Sunday, August 5, 2012

မကောင်းတဲ့ အရပ်မှာ မြစ်ဖျားခံလာတဲ့ အပြောင်းအလဲ

သံသယတွေ ရက်ရက်ရောရော ပေးတယ် ၊
လျှို့ဝှက် ထိန်ချန်ခြင်းများ ပွင့်ပွင့်လင်းလင်း မြင်ရတယ် ၊
ရိုးသားမှုမှာ အတွင်းကြေ ဒဏ်ရာတွေနဲ့
ချုပ်ရိုးပြဲ ရင်ကြားစေ့ အင်္ကျီကို ဖြစ်ကတတ်ဆန်း ၀တ်ဆင်နေကြတယ် ..။

မွေးရာပါ အသားမဲတဲ့ ည ကို
ဖြူ လာလိမ့်နိုး စောင့်ကြည့်သူတွေရှိတယ် ။

မကောင်းတဲ့ အရပ်မှာ မြစ်ဖျားခံလာတဲ့ အပြောင်းအလဲ
ညစ်ညမ်း လေထုမှာ အသစ်အဆန်း အဖြစ်အပျက်ကို
မျက်ကန်းတစ်ယောက်လို အကြိမ်ကြိမ် ရှာဖွေ နေမိတယ် ..။

ချီတုံချတုံ ဖြစ်စေတဲ့ အကွေ့အကောက်လမ်းမှာ
ငိုသံတွေက လွဲပြီး အားလုံး တိတ်ဆိတ်
အမေအိုဟာ အိပ်မပျော်တဲ့ နှစ်တွေကို ပိုင်ဆိုင်ခဲ့တယ် ..။

နောက်ဆုံး လက်ကျန် အင်အားကို မရမက စုစည်းပြီး
နာတာရှည် မြို့ပြ ၊ ဘ၀ရဲ့ နိဂုံး စာမျက်နှာအား ရေးသားနေတယ် ..။

မိုင်းထိထားတဲ့ကျေးလက်ဟာ
ကမ္ဘာပတ်ဖို့ ဗီဇာ မလိုဘူး ၊ ပတ်စ်ပို့မလိုဘူး
လမ်းကောင်းကောင်းလျှောက်နိုင်ဖို့ ချိုင်းထောက်ပဲ လိုတယ် ..။

အနာဂတ်ဟာ တောင်ပံကို ရိုက်ချိုးခံပြီးမှ လွတ်မြောက်လာတော့
အလင်းငှက်လို အမြင့် မပျံနိုင်တော့ဘူး ..။

စက္ကန့်တန်ကို ပခုံးပေါ်တင်ပြီး နွားလို ရုန်းရတဲ့ ကမ္ဘာမှာ
အပြေးသန်ပြီး ပန်းမ၀င်နိုင်တဲ့ ဘ၀ လှိုင်းလုံးတွေ ရှိတယ် ..။

လူမှုကွန်ယက် ဖေ့စ်ဘုတ် စာမျက်နှာမှာလို
LIKE လုပ်တာများလို့လူတွေက မကြိုက်ကြတော့ သလိုမျိုး
စစ်ကိုတော့ မချစ်ပဲ အောင့်ကာ မနမ်းချင်ပါ..။

နောက်ဆုံး လက်ကျန်စကားလုံးမှာ မုသား အမုန်းတွေ ပေကျန်နေသေး
တရားတပုဒ်ကို ဓားထုတ်ပြီး ဆွေးနွေးကြ
ကာလအိုဟာ စက်ပျက် ရထားစုတ်တစ်စီးလို ရပ်တန့်နေတယ် ။

အောင်ခိုင်မြင့်
၀၅ သြဂုတ်လ ၂၀၁၂

0 comments: