လက်ပံပင်ထိပ်ဖျားမှာ
ဥသြဟာ ဆွေစဉ် မျိုးဆက် ဇာတ်နာလို့
နွေဥပေါက်
နွေတပြောက်ထိုးရုံနဲ့
ပလက်ဖောင်းပေါ်ကြိုးလက်ဆွဲပြီး
ခွေးကျောင်းထွက်လာတဲ့
နွေဥပေါက်
မလုံတလုံ အရေပြားတွေပေါ်မှာ
မလုံတလုံအဝတ်အစားတွေပြန်ရောက်လာပြီ
နွေဥပေါက်
ဓာတ်ဆီဈေးအတက်အကျမှာ
ဘဝကိုချိန်ဆလို့
ပင်လယ်ကွေ့မျက်နှာကြည့်နေရတဲ့
နွေဥပေါက်
ဖုံတလုံးလုံးထဲ
လိမ့်နေတဲ့ဘောလုံးနောက်
လူလုံးကြီးပြေးလိုက်လို့
မူလတန်းဘောလုံးပွဲကြည့်ရသလို
နွေဥပေါက်
ကားကြိတ်သွားတဲ့ ခွေးအသက်ငင်သလို
တအင်အင်သရဇ္ဇယ်ကြ
“..သမတကြီးက … သမတကြီးက …”
ငါထဆဲလိုက်ရ … သမတကြီးက
နွေဥပေါက်
တံဆိပ်တွေ့သွားမလှန်နဲ့
အမေရိကန်အလံလည်း
မိတ်အင်ချိုင်းနား
နွေဥပေါက်
သမိုင်းမှာ
နှောင်းလူတို့ကျက်မှတ်စရာ
ပြည်တော်သာခေတ်ပြီးတော့
ပြည်တော်ပြန်ခေတ်ရောက်ပြီ
နွေဥပေါက်
ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတယ်ဆိုတဲ့
နွေဥပေါက်
ခေတ်ကောင်းပြီဆိုပြီးရူးချင်ယောင်ဆောင်နေပြန်တဲ့
နွေဥပေါက်
ဘက်မလိုက်ဘူး
CASH နောက်ပဲလိုက်တဲ့
နံပါတ်ဖိုးသမား
နွေဥပေါက်
ဖောက်ထွင်းဝိဇ္ဇာကနေ
သော့ပြင်ဆရာအလုပ်ပြောင်းသွားတဲ့
နွေဥပေါက်
ဆုပ်ထားတဲ့ လက်သီးတွေ
ကျုံထားတဲ့ မျက်မှောင်တွေ
ပြေကျလို့
ကမ္ဘာကြေခဲ့ပြီလား….
နှင်းယွန်းဂိမာန်
နွေဥပေါက်
နပိုလီယန် စစ်ရှုံးမယ့်ဆောင်းကို
ဖြတ်မောင်းမယ်ဆိုတဲ့ အင်ဂျင်ကြီး
တွန်းနှိုးနေတုံး
နွေဥပေါက်
သစ်ကောင်းအိမ်
(၀၃.၀၂.၂၀၁၂)
Sunday, March 18, 2012
နွေဥပေါက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment