Wednesday, November 28, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ - အပိုင်း (၁၀)

တွေးမိတွေးရာ

ကျနော်ငယ်ငယ်က ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေစာထဲမှာသင်ရတော့ ဗိုလ်ချုပ်ကို သူရဲကောင်းကြီး တစ်ဦးအနေနဲ့ရော၊ သူ့ရဲ့ရှင်းလင်းပြတ်သားတဲ့မိန့်ခွန်းအပိုင်းအစတွေကိုကြားဖူးထားတော့ လူနားလည် အောင် ပြောတတ်သူအဖြစ်အနေနဲ့ပါ အတော်လေးသဘောကျတယ်။ တခြားသူရဲကောင်းတွေအများကြီးရဲ့ အကြောင်းတွေကိုလည်း ကျောင်းမှာသင်ရတယ်။ ကျနော်က နောက်ပိုင်း မွန်-မြန်မာနှစ်လေးဆယ်စစ် အတွင်းက တိုက်ပွဲထဲကပေါ်လာတဲ့ မွန်သူရဲကောင်းကြီးလဂွန်းအိမ်ကို အရမ်းကြိုက်သွားတယ်။ သူ့ရဲ့ ရဲရင့်မှု၊ ပြည့်ဝမှု၊ ရိုးသားမှု၊ သစ္စာတရားကြီးမားမှုနဲ့ ကျေးဇူးတရားအလေးထားမှုပုံရိပ်တွေက ကျနော့ အတွက် လမ်းညွှန်ဖြစ်ခဲ့တယ်။ ဟိုတုန်းက လမ်းပေါ်မှာသူများရိုက်သွားလို့ ခေါင်းမှာသွေးတွေထွက်ပြီး လဲနေတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့တော့ ဒူးတွေညွှတ်၊ ခေါင်းတွေမူးလာပြီး အနားကတိုင်တစ်တိုင် ကို အပြေးကိုင်ပြီးရပ်ရတဲ့ ကျနော့သတ္တိက သူ့ခြေမှုန်တစ်မှုံလောက်တောင်ရှိတာမဟုတ်ဘူး။ ကျနော်က ရန်ဖြစ်ခဲတယ်။ ဒါပေမယ့် ကိုယ်မှန်တယ်ထင်ရင်တော့ရမ်းတတ်တာလောက်တော့ရှိတယ်။ ဒါတွေက ကျနော်ငယ်ငယ်က တစ်ခါမှအိပ်မက်မမက်ခဲ့ဖူးတဲ့ လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်သွားအောင် ပို့ပေး ခဲ့တာများလား။

ကျနော်တို့ငယ်ငယ်က ကျောင်းမှာသင်ရတဲ့ တောကစားထွက်လာရင်း မျက်စေ့လည်လမ်းပျောက်နေတဲ့ မင်းသားလေးနဲ့ နောင်လာနောက်သားတွေစားဖို့ သရက်ပင်စိုက်နေတဲ့အဖိုးအိုဇတ်လမ်းကို သိပ်ကြိုက် တယ်။ နောက်မျိုးဆက်ကို ဒုက္ခပေးမယ့် အဆိပ်ပင်မျိုးကျတော့ လူ့တာဝန်အရ ရှင်းသင့်တယ်မဟုတ်လား။ ကိုယ့်မျိုးဆက်မှာရှင်းသွားနှိုင်ရင် နောင်မျိုးဆက်က ကိုယ်မရှင်းနှိုင်လို့ထားခဲ့တဲ့ အဆိပ်ပင်ကြောင့် မျိုးဆက် ပျက်စီးမယ့်အရေးမရောက်တဲ့အပြင် အဆိပ်ပင်ရှင်းရတဲ့အလုပ်ပိုမရှိတဲ့အတွက် ကျနော်တို့ထက်ပိုကောင်း တဲ့ လူနေမှုဘ၀ကို ပိုင်ဆိုင်နှိုင်ကြမယ်လေ။ လွပ်လပ်မှုမရှိတဲ့လူ့အသိုင်းအ၀ိုင်းအနေနဲ့ တိုးတက်ထွန်းကား မှု ဖြစ်လာဖို့၊ အမှီခိုကင်းဖို့မလွယ်ဘူး။ မြန်မာနိုင်ငံမှာ အောက်ခြေနင်းပြားလူတန်းစားကစပြီး ၀န်ကြီးချုပ် အထိ လုံခြုံစိတ်ချရမှုမရှိတဲ့စံနစ်ကို ကျနော်တို့အနာဂတ်အတွက် မထားခဲ့ချင်ဘူး။ အများကောင်းကျိုး အတွက် အောင်မြင်အောင်လုပ်နှိုင်တယ်၊ မလုပ်နှိုင်ဘူးဆိုတာကတော့ အင်အား၊ အရည်အချင်း၊ အခြေအ နေနဲ့ အချိန်အခါတွေအားလုံးအပေါ်မှာ မူတည်နေတာပါ။ အဆုံးအဖြတ်ဆိုတာက အချိန်အခါကျမှပေးတာ အကောင်းဆုံးမဟုတ်လား။ အချိန်အခါမရောက်ခင် ပြောဆိုနေတာတွေဟာ ‘အထင်’တွေဘဲ ဖြစ်လေ့ရှိ တယ်။


ကျနော်ငယ်ငယ်ကတည်းက တနင်္လာတို့ သေင်္ကြာနေ့တို့တိုင်း ဆံပင်ညှပ်တယ်။ အဲ.. အဲဒီနေ့တွေမှာ ဖွင့်တဲ့ ဆံပင်ညှပ်ဆိုင်ကိုတော့ ရှာရတာပေါ့။ ကျနော်တို့မြန်မာတွေက ကလေးတွေမေးခွန်းထုတ်ရင် မကြိုက် ကြဘူး။ အဲဒါဟာ လူတစ်ယောက် တိုးတက်ဖို့အတွက် အတားအဆီးဖြစ်နေတယ်လို့ ကျနော်ထင်တယ်။  ကျနော်ကတော့ ကျနော်သိချင်တာတွေကို မေးလို့မရတဲ့လူနဲ့တွေ့ရင် နောက်တစ်ခါ မေးလို့ရမယ့်သူနဲ့တွေ့ဖို့ အခွင့်အရေးကိုစောင့်တယ်။ အခွင့်အရေးရတာနဲ့ ကိုယ်သိချင်တာကို မေးတော့တာဘဲ။ အဲ… ဘယ်ရောက် သွားပြီလဲ.. ဟုတ်ပြီ… ဆံပင်ညှပ်တဲ့ကိစ္စ။ ကျနော့ကို မိဘဆွေမျိုးတွေအပါအ၀င် လူကြီးအတော် များများက တနင်္လာနဲ့ သောင်္ကြာ ဆံပင်မညှပ်ဖို့ တားကြတယ်။ ကျနော်က မရဘူး… သိပ်စူးစမ်းတယ်။ ကျနော် ဆယ့်သုံးလေးနှစ်သားလောက် အဖိုးအဖွားတွေတိုက်တွန်းတာနဲ့ မဟာစည်မှာ တရားသွားထိုင်ဖြစ် တယ်။ ဘယ်ရမလဲ အဲဒီ ဆံပင်ညှပ်ရင်ရှောင်ရတဲ့နေ့တွေကိစ္စကို ဆံပင်မရှိတဲ့သူကို သွားမေးတော့တာပေါ့။ ကျနော်တို့မြို့က မဟာစည်သာသနာ့ရိပ်သာက ဘုန်းဘုန်းတစ်ပါးကိုမေးကြည့်တာပါ။ သူက နှံ့စပ်တယ် လေ။ သူရှင်းပြတာက မြတ်စွာဘုရားက သိဒ္ဓတ္ထဗုဒ္ဓဆိုတော့သောင်္ကြာနေ့သားတဲ့။ သူက လူ့ဘ၀ကိုငြီးငွေ့ပြီး တရားထူးရှာဖို့ ‘ဆံ’ပယ်တာက တနင်္လာနေ့တဲ့။ အဲဒီတော့ ရှေးလူတွေက သောင်္ကြာသားတွေဟာ ဘုရားကိုတုပြီး တနင်္လာနေ့မှာဆံပယ်တာမလုပ်ဖို့ တားခဲ့တာဆိုဘဲ။ အဲဒါက ကျနော်အရင်က တစ်ခြားလူ တွေပြောခဲ့တားခဲ့တဲ့ တားမြစ်ချက်တွေထက် သဘာဝကျတယ်ထင်တယ်။ ယုတ္တိယုတြာလည်းပိုရှိတယ်။ အဲဒီတော့ သောင်္ကြာသားမဟုတ်တဲ့လူတွေနဲ့ ဒီပညတ်ချက်က မဆိုင်ဘူးပေါ့။ အဲဒါကိုဘဲ အခုအချိန်အထိ တစ်သက်လုံးယူထားတယ်လေ။ ဘုရားကတော့ သောင်္ကြာသားမဟုတ်တဲ့ကျနော် ဘယ်နေ့မှမရှောင်ဘဲ ဆံပင်ညှပ်နေတာကို ဗွေယူမယ်မထင်ပါဘူး။

ကျနော်တို့လူဖြစ်လာပြီဆိုရင် တိရိစ္ဆာန်တွေထက်ထူးခြားတဲ့ စဉ်းစားဆင်ချင်နှိုင်စွမ်းရှိတဲီ့းနှောက်ကို ပိုင် ဆိုင်ခွင့်ရကြတယ်။ ဒါဟာကျနော်တို့အတွက် မဟာအခွင့်အရေးပါဘဲ။ စဉ်းစားဆင်ချင်ခွင့်ကို ငယ်စဉ် ကတည်းကအပိတ်ပင်ခံရတယ်ဆိုရင် လူတစ်ယောက်အတွက်တိုးတက်မှုကိုတားဆီးခံရတယ်လို့ မြင်တယ်။ ဒါကြောင့် သူများနှိုင်ငံတွေမှာ ကလေးတွေကိုစဉ်းစားတွေးခေါ်ပြောဆိုမှုတွေကို အားပေးကြတယ်လေ။ ကလေးတစ်ယောက်ပြောတဲ့လုပ်တဲ့အလုပ်က သူကိုယ်တိုင်နဲ့အခြားသူတွေအတွက် အကျိုးမရှိတာ၊ အန္တရာယ်ဖြစ်စေတာကလွဲပြီး ကျန်တာတွေကိုတားဆီးမှုမလုပ်သင့်ပါဘူး။ ကျနော်တို့ငယ်ငယ်က အိမ်မှာ မိဘကြောက်ရတယ်၊ ကျောင်းမှာဆရာဆရာမတွေကို ကြောက်ရတယ်။ အသိုင်းအ၀ိုင်းမှာ ကိုယ့်ထက် အသက်ကြီးတဲ့လူတွေကို ကြောက်ရတယ်။ ကိုယ်လုပ်နှိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ တဖြည်းဖြည်းနဲလာပြီး ဖြစ်မှာမဟုတ်ပါဘူးဆိုပြီးတွေးကြောက်တာတွေက ဘာကိုလုပ်လုပ် အောင်မြင်မှုတွေ နဲ့ဝေးစေခဲ့တယ်လို့ စဉ်းစားမိတယ်။ နောက်ပြီး ကလေးတွေကိုလက်ရွယ်ချိန်းခြောက်ပြီး သူတို့သိချင်တာ တွေကို တားဆီးနေမဲ့အစား စိတ်ရှည်သည်းခံပြီးရှင်းပြပေးတာအကောင်းဆုံးပါ။ ကိုယ်မွေးလာတဲ့ကလေးက ကိုယ့်ထက်ပိုပြီး တော်လာတာ၊ အဆင့်မြင့်လာတာ ဂုဏ်ယူစရာကောင်းသလို စိတ်ချမ်းသာစရာလည်း ကောင်းတာပါဘဲ။ အခြေခံကစပြီးမြေတောင်မြှောက်ပေးတယ်ဆိုတာ စပြီးပျိုးကတည်းက လောင်းရိပ်မိနှိုင် တဲ့အ၀န်းအ၀ိုင်းမှာ မပျိုးထောင်မိဖို့အရေးကြီးတာပါ။ ဒါတွေဟာ ကျနော်တို့အသိုင်းအ၀ိုင်းမှာ အခြေခံက စပြီးပြုပြင်ပြောင်းလဲရေးလုပ်ရမယ့်အနေအထားတွေလို့ နားလည်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ဘယ်အ လုပ်ကိုပဲလုပ်လုပ် အဲဒီလုပ်ရပ်က ကိုယ့်အနာဂတ်မျိုးဆက်အတွက်ဘာအကျိုးရှိမလဲဆိုတာကို အလေး အနက်စဉ်းစားပြီး လုပ်သွားနှိုင်မယ်ဆိုရင် လူ့တာဝန်ကိုကြေပြွန်အောင်ထမ်းဆောင်သွားနှိုင်မယ်လို့ စဉ်းစား မိတာပါဘဲ။
ရဲဘော်မြတ်

0 comments: