Sunday, June 3, 2012

နာရီစက်ဝိုင်း

ရောင်နီသန်းလာပြီ
နေရဦးမယ်

I...သားဖွားခန်းထဲမှာ ၀ါးဝါး အားအား အူးအူး ၀ဲဝဲနဲ့ အော်ငင်တယ်
II...မူကြိုကျောင်းရောက်တာနဲ့  လူကို ကျွဲလိုကျောင်း ဖဲလိုဝေ ခံရပြီ
III...မူလတန်းမှာတော့ လူက ၀လုံးရေးလိုက် ကြိမ်လုံးမွှေးလိုက်
IV...အလယ်တန်းရောက်တော့ လည်သလိုလို ရမ်းသလိုလို လုပ်လာတယ်
V...အထက်တန်းရောက်တော့ ဆက်ရမ်းပြီ...ဒီကောင် ဗွေဆိုး..မအေလိုး
VI...တက္ကသိုလ်ရောက်တော့ ဘွဲ့ လိုသလိုလိုနဲ့ နိုင်ငံအကြောင်းပြောတယ်
VII...ထောင်ထဲရောက်တော့ တစ်ကောင်တစ်ဖွဲ့ တည်း မဟုတ်တော့ဘူး
VIII...ဘွဲ့ လွန်နယ်ထဲ ဆက်ကျွံလာလိုက်တယ်... (အလုပ်လက်မဲ့စွာ)
IX...၁၀၉/၁၁၀ ဘ၀နဲ့  ငါ့အမျိုး ငါကယ်ရမယ်လို့ ကြွေးကြော်တယ်
X...စာတတ်တဲ့ ကျောင်းသားက အနာဂတ်အတွက် ခေါင်းစားမိတာကိုး
XI...ဘုန်းကြီးတွေ မုန်းတီးစွာ ပစ်သတ်ခံရ လူထုက တူထုသလို ခံရတုန်း
XII...အကြမ်းဖက်ရမယ် အလွမ်းသက်သက်နဲ့ တော့ ဘာမှဖြစ်မလာနိုင်ဘူး
I...တော်လှန်ရေး
II...ပြဌာန်း စီစဉ်ချက်တွေ မတည်ဆောက်ထားပါနဲ့ လား
III...ငါ့လမ်းငါ တီထွင် ဖောက်ထွက်သွားချင်လို့ ပါ
IV...ဒါပေမဲ့ အိမ်စာတွေများနေတယ် အချိန်အခါတွေ မှားနေတယ်
V...ဒါပေမဲ့ ခြေသလုံးအိမ်တိုင် ကျင့်စဉ်နဲ့ အဖြေမဆုံးနိုင်တဲ့ ဖြစ်စဉ်တွေ
VI...ဒါပေမဲ့ အလုပ်ပြုတ်သွားတဲ့ဒုက္ခက ဒုက္ခရှုပ်တဲ့ အလုပ်ပဲထပ်ရတယ်
VII...ဒါပေမဲ့ ၁ မနှုတ်နိုင်ရင် ၉ မလာဘူး အမြတ်မနှုတ်နိုင်ရင် အရှုံးလာတယ်
VIII...ဒါပေမဲ့ နိယာမ ပုံသေနည်းနဲ့ သိလာရတဲ့ ဘုံနေနည်းတွေ ကွာတယ်
IX...ဒါပေမဲ့တွေဟာ ကြာလေခက်လေ ကြာလေခက်လေ ဖြစ်လာတယ်
X...ဆန်ဖြူသွားကြိုးလေ ရန်သူများတိုးလေပါပဲလား
XI....အလံမချဘူးဟေ့ မာန်မကျဘူးဟေ့ ပြန်ရဦးမယ်ကွာ
XII...သုသာန်မှာ စားမြုံ့ပြန်စရာ အကြောင်းမရှိတော့ပါ

မှောင်ရီလွှမ်းလာပြီ
သေရဦးမယ်။ ။

သုအိုင်စံ
၀၂.၀၆.၂၀၁၂

0 comments: