Tuesday, September 18, 2012

ရေသေလှိုင်း

မိဘမြစ်နှစ်သွယ်ရဲ့ အချစ်စစ်နဲ့
တိကျအမြစ်တွယ်တဲ့ မြစ်အသစ်
လူဖြစ်တယ်

ဘုရားသခင်ရေ...
မသွားချင်လို့ မရဘူးလားကွာ
နားမဆင်သော်လည်း ဆိုရဦးမည့်သံစဉ်

ဒါဟာ မြေနိမ့်ရာ လှံစိုက်ခိုင်းတာပဲပေါ့
ရေဟာ နိမ့်ရာတွေချည်းပဲရွေးစီး ရမတဲ့လား
မြစ်မင်းကို အကျင့်သွင်းပေးလိုက်ကြ
အနက်ပြဆိုချက်ကိုက တဖက်သတ်ပိုခဲ့ပါတယ်

အားကြီးတဲ့အခါ တအားစီးတယ်
အားငယ်တဲ့အခါ အဖျားသွယ်သွားမယ်
ရယ်ရသော လူ့ကျင့်ဝတ်များ

ခွဲထွက်ရင် ပွဲပျက်မှာပဲ
ရမ်းလျှောက်ရင် ခမ်းခြောက်မှာပဲ
မြစ်က ထိုင်စောင့်နေလိုက်တယ်
စမ်းချောင်းတွေ လမ်းကြောင်းအတိုင်းထိုးဝင်

အစုန်သက်သက်ဗေဒသဘောမှာ
အခုန်ဆက်ဆက်ရေကမျောပါလို့
မြစ်ကစီးဆင်း၊ ခေတ်က ကြီးပြင်းတယ်

ပြန်လှည့်လို့မရတဲ့ ဘဝလမ်းထက်
ဆန်တက်လို့မရတဲ့ ပြဌာန်းချက်နဲ့
ဖြစ်သမျှအကျိုးတရားကို မြစ်ကထိုးစားတော့တာပဲ

ရှေ့နောက်ညီဖို့  ကွေ့ကောက်ဖို့လိုတယ်
ဆက်စီးနိုင်ဖို့  အဖွဲ့အစည်းခိုင်ဖို့လိုတယ်
ဒီအတွက်
အမှားတွေကြားမှာ သွားသေရမလား သွားသေပါမည်
တရားတွေကြားမှာ သွားနေရမလား သွားနေပါမည်
မြစ်ဇတ်တရားကပဲ ဖြစ်သမျှ တရားသလိုလို

မစီးချင်ပဲ စီးနေရတယ် ခရီးရှည်
မညည်းချင်ပဲ ညည်းနေရတယ် သီချင်းရှည်
အမြင်ကျဉ်းတဲ့ ရင်တွင်းဂီတ မြစ်မင်းဘဝ

တောက်...
တချို့ တချို့ကို ငဲ့ကွက် ထဲ့တွက်နေတာနဲ့ပဲ
ကိုယ့်ကိုယ်ကိုယ် ကိုယ့်အတွက် သတ်မသေလိုက်ရဘူး

ပင်လယ်မှာ အမြင်ကျယ်စွာ ပျော်ချင်လှပြီကွာ။   ။

သုအိုင်စံ
၁၉-၀၉-၂၀၁၂

0 comments: