Wednesday, March 21, 2012

သူပုန်တစ်ယောက်ရဲ့အကြွေးရှင်းတမ်း

(၁၆)
မေမေရေ...
၁၆နှစ်စာ၊ ထမင်းဖိုးဘယ်လောက်လဲ
၁၆နှစ်စာ၊ ကျောင်းစားရိတ်ဘယ်လောက်လဲ
၁၆နှစ်စာ၊ အသိပညာဖိုးဘယ်လောက်လဲ
၁၆နှစ်စာ၊ ရဲသတ္တိအားမာန်ဖိုးဘယ်လောက်လဲ
၁၆နှစ်စာ၊ အပျော်ဖိုး/မုန့်ဖိုးဘယ်လောက်လဲ
၁၆နှစ်စာ၊ တောမခိုခင်အထိဘယ်လောက်လဲ
၁၆နှစ်စာ၊ ၁၉၈၈ ခုနှစ်အထိဘယ်လောက်လဲ

(၂၄)
လူထုရေ...
၂၄နှစ်စာ၊ ယုံကြည်ချက်ကြွေးဘယ်လောက်လဲ
၂၄နှစ်စာ၊ ပေးဆပ်မှုကြွေးဘယ်လောက်လဲ
၂၄နှစ်စာ၊ သမိုင်းစားရိတ်ဘယ်လောက်လဲ
၂၄နှစ်စာ၊ အတိတ်ခရီးရှည်ကြွေးဘယ်လောက်လဲ
၂၄နှစ်စာ၊ မှန်ကန်/မှားယွင်းမှုကြွေးဘယ်လောက်လဲ
၂၄နှစ်စာ၊ တော်လှန်ရေးကြွေးဘယ်လောက်လဲ
၂၄နှစ်စာ၊ ၂၀၁၂ခုနှစ်အထိဘယ်လောက်လဲ

(၄၀)
လောကရေ...
နှစ်(၄၀)စာ၊ ငါချေးငှားခဲ့သမျှ
ဟောဒီမနက်မှာ အကြေဆပ်နိုင်ပြီ
ဟောဒီမှာ တော်လှန်ရေး...
ဟောဒီမှာ အောင်ပွဲ...
ဟောဒီမှာ တော်လှန်ရေးအောင်ပွဲ...
ငါ့လက်လက်ထဲမှာ ဘာမှမကျန်ခဲ့
၂၀၁၂ခုနှစ်မှာ နှုတ်ဆက်ခဲ့ပြီ
မြန်မာပြည်ခေတ်အဆက်ဆက် ကောင်းစားစေသော်၊
ကျဆုံးရဲဘော်အားလုံး ကောင်းရာသုဂတိ လားစေသော်။   ။

(ကျဆုံးခဲ့သောရဲဘော်အပေါင်းအား ငါ၏မွေးနေ့လက်ဆောင်ကဗျာဖြင့် အလေးပြုသည်။)

သုအိုင်စံ
၂၁.၀၃.၂၀၁၂

0 comments: