Monday, February 27, 2012

အသုဘ ချပြီးစအိမ်လို
ညရဲ့ကိုယ်ထဲ အသံမဲ့။

ပိုးကောင်ငယ်များ အသံ
စက္ကန့်တံလို လှုပ်လှုပ်
မိုးတိမ် ပုတ်စပ်စပ်
မလတ်မဆတ် လ နဲ့
ကြယ်တို့ရဲ့ ဖတ်စာမဲ့။

ကိုယ်ဟာ
ရှားပါးစာအုပ် ပိုင်သလိုမျိုး
ဗန်ဂိုးရဲ့ မိတ်ဆွေတယောက်လိုမျိုး
အလဟဿ တန်ခိုးတွေနဲ့
ဘ၀င်တမျိုး ခပ်ထွေထွေ
အဆင်မပြေမှု မှန်သမျှအတွက်
ဆင်ခြေတွေ ရှိလျှက်ပဲ။

အူပေါက်နေတဲ့ ချည်တထွေးမှာ
အစကို ရှာရင်းရှုပ်ထွေး
ကိုယ့်ကိုမွေးတာ (၂၂) နှစ် ရှိပါပြီ။
ချည်မျှင် အပုံထဲက ကိုယ့်ဖက် ဆွဲချင်ရာဆွဲ
'နေပျော်ခြင်း' အင်္ကျီပွပွထဲ
ချေးညှော်တွေ မဲလာတယ်။

မီးတိုင်ငယ်တချို့
မစို့မပို့ အနီမှိုင်းမှိုင်း
မှောင်ရိပ်မညီ မျက်ခင်းတပိုင်း
ခြင်တွေ လှိုင်းထနေတာပဲ။

ဘုရားရှိခိုးသံကြားတယ်။
ခပ်ရေးရေး
လူငယ်တယောက်ရဲ့ အတွေးဟာ
ပြဿနာနည်းနည်း
အလွမ်းများများ
ဖျားနာခြင်း၊ နလံထခြင်း
ဘ၀ရှင်းတမ်းဟာ
အကြွေးတွေချည်း ထွက်မလာသလို
ဦးဏှောက်ဆိုတာ
လော့ဂရစ်သမ် နည်းနည်းပဲပါတယ်။

ငါ့ကို ဘယ်သူအိပ်မက် မက်မလဲ
ငါ ခုန်ဝင်လာခဲ့မှာပဲ
ဘာမှမရှိ ညထဲမှာ
ဘာမှမဖြစ် ကုန်ဆုံးဖို့
ကိုယ်တို့ရှင်သန်နေတာပဲလား
< ညတို့ တအားရှည် စကားမမြည် နည်းလွန်း>

ခုတင်တလုံးထက်
အသက်ရှူသိပ်မဝ
အိမ်တလုံးအထဲမှာ ကိုယ်နားခို နေရပေမယ့်
ကိုယ်...
အိုးမဲ့အိမ်မဲ့ ဖြစ်နေ။

ယောဟန်အောင်
သြဂုတ် ၂၉၊ ၁၉၈၇။

0 comments: