Wednesday, November 21, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ - အပိုင်း (၆)

တစ္ဆေသံလေလား

ကျနော့အဖေဖက်က အဖိုးက လေဖြတ်ပြီးလဲတယ်။ ကိုယ်တစ်ခြမ်းသေပြီး စကားတွေဗလုံးဗထွေးဖြစ် တယ်။ အဲဒါနဲ့ ကိုယ့်မြို့ကဆေးရုံမှာကုတော့ အခြေအနေသိပ်ပြီးမတိုးတက်တာနဲ့ ရန်ကုန်ဆေးရုံကြီးကို တင်ဖို့စီစဉ်ကြရတယ်။ ကျနော်တို့ညီအစ်ကိုလည်း ဘဘကို လူနာစောင့်လိုက်သွားကြတယ်။ ဟိုရောက် တော့ ဆေးရုံကြီးရဲ့ရှေ့က ဦးနှောက်နဲ့အာရုံကြောအထူးကုဆေးရုံမှာ တင်ရတယ်။ ကျနော်တို့ညီအစ်ကိုက တစ်ယောက်တလဲ ဘဘကုတင်ဘေးက လူနာစောင့်ခုံပေါ်မှာ ဘဘကုတင်ပေါ်ကိုခေါင်းတင်ပြီး အိပ်စောင့် ကြတယ်။ ကျန်တဲ့တစ်ယောက်ကတော့ အပြင်ကတန်းလျားတစ်ခုခုပေါ်မှာ သွားအိပ်ရတယ်။ လူနာစောင့် တွေများတဲ့နေ့တွေဆိုရင် ညအိပ်စရာနေရာတောင် မရှိသလောက်ပါဘဲ။ တစ်ရက် ကျနော် လူနာဆောင် အပြင်စင်္ကြန်လမ်းပေါ်က တန်းလျားတွေမှာ လူတွေပြည့်နေတာနဲ့ အိပ်ဖို့တစ်ခုခုတော့ရှာမှဖြစ်မယ်ဆိုပြီး ဘေးဘီဝဲယာကို ကြည့်တော့ အခန်းနဲ့ကပ်ပြီးထောင်ထားတဲ့ လက်ကိုင်လေးခုနဲ့ လူနာသယ်တဲ့ကပ် (ထမ်း စင်) တစ်ခုကိုတွေ့တယ်။ ကျနော်လည်းခပ်တည်တည်နဲ့ အဲဒါကိုလမ်းလွတ်အောင် ဘေးဖက်ကိုကပ်ထား ပြီး တက်အိပ်လိုက်တယ်။ လှုပ်လိုက်တိုင်းတကျွိကျွိနဲ့ အသံထွက်နေတော့ ကောင်းကောင်း အိပ်မပျော်ပါ ဘူး။ မနက် အနားပတ်ဝန်းကျင်က ဖြတ်သွားဖြတ်လာလူနာစောင့်တွေ၊ သူနာပြုတွေက လူနာ ထမ်းစင်ပေါ် မှာ ကြံကြံဖန်ဖန်တက်အိပ်နေတဲ့ကျနော့ကို ကြည့်ပြီးရီနေကြတဲ့အသံတွေနဲ့ အိပ်ရာနိုးရတယ်။

လူနာဆောင်ထဲမှာ ဆေးရုံက ဆေးနံ့ (ဆေးရုံနံ့ခေါ်မလား) တွေမွှန်နေတာ။ ကျနော်တစ်ခါတစ်လေ အပြင် ကို ထွက်ပြီး လေကောင်းလေသန့်ရှူလေ့ရှိတယ်။ တစ်ည ကျနော်အပြင်က စင်္ကြန်ဒေါင့်ကိုထွက်ပြီး ထိုင်နေ တဲ့အချိန် လူတွေအများကြီး ဝေါကနဲဝေါကနဲ အော်ဟစ်နေသံတွေကိုကြားရတယ်။ သပိတ်ကာလက အသံ တွေအတိုင်းဘဲ။ ကျနော်စိတ်ဝင်စားသွားတယ်။ အဲဒါနဲ့ ဘေးကခုံတစ်ခုပေါ်မှာ ကိုယ့်လိုပဲထိုင်နေတဲ့ ဆေးရုံ စောင့် အဖိုးကြီးတစ်ယောက်ကို အဲဒါဆန္ဒပြနေတဲ့အသံတွေလား၊ ဘာဖြစ်ပြန်ပြီလဲမသိဘူးလို့ မေးတော့ သူ က ဒီအသံတွေက ဆန္ဒပြသူတွေကိုဆေးရုံကြီးဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း မကြာခဏ ကြားရ တယ် တဲ့။ သွားကြည့်ရင်ဘာမှမရှိဘူး၊ အဲဒီအချိန်က ပစ်သတ်ခံခဲ့ရတဲ့သူတွေထဲက မကျွတ်မလွတ်သေးတဲ့ သူတွေရဲ့ ၀ိဥာဉ်တွေဖြစ်မယ်တဲ့။

ဘာဘဲပြောပြော နေ့မြင်ညပျောက် သေချင်းတရားကိုရှုမှတ် ဘာဝနာပွား ချင်ရင်တော့ ဆေးရုံက အကောင်း ဆုံး နေရာပါ။ ခဏနေ ဘေးကုတင်က လူနာတစ်ဦးအသဲအသန်ဖြစ်မယ်၊ သူနာပြုတွေပြေးဝင်လာမယ်၊ ကုတင်ကိုပတ်ပြီး လိုက်ကာတွေအရေးပေါ်ကာ၊ အောက်စီဂျင်ဗူးတွေသယ်လာပြီး နောက်တော့ အဆင်ပြေ ရင်ပြေ၊ မပြေရင်တော့ တကျွိကျွိမည်နေတဲ့တွန်းလှည်း၊ ဒါမှမဟုတ် လူနာသယ်တဲ့ကပ်ပေါ်မှာ ပိတ်ဖြူပတ် ပြီး ထုတ်သွားပြီ။ လူဆိုတာကလည်း မွေးလာပြီးရင် တစ်နေ့သေကြရတာပဲမဟုတ်လား။ ဘုန်းကြီးအို ကြီးတစ်ပါးဆိုရင် နွမ်းပါးပြီးဆေးဖိုးဝါးခမတတ်နှိုင်ကြတဲ့ သူ့ရဲ့မိသားစုကို မကြည့်ရက်တဲ့အဆုံး သူ့ဖာသာ အစာဖြတ်ရေဖြတ်ပြီး ပျံတော်မူသွားတာကိုလည်း စိတ်မကောင်းစရာကြုံခဲ့ရတယ်။


ဘာလိုချင်လဲ

ဆေးရုံမှာ ကျနော်တို့ဘဘရဲ့ နှစ်ကုတင်ကျော်လောက်မှာ ၁၄ နှစ်သား လူထွားကြီးတစ်ယောက် ဆေးရုံလာ တက်တယ်။ လူကောင်က အသက်နဲ့မလိုက်အောင်ကြီးလွန်းလို့ လူထွားကြီးလို့ခေါ်တာ။ သူက မကြာခဏ ချုံးပွဲချပြီး ရှိုက်ကြီးတငင်ငိုတတ်တယ်။ အဲဒီလိုအခါတိုင်း သူ့အမေ၊ သူ့အမ တွေ၊ အမျိုးတွေတွေက ၀ိုင်းချော့ကြရတယ်။ ကြာတော့လည်း အမှတ်တမဲ့ပေါ့။ သူက မြေကျင်းထဲကိုပြုတ်ကျပြီး စိတ်ဝေဒနာ တစ်မျိုးခံစားနေရတယ်လို့တော့ တစ်ဆင့်စကားနဲ့သိရတယ်။ ညပိုင်းဆိုရင် သူ့ရဲ့အကိုတွေလား၊ ၀မ်းကွဲညီ အကိုတွေလား လာပြီးလူနာစောင့်ပေးကြတာတွေ့တယ်

တစ်နေ့ မနက်ရှစ်နာရီလောက် လူနာတွေကို ရောင်းလှည့်တဲ့ (လှည့်ပတ်စစ်ဆေး) ဆရာဝန်နဲ့ သူနာပြုတွေ တစ်အုပ်ထုံးစံအတိုင်း လူနာဆောင်ကို ၀င်လာတဲ့အချိန် အဲဒီကလေးကြီးက ရုတ်တရက် ဟီးကနဲငိုချလိုက် တယ်။ သူ့မေမေနဲ့ သူ့အမတွေ၊ အမျိုးတွေက ၀ိုင်းချော့ကြတာပေါ့။ သားလေးရယ် ဘာလိုချင်လို့လည်း၊ မငို ပါနဲ့၊ ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ မေမေရှိတယ်၊ သားလေးဘာလိုချင်လို့လဲပြော ဆိုတဲ့ အမေ့ရဲ့စကားကို ကြားပေမယ့် ဆက်ငိုနေတယ်။ အမတွေ၊ အမျိုးတွေကလည်း သူ့အမေလိုဘဲ ၀ိုင်းချော့ကြတာပေါ့။ ပိုပြီး ရှိုက်ကြီးတစ်ငင်ဖြစ်လာတယ်။ ဆရာဝန်ကလည်း တစ်ခုတင်ကျော်လောက်ကို ရောက်လာပြီဆိုတော့ တစ်ခြားကုတင်က လူနာစောင့်တွေပါမနေသာတော့ဘဲ ကူပြီးတစ်ယောက်တစ်ပေါက် ၀ိုင်းချော့ကြတယ်။ “တိတ်ပါကွာ၊ မငိုနဲ့တော့လေ.. သားမေမေကလည်း မေးနေတာဘဲ။ ဘာလိုချင်လဲ ပြောလိုက်လေ” “မောင်လေးက တိတ်ပါကွယ်။ မမတို့ကိုပြော ဘာလိုချင်လဲ” “ကဲ… တိတ်တော့။ မင်းဘာလိုချင်လဲပြော လိုက်။ ဟိုမှာ မေမေလည်းမေးနေတယ်မဟုတ်လား” …

ဆရာဝန်နဲ့ လက်ထဲမှာ လူနာမှတ်တမ်းတွေကိုင်ထားကြတဲ့သူနာပြုတွေ သူ့ကုတင်ဘေးရောက်သွားကြ တယ်။ ဘာဖြစ်တာလဲမေးရင်းက ဆရာဝန်လည်း အခြေအနေကိုသဘောပေါက်သွားပုံနဲ့ ပြုံးကြည့်ပြီး “အေး လေကွာ။ မင်းကလည်း။ ဘာစိတ်ညစ်စရာရှိလဲ။ ဒီမှာ အေးအေးဆေးဆေးဘဲဥစ္စာ။ မင်းမေမေကလည်း ပြောပြီးပြီဘဲ။ သားဘာလိုချင်လဲ ပြော” ဆိုတော့ သူကရှိုက်ငိုရင်း လိုချင်တာကိုပြောလိုက်တယ်။ အားလုံး ၀ုန်းကနဲ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ တစ်ချို့တွေလည်း ၀ါးကနဲ ၀ိုင်းရီကြတယ်။ နောက် ဆရာဝန်နဲ့ သူနာ ပြုတွေကိုကြည့်လိုက်တော့ လှစ်ကနဲဘယ်ရောက်သွားပြီလည်း မသိတော့ဘူး။ လူနာဆောင်အပြင်ကိုလစ် သွားတာဖြစ်မယ်။ ဟိုကလေးဖြေလိုက်တာက “အဟင့်… အဟင့်… ဒီမိုကရေစီ” တဲ့။ ဟုတ်တယ်လေ လူ တိုင်းက ဘာလိုချင်လဲမေးနေတော့ သူလည်း သူလိုချင်တာပြောမှာပေါ့။
 
ရဲဘော်မြတ်

0 comments: