Friday, November 23, 2012

နိုင်ငံတွင်း တရားစီရင်မှုနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက် ၁၉ ချက်ပါ ကြားဖြတ်အစီရင်ခံစာ လွှတ်တော်၌တင်သွင်း

ရန်ကုန်၊နိုဝင်ဘာ-၂၃

စွပ်စွဲခံရသူအား ညှင်းပန်းနှိပ်စက်ပြီး ရရှိသည့်ထွက်ချက်ဖြင့် တိုင်ချက်ဖွင့်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုများရှိနေခြင်း၊ တရားသူကြီးများ အုပ်ချုပ်ရေးပိုင်းကို ကြောက်နေရခြင်း၊ အုပ်ချုပ်ရေးပိုင်းက တရားစီရင်ရေးတွင် သြဇာလွှမ်းမိုးမှု (influence)ရှိနေခြင်း စသည့်တွေ့ရှိချက်များပါဝင်သော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် တင်သွင်းလိုက်သည်။

အဆိုပါ ကြားဖြတ်အစီရင်ခံစာတွင် ကော်မတီက တရားရုံးများသို့ သွားရောက်လေ့လာခြင်း၊ ဥပဒေပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခြင်းမှရရှိသော တွေ့ရှိချက်(၁၂)ချက်နှင့် သုံးသပ်ချက်ငါးချက် ပါရှိသည်။

အစီရင်ခံစာ၏ သုံးသပ်ချက်အပိုင်းတွင် နိုင်ငံသူနိုင်ငံသားများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်သော တရားရုံးများ ဖြစ်လာစေရန် အထူးတိုက်တွန်းသင့်ခြင်း၊ အများပြည်သူ ယုံကြည်ကိုးစားအားထားရသော တရားရုံးများ ဖြစ်လာရေးအတွက် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရန် အထူးကြိုးစားဆောင်ရွက်ရန် လိုအပ်ခြင်း စသဖြင့် ပါဝင်ကြောင်းလည်း သိရှိရသည်။

ယင်းအစီရင်ခံစာသည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် သြဂုတ်လ ၇ ရက်မှစ၍ ယခုအချိန်ထိ ကော်မတီ၏ ပထမဦးဆုံး အစီရင်ခံစာဖြစ်သည်။ ကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ထားခြင်းဖြစ်သည်။

ကော်မတီအတွင်းရေးမှူး ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်တွင် အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခဲ့သည်။ ကိုးကား - 7 Day news

0 comments: