Sunday, July 22, 2012

မိုင်းနင်းခြေတဖက် ကျန်သေးတယ်

• နှစ်သိမ့်မှုအတွက်
ဘာနှစ်သိမ့်ဆုမှ
မလိုချင်ဘူးအမေ။

• လေပြေသွေးလို့
မအေးနိုင်တဲ့ နွေခေါင်ခေါင်
ပူလောင်မှန်း သိပေမဲ့
ဒီတိုက်ပွဲလမ်းကြောင်းကို
ပြဌာန်းချက်တွေထဲက
မရမက ရွေးချယ်ခဲ့တာပါ။

• စစ်မြေပြင်မှာ
အသေခံတပ်သား
ပျောက်ကျားစစ်ဆင်
ရဲရင်လျှင်မှ
အားရသူကို
စစ်သွေးကြွလို့ ဆိုချင်သလားအမေ။

• စစ်ဆင်ရည်မှန်း
မိုင်းခင်းလမ်းထက်
စစ်ကြောင်းအတွက်
ရဲဘော်အသက်ကို
ခြေတဖက်နဲ့ လှဲလိုက်ရစဉ်တုံးက
အပြုံးမပျက်
ဂုဏ်ယူလျှက်ပါအမေ။

• ခုတော့
လေထုညစ်ညမ်း
ယမ်းနံ့သွေးညှီ
ချုပ်ရီညဥ့်နက်
ရောင်နီထွက်ရောက်
တိုင်းဆောက်ပြည်ရေး
ဘေးမဲ့ဈေးမှာ
ရေနဲငါးလေး သောင်ပေါ်တင်
ဈေးကွက်ဝင်တာ
သွေးမထွက်တဲ့ နိုင်ငံရေးက
အလေးစီး သွေးကြီးသွားပေါ့။

• ဖွဲ့စည်းပုံမှာ
အင်္ဂါမစုံ
သူပုန်ရိုင်းမို့
သမိုင်းမလှ
နှိုင်းဆခွဲချင်
လွတ်တော်ဝင်ခွင့်
မဲရွေးခွင့်တွေ
မရရင်လဲ
ဝမ်းမနဲပါ
ပြည်သာယာရေး
ပြည်သူ့ရေးတွက်
ဆက်ပေးဆပ်မယ်
မိုင်းနင်းခြေတဖက် ကျန်သေးတယ်။ ။


ခွန်တာဇံ (မကဒတ)
ဇူလိုင် ၁၉၊ ၂၀၁၂။
စစ်ကြောင့် ကိုယ်ခန္စာအစိတ်အပိုင်း ပေးဆပ်စွန့်လွတ်ရသူ အားလုံးအတွက်

0 comments: