Friday, November 16, 2012

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ - အပိုင်း (၁)

ဖြတ်သန်းမှုတွေထဲက စုစည်းမိသမျှ (အိပ်မက်ရပ်ဝန်းဆီက.. အမှတ်တရများ)


နိဒါန်း

တကယ်တော့ ဒီအမှတ်တရတွေကို ကျနော်ပြန်ရေးကြည့်ချင်တာကြာပြီ။ တခါတလေ ကျနော်ရေးလိုက် တာတွေဟာ အဖွဲ့အစည်းနဲ့ပုဂ္ဂိုလ်ရေး သရော်သလိုဖြစ်နေမလားလို့စဉ်းစားမိပြီး မကြာခဏ ရေးချင်တဲ့ လက်ကို ရုတ်သိမ်းထားခဲ့ရတာပါ။ ကျနော်တို့ဖြတ်သန်းမှုတွေကို အခုလိုအချိန်တွေကြာလာတော့ ပြန်တွေး ကြည့်တဲ့အခါ တချို့အဖြစ်အပျက်တွေက ရီစရာလေးတွေလိုဖြစ်နေတယ်။ တကယ်တော့ အဲဒီအချိန်က ရီစရာဖြစ်တဲ့အခါဖြစ်သလို တခါတလေကျတော့လည်း ရီစရာမဟုတ်ပြန်ဘူး။ ကျနော် ဆယ်တန်းနှစ် လောက်က ဖတ်ခဲ့တဲ့စာအုပ်တွေထဲမှာအကြိုက်ဆုံးက ဘာသာပြန်ဝတ္ထုတွေ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဖတ်ရတဲ့ အပေါစားဝတ္ထုတွေလို လုံးခြားပတ်လည်လိုက်နေတာမဟုတ်ပဲ ကွဲထွက်လာတဲ့ ရေး ဟန်တွေနဲ့ ဇတ်လမ်းဆုံးရင်ဘာဖြစ်မလဲဆိုတာ မှန်းဆလို့မရတာကိုကြိုက်တာ။ နောက်ပြီး စဉ်းစားစရာ ဖြစ်ဖြစ်၊ ဗဟုသုတအနေနဲ့ဖြစ်ဖြစ် တစ်ခုခုကျန်ခဲ့တယ်။ မြန်မာဝတ္ထုကောင်းတွေရှိတယ်ဆိုပေမယ့် ရှားတယ်။ စာအုပ်ကိုစပြီးကိုင်ကတည်းက တစ်ခုမဟုတ်တစ်ခု ဘာဖြစ်မယ်ဆိုတာကို ကြိုသိနေတယ်ဆိုရင် အရသာမရှိသလိုခံစားရတယ်။ နောက်ပြီး သဘာဝမကျ၊ ယုတ္တိမရှိတာတွေကိုလည်း သိပ်သဘောမကျ တော့တာပါတာပေါ့။ စဉ်းစားတတ်လာပြီလေ။

နောက်ပြီးတော့ ကျနော်ငယ်ငယ်က ကိုပြာလောင်ကာတွန်း စာအုပ်တွေကြိုက်တယ်။ တင်အောင်နီ ကာတွန်းပေါ့။ အဲဒါကျတော့ တအိမ်လုံး ကျနော့အဖေအမေနဲ့ ညီအကိုမောင်နှမတွေ အားလုံးလိုလို ကြိုက်ကြတာတူတယ်။ ကျနော်စာအုပ်ငှားလာပြီး လုပ်စရာတစ်ခုခုရှိလို့ တင်အောင်နီကာတွန်းကို စားပွဲပေါ် ခဏချထား၊ ပြန်ရောက်တဲ့အခါ စာအုပ်မရှိတော့ဘူး။ လိုက်ရှာရတာလွယ်တယ်။ အိမ်မှာ လိုက်ပြီးနားစွင့် ကြည့်လိုက်။ “ဟင်းဟင်းဟင်း… အဟဲ… အဟားဟား ဟား” ဆိုရင် အဲဒါ အဖိုးကြီးအသံလား၊ အမေလား၊ ညီညီမတွေလားသိပြီ။ ကျနော်တို့ အမြဲလုဖတ်ကြတဲ့ကာတွန်းပါ။ အဲ… ကာတွန်းတင်အောင်နီ ကျနော်တို့မြို့ မှာ လာနေစဉ်က သူ့အိမ်လေးကလမ်းမကြီးဘေးမှာပဲဆိုတော့ ကျနော်တစ်ခါနှစ်ခါ အပြင်ကသွားချောင်း ကြည့်ဖူးတယ်။ သူအကြမ်းဆွဲထားတဲ့ကာတွန်းတွေကို အရောင်ချယ်နေတဲ့ ပိန်ပိန်ပါးပါး အမျိုးသမီးငယ် တစ်ယောက်ကိုအမြဲတမ်းတွေ့ရတယ်။ ပြာလောင်ဇတ်ကောင်နဲ့ ခပ်ဆင်ဆင်တူတဲ့ မျက်မှန်နဲ့ ဦးတင်အောင် နီကိုလည်း တစ်ခါတစ်လေတွေ့ရတယ်။ နောက်ပိုင်း ကျနော့ကြားဖူးတဲ့ ကဗျာဆရာကြီး ဟင်္သာတမောင် နွယ်ထွဋ်တို့၊ အကိုကြီးတွေလိုခင်ရတဲ့ ကိုမောင်မောင်ကြည်နဲ့ ကဗျာဆရာအိမ်ကြူးတို့၊ ရှစ်ဆယ့်ရှစ်အရေး တော်ပုံမှာ လုပ်ဖော်ကိုင်ဖက်ဖြစ်လာကြတဲ့အမွှာညီအကိုတို့ သူ့ရဲ့ကာတွန်းတွေထဲမှာ ပါလာတာတွေ့တော့ ကျနော်လည်းကာတွန်းထဲရောက်မှာကြောက်ပြီး သူရှိတဲ့နေရာသိပ်မသွားရဲတော့ဘူး။ ကာတွန်းတင်အောင် နီက ဘ၀ကို ဟာသအဖြစ်မြင်ကြည့်တယ်။
အရင်ဆုံး ပြန်ပြီးမိတ်ဆက်ပေးချင်တာက စာအုပ်တစ်ခုထဲမှာ ကာတွန်းတင်အောင်နီရဲ့ဇတ်ကောင်ဖြစ်တဲ့ ကိုပြာလောင်က ကောင်မလေးနဲ့အဆင်မပြေတော့ စိတ်ညစ်ပြီးဘာလုပ်ရမှန်းမသိတာနဲ့ ရုပ်ရှင်သွားကြည့် ပြီး အဲဒီရုပ်ရှင်ကားမပြီးခင်ပြန်ထွက်လာတယ်။ အဲဒီမှာ ပြာလောင်တွေးတာက “ရုပ်ရှင်ထဲမှာ မင်းသားက
မင်းသမီးကို သီချင်းဆိုကခုန်ပြီးလွမ်းနေသည်” တဲ့။ သူကြည့်လာတာကုလားကားလို့မပြောဘူး။ ဖတ်တဲ့လူ က လိုက်စဉ်းစားရတယ်။ နောက်ပြီးတော့ သူစားသောက်ဆိုင်တစ်ခုကိုဝင်ပြီး ဘေးကခပ်ရို့ရို့လေးရပ်နေတဲ့ စားပွဲထိုးကို “ဒီနေ့တော့အမူးကိုသောက်ပစ်မယ်… တောက်” ဆိုပြီး တက်တောင်ခေါက်လိုက်သေးတယ်။ မှာထည့်လိုက်တော့ “ဘီယာတစ်လုံး ဆိုဒါနှစ်လုံး” တဲ့။ စားပွဲထိုးက သူ့ကို အထူးအဆန်းလိုပြန်ကြည့်နေတဲ့ ပုံနဲ့။

အဲ… နောက်ထပ်ကာတွန်းတစ်ခုမှာလည်း သူကရွာတစ်ရွာကိုကျောင်းပိတ်ရက်မှာ ကျောင်းဆရာအနေနဲ့ လုပ်အားပေးသွားတော့ သူတည်းတဲ့အိမ်ရှင်ရဲ့သမီးလေးကို ကြိတ်ပြီးသဘောကျနေတယ်။ ဒါပေမယ့် ကောင်မလေးက သူ့ကိုဆရာလိုတလေးတစားဆက်ဆံနေပြီး သူကြိုက်နေတာကိုမရိပ်မိဘူး။ သူကလည်း မချည်းကပ်ရဲဘူးပေါ့။ ဘာလိုလိုနဲ့ လုပ်အားပေးရက်ပြည့်သွားတော့ ပြန်ရမယ့်နေ့မှာ သူက သူ့ဟာသူ ကြိတ်ပြီးခံစားနေတယ်။ အဲဒီအချိန်မှာ အိမ်ရှင်အဖိုးကြီးက သူ့ကိုမေးတယ် “ဘာလိုလိုနဲ့ ဆရာလေးလည်း မနက်ဖြန်ပြန်ရတော့မယ်နော်” တဲ့။ အဲဒါ ငိုချင်ရက်လက်တို့ဖြစ်သွားတဲ့ပြာလောင်က ရုပ်ရှင်မင်းသား ကျော်ဟိန်းအိုက်တင်လေးနဲ့ “ကျနော်… လာတုန်းကလည်းတစ်ယောက်တည်း။ ပြန်တော့လည်းတစ် ယောက်တည်း ပြန်ရတော့မှာပါဦးရယ်” လို့ပြန်ပြောတယ်။ အဲဒါကို အဖိုးကြီးစဉ်းစားပြီး တစ်စုံတခုသဘောပေါက်သွားတဲ့ပုံနဲ့ ဒီအတွေးစာတမ်းလေးကို အဖိုးကြီးခေါင်းပေါ်မှာ ထည့်ပေးထားတယ်။ “ယပ်တောင်ထဲက စာသားတွေပါလားတဲ့”။ တွေးကြည့်လေ ရီရလေပါ။ လူ့ဘ၀ထဲက ကိုယ့်ရို့ကားယားဖြစ် နေတဲ့ ရီစရာ၊ သရော်စရာ ဟာသလေးတွေကို ကျနော်တို့ ဘ၀အမောပြေ ရီစရာမောစရာတွေအဖြစ် ဖန်တည်းထားခဲ့တဲ့ဦးတင်အောင်နီကို တကယ်ကြေးဇူးတင်ရမှာပါ။ ကာတွန်းတင်အောင်နီရဲ့ ကာတွန်းတွေ အပြင် တစ်ခြားကာတွန်းလေးတွေကိုလည်း ကြိုက်တာတွေရှိပါတယ်။ ဇ၀နဥာဏ်ရှိတဲ့သူတွေက ကျနော်တို့ ကို တခါတလေ မွန်းကြပ်မှုတွေထဲက ဆွဲခေါ်ထုတ်သွားကြလေ့ရှိတယ်။ ကျနော်တို့လည်း မွန်းကြပ်မှုတွေကို မေ့၊ စိတ်ပြောင်းသွားပြီး ရယ်ကြမောကြရပါတယ်။ ရယ်သောသူအသက်ရှည်၏တဲ့။

ကျနော့ရဲ့အညတရတော်လှန်ရေးသမားဘ၀ ကိုယ်တွေ့ဖြတ်သန်းမှုတွေအပြင် ကြုံခဲ့၊ ကြားခဲ့တဲ့ ဘ၀တွေ၊ ပေးဆပ်မှုတွေနဲ့ ဟာသလေးတွေကို အမှတ်တရဝေငှလိုတဲ့ဆန္ဒနဲ့ ကျနော်ဖော်ပြနှိုင်စွမ်းရှိသလောက် ကြိုးစားမှုကို ဖတ်ရှုခံစားပေးကြတာကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျနော့ရဲ့ အရေးအသားချို့ယွင်း အားနည်းချက်ကြောင့် လိုအပ်ချက်များ၊ ထိခိုက်မှုများ တစ်စုံတစ်ရာခံစားမိပါက အနူးအညွတ်တောင်းပန် အပ်ပါတယ်။

ဝေဖန်အကြံပြုမှုအားလုံးကိုကြိုဆိုလျှက်။


ရဲဘော်မြတ်

0 comments: