေးနေ့တို့ရောက်တဲ့အခါ ကျောင်းသားတပ်မတော်သားတို့ KNU ဗဟိုမှာ အင်အား သွားပြရင်း အစားအသောက်ကောင်းစားရလေ့ရှိတယ်

တစ်ရက်တော့ ကျနော်တို့ဗဟိုက မာနယ်ပလောကွင်းထဲမှာ ရဲဘော်တွေယူနီဖောင်းအပြည့်နဲ့ စစ်ကြောင်း ပုံစံပြည့်တန်းစီပြီးနေရာယူရမယ်ဆိုတော့ အားလုံး ကိုယ့်စိတ်ကူးနဲ့ကိုယ် ယူနီဖောင်းအသစ်လေးတွေနဲ့ ‘သ’ နေကြတာပေါ့။ ကွင်းထဲရောက်တော့ ဖောင်းကြိုး၊ ခရာ အပြည့်အစုံဝတ်ထားတဲ့ ဗဟိုဌာနချုပ်က စမတ်ကျ တဲ့ အကိုကြီးတစ်ယောက်က တန်းစီပြီးနေရာယူခိုင်းတယ်။ အားလုံးနေရာယူအပြီး “ရှေ့ကြည့်” “တပ်ဖွဲ့ သတိ” “ညာညှိ” “သက်သာ” “အေးစေ” ဆိုတဲ့ အမိန့် တွေအထိ အေးအေးဆေးဆေးဘဲ။ နောက်.. သူက ဘယ်လှည့်၊ ညာလှည့်၊ နောက်လှည့် အမိန့်တွေပေး တော့ သင်တန်းပေါင်းစုံကလာတဲ့ရဲဘော်တွေ တစ်ယောက်တစ်မျိုးစီဖြစ်ကုန်ပါလေရော။ ခုနကပြောသလို စွေ့ကနဲခုန်လှည့်တဲ့သူနဲ့။ တစ်နှစ်သုံးအမှတ် စဉ်ရေပြီး လှည့်ကြတဲ့သူတွေနဲ့ တကယ့်ကို ကို့ရို့ကားယားတွေ ဖြစ်ကုန်တယ်။ သူစိတ်ဆိုးပြီး မင်းတို့ဘယ်လိုလုပ်နေတာလဲဘာညာနဲ့ ဆူပါလေရော။ ကျနော်တို့လဲ အူကြောင်ကြောင်။ ထပ်လုပ်ခိုင်း တော့လည်း မညီမညာဆိုတော့ အကုန်လုံးကွင်းထဲမှာဒိုက်ထိုးရမယ်လို့ အမိန့်ပေးတော့ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး မထူးတော့ပါဘူးဆိုပြီး ဒိုက်ထိုးလိုက်ကြရတယ်။

နောက်တစ်နေ့မနက် ဗဟိုဌာနချုပ်မှာတန်းစီကြတဲ့အခါ ဒီကိစ္စကို ရဲဘော်တစ်ယောက်က မကြေမနပ်ပြော တာကစပြီး ရဲဘော်အတော်များများဝင်ဆွေးနွေးကြတယ်။ ဟုတ်တယ် အရင်ကတည်းက ဇတ်တိုက်ထား တာမဟုတ်ဘဲ မဟာမိတ်တွေကြားထဲမှာ မဖြစ်ရကောင်းလားဆိုပြီးအပြစ်ပေးတာ အဖွဲ့အစည်းကို ထိခိုက် တယ်၊ ဘာညာပေါ့။ မနက်ကမှရောက်လာတဲ့ ဗဟိုကော်မတီတစ်ယောက်ကလည်း ဖြစ်စဉ်ကို မသိဘဲ ၀င်ရှင်းတော့ပိုရှုပ်ကုန်တယ်။ အဲဒီအချိန် ကျနော်တို့ထက် ၆ နှစ် ၇ နှစ်ကြီးတဲ့ ရဲဘော်ကြီးတစ်ယောက်က သူလည်း ပြောစရာရှိတယ်လို့ လက်ထောင်လာတယ်။ အဲဒါနဲ့ တာဝန်မှူးကိုထွန်းထွန်းအောင်ကလည်း ပြောစရာရှိရင် မြန်မြန်ပြောပေါ့။ အဲဒါနဲ့ အဲဒီရဲဘော်ကြီးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်အ၀ရှိနေတဲ့ ပုံစံနဲ့ သူ့ဘောင်းဘီထဲက စာရွက်ရှည်ကြီးတစ်ရွက်ကို နှိုက်လိုက်တယ်။ နောက်တော့ သူစဖတ်တယ်။

“ကျနော်တို့ကို ကြိုတင်လေ့ကျင့်မှုလုပ်မထားဘဲ မဟာမိတ်နဲ့ အခြားဧည့်သည်တွေရှေ့မှာ ဒီလိုအပစ်ပေးတာ ဟာ အဖွဲ့အစည်းကိုထိခိုက်စေတာဖြစ်တယ်။ ဒါ့ကြောင့် ရဲဘော်…….. မှာအပြစ်ရှိတယ်”

“တပ်ရင်းအရာရှိတွေပါ စစ်ကြောင်းထဲမှာပါတဲ့အတွက် အဖွဲ့ဂုဏ်သိက္ခာကျဆင်းစေတယ်။ အဲဒါကြောင့် ရဲဘော်……… မှာအပြစ်ရှိတယ်”

“............................................... ဒါ့ကြောင့် ရဲဘော်…… မှာ အပြစ်ရှိတယ်”

တန်းထဲက ရဲဘော်တွေ၊ ဗဟိုကော်မတီတွေ၊ ဌာနချုပ်ရုံးအဖွဲ့ဝင်တွေအားလုံးက စာရွက်ဖတ်ပြနေတဲ့ ရဲဘော် ကြီးကို မသက်မသာနဲ့ ကြည့်လိုက်တော့ သူက ခပ်တည်တည်နဲ့ဆက်ဖတ်နေတယ်။ စာရွက်ကလည်း သူ့ခါး ပတ်နားလောက်အထိရှေတော့ ဘယ်လောက်တောင် ဆက်ပြောဦးမလဲပေါ့။

“................... လုပ်ခဲ့တော့ ………… ထိခိုက်စေတယ်။ ဒါ့ကြောင့် ရဲဘော်…………..မှာ အပြစ်ရှိတယ်”

အဲဒီအချိန် တန်းစီနေတဲ့ရဲဘော်တွေရဲ့နောက်ဖက်က အသံသေးအသံကြောင်တစ်ခုက အခြေအနေအားလုံး ကို ပြောင်းပစ်လိုက်တယ်။ အားလုံးဝါးကနဲပွဲကျသွားပြီး ဗဟိုကလူကြီးတစ်ယောက်က ပြေရာပြေကြောင်း ၀င်ပြောပြီး လုပ်စရာရှိတာတွေဆက်လုပ်ကြတာပေါ့

ထွက်လာတဲ့အသံက “သတ်ပစ်” တဲ့။
ရဲဘော်မြတ်

0 comments: