Sunday, July 22, 2012

ULYSSES

လက္ခဏာမှာ
ကြိုတင် ရေးမှတ်ထားပေမဲ့
ဝှက်စာကို
ကြိုတင် ပေးမဖတ်ခဲ့ဘူး။

ပြီးတော့
ဇတ်လမ်းထဲ
ဖြတ်သန်းခိုင်းတယ်။

ဖျောက်ထားတဲ့ ပြဌာန်းချက်တွေ
လျှောက်သွားမဲ့ ဘဝလမ်းထက်မှာ။

အမှားဆုံးဝင်္ကဘာရဲ့ အားနည်းချက်နဲ့
စကားလုံးအင်ပါယာ ချဲ့ကားခွင့်ရတယ်။

အဆိပ်ချယ်ဆွဲထားတဲ့ ကာလအလိုက်
အဓိပ္ပါယ်လွဲသွားတဲ့ စာပိုဒ်တွေ။

နေ့စဉ်ရက်ဆက် ကြုံတွေ့သွားသလို
တွေ့မြင်ဖွဲ့နွဲ့ပုံ ရွေ့လျားသွားတယ်။

အလုပ်ပြီးရင်အလုပ်စပါ
ပုဒ်ထီးပုဒ်မချခွင့်မရှိတဲ့ ဝတ္ထုထဲမှာ
ဝဋ်တစ်ခုစာ လဲလဲကွဲကွဲ စာရေးဆရာ
တကယ့် ဘဝဆိုတဲ့ အကြောင်းအရာကြီးက
တရက်ခဏဆိုတဲ့ အတွေ့အကြုံလေးပါလား
ဘယ်လို ဖတ်ဖတ် နားမလည်ခဲ့ဘူးကွာ။   ။

သုအိုင်စံ
၂၂.၀၇.၂၀၁၂

(မှတ်ချက်... James Joyce ရေးတဲ့ Ulysses ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးမှ ဒီကဗျာ ဖတ်ရင် ပိုမိုက်တယ်)...။

0 comments: