Monday, February 6, 2012

စိတ်အစဉ်က အတိတ်ကို သမင်လည်ပြန် လှည့်ကြည့်မိတဲ့ ပုသိမ်


င၀န်မြစ်ကြောင်းတလျှောက် မောင်းနှင်လာသော သဘောင်္ပေါ်မှ ကြည့်လျှင် နေရောင်ခြည်၏ ဖျန်းပက်မှုအောက်တွင် တင့်တင့်တယ်တယ် လှပနေသောပုသိမ် မြို့အ၀င်ရှုခင်းနှင့် လေပြေနုနုရဲ့ဆော့သွေးခြင်းအောက်၌ ၀င့်ထည်စွာ မြို့ကျက်သရေဆောင် ရွှေမုဌောဘုရားကို ဖူးမျှော်ခဲ့သော အတိတ်အရိပ်များအား အမြဲသတိရနေမိသည် ။ ယခုလည်း အင်တာနက် စာမျက်နှာများတွင် ၂၀၁၂ ဖေဖော်ဝါရီလ( ၇) ရက်နေ့၌ ပုသိမ်မြို့သို့ လူထုစည်းရုံးရေး ခရီးသွားမည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်အတူ ထိုနေ့ရက်တွင် ပုသိမ်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အမေစုအား ကြိုဆိုခွင့်မရစေရန် အစမ်းစာမေးပွဲ ကျင်းပမည့် သတင်းများထွက်ပေါ်နေသည် ။ တချိန်တည်းတွင် ထိုင်းအစိုးရ၏ ဖမ်းဆီးပြီး မြန်မာစစ်အုပ်စုလက်ထဲ လွှဲပြောင်း ခံလိုက်ရသော အခင်မင်ရဆုံး သူငယ်ချင်း ရဲဌေး ဓာတ်ပုံကို အင်တာနက်တွင် တွေ့လိုက်ရသည်။ ထိုအခါ လူထု၏ဘ၀နှင့် ဆန္ဒကို လျစ်လျူရှုခဲ့သော အစိုးရကြောင့် ရာပေါင်း တောင်ပေါင်းများစွာသော လူထု လှိုင်းလုံးကြီး ရွှေမုဌောဘုရားရှေ့ ပုသိမ်မြို့ လမ်းမပေါ်ပြည့်လျှံခဲ့သော ရဲဌေးနှင့်အတူတူ လှုပ်ရှားခဲ့သည့် ( ၈.၈.၈၈ )အရေးအခင်း အဖြစ်အပျက်များနှင့်အတူ စိတ်အစဉ်သည် အတိတ်သို့ အပြေးအလွှား ရောက်ရှိသွားသည် ။
၁၉၈၇ ခုနှစ် ပုသိမ်ဒီဂရီကောလိပ်( ပုသိမ်တက္ကသိုလ် )ကာလများ နှင့် ခေတ်၏ ရိုက်ခတ်မှုကြားမှ ပုသိမ်မြို့အမှတ်တရများ
ပုသိမ်တက္ကသိုလ်အဆောက်အဦးသည် ကန်သုံးဆင့် ရေပြင်နှင့်အတူ အပြောင်းအလဲ သမိုင်းတစ်ခုကို ရင်ဆိုင်ရမည်ဟု မထင်မြင်မိသဖြင့် တည်ငြိမ်လျက်ရှိသည် ။ ကျောင်းသား ကျောင်းသူများသည်လည်း အနာဂတ်ပညာရေး အတွက် အားကျိုးမာန်တက် ကြိုးပမ်းပြီး ပညာနို့ရည်သောက်စို့လျက်ရှိသည် ။ ကျနော်တို့ ကဗျာသမား စာသမားများကလည်း ကျောင်းကင်တင်း တွင်ထိုင်ပြီး ဘ၀ အကြောင်း ၊ အနာဂတ်အကြောင်း ၊ အချစ်အကြောင်းများကို ဖောင်ဖွဲ့အောင် ပြောပြီး သာယာသော လောကဟု အထင်ရောက်နေခဲ့ပေသည် ။ ၁၉၈၇ ပညာသင်နှစ်တွင် ကဗျာဆရာယောင်ယောင် ဘာယောင်ယောင် ကျနော်က သတ္တဗေဒ နောက်ဆုံးနှစ် ၊ ပါးစပ်က အမြုပ်ထွက်အောင် စကားများ ပွားသော ကဗျာသမား စာသမား ရဲဌေး က မြန်မာစာ နောက်ဆုံးနှစ် ၊ လိဒ် ဂစ်တာတီးတဲ့ တီးဝိုင်းခေါင်းဆောင် စကွီး ( နာမည်ရင်း ..မျိုးအောင် ထင်တယ် )က သမိုင်းနောက်ဆုံးနှစ် တို့သည် မိမိတို့ကို မိမိ အနုပညာသမားများဟု ယူဆပြီး အရာရာတိုင်းကိုလည်း ကဗျာ အမြင် ဖြင့်ကြည့်ပြီး တပူးတွဲတွဲ ကျောင်းလဘက်ရည်ဆိုင်တွင် အထိုင်များသည် ။ ကျနော်တို့ကလည်း ဧပြီလရောက်လျှင် ပိတောက်နှင့် သင်္ကြန် အကြောင်း မဂ္ဂဇင်းတိုက်ကို ပေးပို့ပါက မဂ္ဂဇင်းမှာ ဖော်ပြနိုင်ရန် သေချာပေမဲ့ ရာသီစာကို မကြိုက်ပဲ စိတ်ခံစားမှုကိုအသားပေးရေးခဲ့သည်ကများသည် ။ ကျနော်တို့ ရေးသားသော ကဗျာအများစုမှာ စာပေစီစစ်ရေးနှင့် ငြိစွန်းပြီး မဂ္ဂဇင်းစာမျက်နှာများတွင်ဖော်ပြခွင့်မရသည်ကများသည် ။
လှလှပပ ကျောင်းသူလေးတစ်ယောက်က အသက်ကြီးကြီး လူကြီးတစ်ယောက်၏ ခါးကိုဖက်ပြီး ကျနော်တို့ထိုင်နေသော ကင်တင်းရှေ့မှဆိုင်ကယ်ဖြတ်မောင်းသွားစဉ် ခွေးကဖြတ်ဟောင်လိုက်ချိန် သူငယ်ချင်း စကွီိး၏ ကဗျာကောက်စပ် ရွတ်ဆိုမှုကိုကြားလိုက်ရသည် ။
မူးယစ်ပြီး ဖွန်ရှာ
တူးဖစ်တီး ဟွန်ဒါ ( 250 Honda )
ရွံရှာသည့်ခွေး ပြေးပြီးဟောင်....။
မူးယစ်သောက်စားထားသော အသက်အရွယ် သက်ကြားရွယ်အိုသည် အဖေ၊ အစ်ကို မောင်လည်း မဟုတ် ပဲ ချောမောလှပသော ကျောင်းသူမိန်းကလေး ( ဖွန် ဆိုတာက အဲဒီခေတ်က မိန်းကလေးကိုခေါ်ဆိုသော ဘန်းစကား )ကို ဘယ်အရပ် ဆိုင်ကယ်နှင့်တင်သွားလို့ ခွေးကတောင် မျက်စိနောက်ပြီး ဘာကြောင့် ပြေးဟောင်ရသလဲ..။
ကဗျာကတော့ ကြည့်လိုက်လျှင် ဘာမှမဟုတ်ဟု ထင်မြင်ရပေမဲ့ အဲဒီအချိန်က ခေတ်သရုပ်ကို ထင်ဟပ်နေပေသည် ။ဆိုလိုသည်မှာ ပုသိမ်တက္ကသိုလ်ဝန်းကျင်တွင် ကျောင်းသား ကျောင်းသူများသည် မူးယစ်ဆေးဝါးမျိုးစုံကို အလွယ်တကူဝယ်ယူ ရရှိနိုင်သလို တက္ကသိုလ် ကျောင်းဆောင်များ၌ တရားမ၀င် ဖဲဝိုင်းများကို အစိုးရမှ တရားဝင်ခွင့်ပြုထားသည် ။ ခေတ်စားနေသော ချဲထီကတော့ နေရာတကာတွင် ခိုးကြောင်ခိုးဝှက်မလိုပဲ လွယ်လွယ်ကူကူ တရားဝင် ၀ယ်ယူနိုင်ပေသည် ။ လူထုမှာ စီးပွားရေး ကျဆင်းနေသဖြင့် တက္ကသိုလ်ကျောင်းသူများသည် ကျောင်းစားရိတ်အတွက် အမည်မသိ လူကြီးများက ကားနှင့်လာကြိုပျော်ပါးနေသည်ဆိုသည့် အဲဒီအချိန်က ခေတ်စားခဲ့သော နုနုရည် အင်းဝ၏ ၀တ္တုထဲကလို ပုသိမ်တက္ကသိုလ်မှာ ဖြစ်ပျက်နေပြီလားဟု ထင်မြင်နေခဲ့သည် ။ အကျဉ်းချုံးဆိုရလျှင် လူထု၏ ဆင်းရဲမွဲတေ ခြွတ်ခြုံကျမှုကို အစိုးရမှ မသိကျိုးကျွံပြုကာ ကျောင်းသားလူငယ်ထု ကို အစိုးရမှ စနစ်တကျ ဖျက်ဆီးနေသလားဟု ကျတော်တို့ အထင်ရောက်နေသောအချိန် ပင်ဖြစ်သည် ။ ကျောင်းသူ ကျောင်းသားများ စုဝေးစုဝေးဖြစ်မည့် ကိစ္စမှန်သမျှကို အစိုးရမှ တဆင့် ကျောင်းအုပ်ဆရာကြီးနှင့် ဘာသာရပ်အလိုက် ဌာနဆိုင်ရာများကို ပိတ်ပင်ခိုင်းထားသည် ။ ၁၉၈၇ ခုတွင်မှတ်မှတ်ရရ တစ်ခုအနေဖြင့် နှစ်စဉ်ပြုလုပ်နေကြဖြစ်သော ကျောင်းသားကျောင်းသူများ နောက်ဆုံး နှုတ်ဆက်ပွဲ (farewell) ကို ပိတ်ပင်ထားသည် ဟု ကျောင်းသားအများစုပြောဆိုနေကြသည် ။ ကျနော်တို့က နောက်ဆုံးနှစ်ကျောင်းသားများဆိုတော့ ဒီလို အခွင့်အရေးမျိုး နောက်တစ်ကြီမ်ရနိုင်ဖို့
ရာ အကြောင်းမရှိတော့ ဆိုတာသိနေသည် ။ လူဆိုတာကလည်း အခက်သား ၊ ပိတ်ပင်ထားသည်ဆိုကာမှ အနုပညာပိုးတွေက ခန္ဓာကိုယ် ဘယ်ချောင်ကြိုချောင်ကြားက ထွက်လာသည်မသိ ၊ အနုပညာ သမားပီပီ ဂစ်တာတီးချင် သီချင်းဆိုချင် စိတ်များထွက်ပေါ်လာခဲ့သည် ။ ထို့ကြောင့် နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများ စုရုံးပြီး သတ္တဗေဒ ဌာနမှူးဆရာမကြီးထံ(farewell) ကိုဝိုင်းဝန်းတောင်းဆိုရာ ဆရာမကြီးက လိုက်လျော ခွင့်ပြုခဲ့သည် ။ယခုအချိန်ထိ အမှတ်ရနေမိသည် မှာ ပိတ်ပင်ထားသည့်ကြားမှ ယင်းနှုတ်ဆက်ပွဲတွင် သီဆိုခဲ့သော ဂျေမောင်မောင်၏သီချင်း ( ၂ )ပုဒ်သည် အာတွေ့အာတွေ့ပြီး ယခုလို ( ၂၃ )နှစ်ကြာပြီး ကာရာအိုကေသီချင်းဆိုလျှင် ငယ်ကျောင်းသားဘ၀အမှတ်တရ ပြန်ဆိုနေမိသည် ။
ကျောင်းပညာရေး စနစ်ကလည်း ဆွဲဆောင်မှု သိပ်မရှိလှသဖြင့် ကျောင်းချိန်ကို လစ်ကာ ဘာသာရပ် မတူသော သူငယ်ချင်းများနှင့် စာအကြောင်း ပေအကြောင်းပြောရင်း အချိန်ကုန်ုသည်ကိုပင် အကျိုးရှိသည်ဟု အထင်ရောက်နေချိန်လည်း ဖြစ်သည် ။ ကျနော်တို့ငယ်ရွယ်သူများ ပီပီ အချစ်ကဗျာကြောတွင် မျောနေပြီး မှတ်မှတ်ရရ သူငယ်ချင်း ရဲဌေးက ဝေးမောင် ကလောင်အမည်ဖြင့် ကဗျာစာအုပ်ထုတ်ရာ ကျနော်တို့သူငယ်ချင်း တစ်စု ကျောင်းစာတဖက် ကဗျာတစ်ဖက်နှင့် အလုပ်ရှုပ်နေပေသည် ။ ရဲဌေးကနောင်တွင် ညီနိုင် ဟူသော ကလောင်အမည် ကို ယူခဲ့သည်မှာ အဲဒီကဗျာစာအုပ်ထဲက တပုဒ်ထဲမှာ..
ပြေမညီနိုင် ဗွေဂလိုဏ်လမ်းမှာ လျှောက်ပါများရင် ခရီးဆိုတာ သေသပ်လာပါလိမ့်မည်ဆိုသော ကဗျာပိုဒ်မှကလောင်အမည် ညီနိုင် ကိုယူခဲ့ခြင်းဖြစ်သည် ။
ကျောင်းပညာရေး စနစ်ကလည်း အထင်ကြီးစရာ သိပ်မရှိလှပေ ။ ပထမနှစ်မှ နောက်ဆုံးနှစ်ထိသင် ကြားရသော နိုင်ငံရေးသိပ္ပံဘာသာက စာမေးပွဲနီးမှ မသင်ချင်သင်ချင်နှင့် သင်ပေးနေသောဆရာကိုယ်တိုင်ပေးသော မေးခွန်း ( ၅ ) ခုကို ကျက်ယုံဖြင့်အောင်သည် ။ သတ္တဗေဒ ဘာသာရပ်တွင် ကျနော် လက်တွေ့ ခွဲစိတ် ဖြေဆိုရသော လက်တွေ့စာမေးပွဲ၌လည်း သတ္တဗေဒဌာန လက်တွေ့ခန်းတွင် ဖားများများဖမ်းထားလျှင် လက်တွေ့စာမေးပွဲတွင် ဖားကို လက်တွေ့လုပ်ရမည် ။ ကြက်များများ ဖမ်းထားလျှင် လက်တွေ့ ကြက် ၊ မြွေများများ ဖမ်းထားဖို့က မဖြစ်လို့ စာမေးပွဲမှာ မြွေတော့ မလာနိုင် ၊ ဆင်းရဲသော ဌာနဖြစ်လို့ ၀က်ပေါက်တွေ အကောင်များစွာ ၀ယ်ပြီး လက်တွေ့ စာမေးပွဲမှာ လုံးဝမေးမှာ မဟုတ်ဟု အပိုင်တွက်ထားပြီးသား ပါ၊ တခြားဘာသာရပ်တွေကလည်း တစ်ခါတစ်ခါ မေးခွန်းတွေပေါက်နေတတ်သည် ။ ကဲ ဒီလောက်ကောင်းတဲ့ ဆိုရှယ်လစ် ပညာရေး စနစ် ။ ဒါ့အပြင် ကိုယ့်ကိုကိုယ်ဖော် မသူတော်ဟုပဲပြောပြော ၊ အခွင့်သင့်တုန်း တစ်ခုတော့ ကြွားခွင့်ပြုပါ ၊ ကျနော်ကလည်း ပညာရေးတွင် ခေသူမဟုတ်ပဲ ကျနော့အမေ အထက်တန်းပြဆရာမ၏ ပြုစုပျိုးထောင်မှုအောက်တွင် ကျနော် ( ၅ )တန်းမှ ( ၉ )တန်းအထိ အတန်းတိုင်း ပထမ ၊ ဒုတိယနှင့် ( ၅ ) နှစ်ဆက်တိုက် မြို့နယ်လူရည်ချွန်ဖြစ်ခဲ့သော်လည်း မကောင်းသောပညာရေးစနစ်တွင် ( ၁၀ ) တန်း၌ ခြေချော်လက်ချော် အမှတ်မကောင်းကာ သတ္တဗေဒဘာသာကို သင်ယူခဲ့ရသည် ။ ထူးမခြားနား အစမ်းသပ်ခံ ပညာရေး စနစ်၏ သားကောင်းများ ကျနော်တို့ မျိုးဆက်အားလုံးဖြစ်ခဲ့ပေသည် ။
လောက လူသားတို့သည် အပေါ်ယံကို ကြည့်ပြီး အထင်ကြီးကာ လူတွေဟာ နာမည်နောက်လိုက်နေပြီး အတွေးအခေါ်နောက် မလိုက်ကြတော့ဟု ယနေ့ခေတ်ကို ကျနော်တို့ အကြိမ်ကြိမ်သုံးသပ်နေခဲ့သည် ။ ထူးအိမ်သင် နာမည်နှင့်စီးရီးထုတ် သောကိစ္စက အောင်မြင်မှုရနိုင်ပါ့မလားဟုလည်း ဆွေးနွေးချက်ထဲတွင်ပါသည် ။ ထူးအိမ်သင်နှင့် ရင်းနှီးသော ပုသိမ်သားသူငယ်ချင်းများက သူ့ကို ဘဲဥ ၊ ကိုငှက် ၊ ရှပ်ကလေး ဟု ခေါ်ဆိုနေသဖြင့် အဲဒီအထဲက နာမည်တစ်ခုခုနှင့် စီးရီးထုတ်လျှင် ကျိန်းသေ အောင်မြင်နိုင်သည်ဟု ဆိုသူကဆိုသည် ။ပုသိမ် မြို့လယ် ဘဏ်ရှေ့ ရှိ ကျော်ကြား လဘက်ရည်ဆိုင်တွင် ထူးအိမ်သင်၏ ပထမဆုံး စီးရီးဖြစ်သော နာရီပေါ်က မျက်ရည်စက်များ သီချင်းစီးရီးကို နားထောင်ရသည်မှာ ဘ၀ အဓိပ္ပါယ်တစ်ခုခုကို လုပ်ရန် တိုက်တွန်းပြောပြနေသလိုလို နှစ်ခြိုက်ခံစားမိခဲ့သည် ။ ထူးအိမ်သင် သီချင်းစာသားများဖြစ်သော အိုညီလေးရေ မှန်တာလုပ်လိုက် ဟုတ်တာပြောပေါ့ မကြောက်နဲ့ကွာ ကမ္ဘာမြေကြီးဟာ မင်းအတွက် သက်သက်ဝန်ပိုမလေးဖို့ရာ....ခေတ်အရိပ်ကို ထင်ဟပ်နေသောစာသားများ၏ ခေါ်ဆောင်ရာကို လိုက်ရင်း အာဏာရှင်စနစ်ကို တော်လှန်ခဲ့သောမိမိလုပ်ရပ်အတွက် မိမိဘယ်တော့မှ နောင်တရမည် မဟုတ်ပါ...။
၁၉၈၇ ခုနှစ်စာပေဟောပြောပွဲတွင် ဆရာမောင်သော်က၏ စာပေဟောပြောပွဲသည်လည်း ပုသိမ်မြို့၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်မည်ဟု အဲဒီအချိန်က မထင်မှတ်ခဲ့ပါ ။ စာပေ၀ါသနာပါသော ကျနော်သည် စာပေဟောပြောပွဲသို့ စာပေသူငယ်ချင်းများနှင့်အတူ သွားဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ဆရာ့စကား ဆရာ့ဟောပြောချက်များ ယနေ့တိုင် ကြားယောင်နေမိသည် ။ စာပေဟောပြောပွဲတွင် ဆရာဟောပြောသည်မှာ စနစ်နဲ့ခေတ်ရဲ့ဖောက်ပြန် ဖြစ်ပျက်နေသည်ကို ထိမိစွာ သရော်သဖြင့် လာရောက်နားထောင်သောလူထုမှ ၀က်ဝက်ကွဲ ရုံပြည့်ရုံလျှံ အားပေးခဲ့ပေသည် ။ ဆရာ့ဟောပြောချက်များမှ ကျနော် မှတ်မိသလောက် ပြန်ဖောက်သည်ချရလျှင် ဆရာက အခုနောက်ပိုင်း ( ၁၉၈၇ ) ကာလတွေမှာ နိုင်ငံတော် ဥက္ကဌ ကြီး ပြည်နယ်တိုင်းများသို့ လာရောက်လျှင် ဒေသဆိုင်ရာ ပါတီ ကောင်စီ အကြီးအကဲများသည် နိုင်ငံစီးပွားရေး နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွေ မေးမြန်းခြင်းထက် တိုးတိုးလေးကပ်ပြီး ဆွေးနွေးမေးမြန်းနေကြသည်မှာ ယခုအပါတ်ထွက်မဲ့ ချဲနံပတ်ဟာ ဘာဖြစ်နိုင်သလဲဟု မေးမြန်းနေကြသည်ကများကြောင်း ၊ နိုင်ငံတော် ဥက္ကဌ ကြီးက တစ်ယောက်နှင့်စကားပြောလို့ မအားမလပ်ဖြစ်နေလျှင် ပြည်နယ်ပါတီ ကောင်စီ အကြီးအကဲများသည် သမတ္တကြီး၏ ဒရိုင်ဘာကိုပင် ဆရာတင်ပြီး ချဲနံပတ်ဟာ ဘာဖြစ်နိုင်သလဲဟု မေးမြန်းနေကြကြောင်း ဆရာမောင်သော်က က အာဝဇွန်းရွှင်ရွှင် ပရိသတ်ကို ပွဲခံခဲ့သည် ။ ဆင်းရဲမွဲတေနေသောလူထုကတော့ ဆင်းရဲခြင်းမှလွတ်မြောက်ဖို့ ကြိုးစားရင်း ချဲစွဲနေပေရာ သမတ္တကြီးစီးလာသော ကားနံပါတ်ကိုပင် အလွတ်မပေးပဲ ပါတ်လည်ရိုက် ချဲထိုးနေကြကြောင်း ဆရာ့ ဟောပြောချက်များ ယနေ့တိုင် ကြားယောင်နေမိသည် ။ ဆရာ့ဟောပြောချက်နောက်တစ်ခုမှာ အခုပုသိမ်ကို လာရာ VIP ( Very Important Person )တွေ တော်တော်တွေ့ရကြောင်း ၊ ယနေ့ ဈေးသို့သွားစဉ် မီးသွေးဆိုင်တစ်ခုမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကိုတွေ့ရလို့ စိတ်ဝင်တစား ၀င်မေးကြည့်ကြောင်း ၊ ထောင်ထားတဲ့ ဆိုင်းဘုတ် ( ၂ ) ခုမှာ တစ်ခုက ရိုးရိုးမီးသွေး ဖြစ်ပြီး နောက်တစ်ခုကတော့ VIP မီးသွေးဖြစ်ကြောင်း ၊ ဘာများကွာသလဲမေးကြည့်တော့ VIP မီးသွေးက မဲမဲ ပုပု တုတ်တုတ် ၀၀ တွေဖြစ်ကြောင်း ပြောပြရာ ပုသိမ်မှာ VIP တွေဆိုရင် မဲမဲ ပုပု တုတ်တုတ် ၀၀တွေသာဖြစ်ကြောင်း ပြောကြားရာ လူထု ပရိသတ်က အားပါးတရအားပေးသလောက် စာပေဟောပြောပွဲရှေ့ဆုံးတန်းမှာ ထိုင်နေသော စစ်တပ်မှ အများစုဖြစ်သော ပါတီ ကောင်စီ မှ မဲမဲ ပုပု တုတ်တုတ် ၀၀ VIP လူကြီးတွေမှာ မချိသွားဖြဲ ဖြစ်ခဲ့ရသည် ။
ပြည်သူလူထုတရပ်လုံးသည် မှားယွင်းဖောက်ပြန်သော စနစ်အောက်တွင် ဆင်းရဲမွဲတေလျက်ရှိပြီး တိုင်းပြည်သည်လည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပေသည် ။ ကျနော်တို့ စာပေ အနုပညာလောကတွင်လည်း အနုပညာသည် အနုပညာအတွက်လား..အနုပညာသည် ပြည်သူ့အတွက်လား မေးခွန်းများစွာ မဂ္ဂဇင်းစာမျက်နှာများတွင် ဆူညံလျက် ရှိချိန်လည်း ဖြစ်သည် ။
၁၉၈၇ စက်တင်ဘာလ ( ၅ ) ရက်နေ့တွင် ၂၅ ကျပ်တန် ၊ ၅၀ ကျပ်တန် ၊ ၇၅ ကျပ်တန် ငွေစက္ကူများကို အစိုးရမှ တရားမ၀င်သတ်မှတ်ရာ ပုသိမ်တက္ကသိုလ်တွင် ကျောင်းသားလှုပ်ရှားမှုများ ဖြစ်ပွားခဲ့သည် ။ စီးပွားရေး ကျဆင်းသော ဒဏ် ၊ ညံ့ဖျင်းသော ပညာရေး စနစ်ဒဏ်ရာ ဒဏ်ချက်များဖြင့် ရင်ဆိုင်နေရသော ပုသိမ် ကျောင်းသားထုမှာ တစ်စုံတစ်ခုအတွက် ပေါက်ကွဲချင်နေချိန်လည်းဖြစ်သည် ။ တိုက်ဆိုင်မှုဟု ဆိုရမည်လား အဲဒီအထဲမှ အဆိုးဝါးဆုံး အဖြစ်အပျက်မှာ အဆောင်ဖဲဝိုင်းတွင် ဖဲလာရိုက်သော ပုသိမ်ရဲမှုးကြီးသားကို ကျောင်းသားထုကရိုက်သတ်လိုက်ကြသည် ။ ယခုခေတ်လို ကွန်ပြူတာ အင်တာနက်များ မရှိခြင်းကြောင့်လည်း ကောလဟလများ အလွန်တတရာ ဖောင်းပွကာ ပျဉ်းမနားစိုက်ပျိုးရေး တက္ကသိုလ်တွင်ပဲ အရေးအခင်းဖြစ်သလိုလို ၊ တောင်ကြီးမှာ ဘုန်းကြီးရဟန်း နှင့် မူဆလင်ဘာသာဝင်များ အဓိဂရုဏ်း ဖြစ်သလိုလို ပြောဆိုကာ ဖြေဆိုနေသော ကျောင်းစာမေးပွဲများကိုလည်း ရပ်တန့်ပြီး တက္ကသိုလ် ကောလိပ်ကျောင်းများကို တပြည်လုံးအတိုင်းအတာ ပိတ်လိုက်တော့သည် ။ အစိုးရကတော့ ကျောင်းသားထု မငြိမ်မသက်ဖြစ်မည်ကို အလွန်တရာ ကြောက်ရွံ့နေသည်မှာထင်ရှားပေသည်
ကျနော်နှင့်ရဲဌေးသည် ၁၉၈၇ ကျောင်းများပိတ်ထားချိန်တွင် စာပေ အနုပညာအလုပ်များကို လုပ်ခဲ့သလို တခြားတစ်ဖက်တွင်လည်း ကဗျာဆရာ ကိုအောင်ပွင့်ထံမှ နိုင်ငံရေး စာအုပ်ကောင်းများကို ဖတ်ရှုနိုင်ခဲ့ပေသည် ။ သခင်စိန်ခို ( ဗိုလ်ချုပ်အောင်ဆန်းတို့ဖဆပလခေတ်မှ ခေါင်းဆောင်တစ်ဦး ) ၊ ဦးစိန်မောင် ( ဦးနုလက်ထက် ဖဆပလ အမတ်ဟောင်း ) တို့ထံမှလည်း သြ၀ါဒ ခံယူခဲ့ပေသည် ။ နောင်တွင် ရဲဌေးသည် နိုင်ငံရေးစာတမ်းများကို ကိုယ်တိုင်ရေးသားပြီး ဖြန့်ဝေခဲ့သည် ။ ထိုသို့ဖြန့်ဝေရာတွင် ရန်ကုန်မှ ရသော စာတမ်းများဖြစ်သည်ဟု ပြောဆိုဖြန့်ဝေခဲ့ကြသည် ။လူတွေကလည်း ရန်ကုန်မှလာသော စာတမ်းဆိုမှ အထင်ကြီးကြသည် မဟုတ်ပါလား ။
နောက်ဆုံးတက္ကသိုလ် ကောလိပ်ကျောင်းများ ပြန်ဖွင့်ရာ အစိုးရအနေဖြင့် ဆူဆူပူပူ လှုပ်လှုပ်ရှားရှားလုပ်မည့်သူများ ကျောင်းဝန်းကျင်တွင် မမြင်တွေ့လိုတော့လားမသိပေ ကျနော်တို့ မှာ နောက်ဆုံးနှစ်စာမေးပွဲကို သိပ်မဖြေနိုင်လည်း အောင်ပြီး ဘွဲ့ရခဲ့ပေသည် ။ အဲဒီလို ကျောင်းပြီး ဘွဲ့ရကာ ပုသိမ်တက္ကသိုလ်ကို ကျောခိုင်းပြီး ဘ၀၏တိုက်ပွဲတွင်းသို့ဝင်ရောက်ရာ အချိန်တိုအတွင်း မထင်မှတ်သော အဖြစ်အပျက်များက ရှေ့မှာ တန်းစီဖြစ်ပျက်ခဲ့ပေသည် ။
၁၉၈၈ မတ်လ အရေးအခင်းမှသည်( ၈၈၈၈) ပုသိမ်လူထု လှုပ်ရှားမှုဆီသို့
၁၉၈၈ မတ်လ အရေးအခင်းတွင် ရဲဌေးနှင့်အသိအကျွမ်းဖြစ်သောပုသိမ်မှ ကိုထွန်းဝင်း ( RIT နောက်ဆုံးနှစ် ) နှင့်အတူ ကျနော် အမချစ်သူ ကိုမြင့်ညွန့်ဦး ( နောင်တွင် အမယောင်္ကျား ဖြစ်လာသူ )တို့ ထောင်ကျသွားသည်ဟုသိလိုက်ရသည် ။ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး အတွက် ကျနော်တို့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်ရမည်ဟု ကျနော်တို့ ဆုံးဖြတ်လိုက်ကြသည် ။ ကွန်ပြူတာ မရှိသော ခေတ်မှာ အဲဒီအချိန်တွင် ခေတ်စားနေသော ဦးအောင်းကြီး၏ နိုင်ငံရေး စာတမ်း ကို မိတ္တူကူပြီး ဖြန့်ဝေရသည်ကပင် ဧရာမစွန့်စားမှုကြီးဖြစ်ခဲ့ပေသည် ။ ထိုအချိန်တွင် ကျနော်မိဘများက ကျနော်လျှို့ဝှက်လုပ်ငန်းများအား ရိပ်မိသလားမသိပါ ၊ကျနော်ကို အလုပ်ခွင် ၀င်ရန်စီစဉ်ပါသည် ။ ကျနော့အဖေသည် ထိုအချိန်က လူဝင်မှုကြီးကြပ်ရေး ဌာနတွင် ဒု လက်တောက်တိုင်းမှူး ( တိုင်းဌာနစိတ်မှူး )ဖြစ်နေသဖြင့် လူဝင်မှုကြီးကြပ်ရေးတွင် တာဝန်ထမ်းဆောင်ရန် အားလုံးစီစဉ်ပေးမည်ပြောပါသည် ။ အမေသည်လည်း အနှစ် ( ၂၀ ) ကျော် အထက်တန်းပြဆရာမ အဖြစ်တာဝန်ထမ်းဆောင်နေရာ ကျနော့်လုပ်ရပ်များက မိသားစု ထမင်းအိုး ကွဲမည်ကို စိုးရိမ်နေပုံရပါသည် ။ အဖေနှင့်အမေသည် နှစ်ပေါင်းများစွာ အစိုးရတာဝန်ထမ်းဆောင်သော်လည်း ရိုးသားကြိုးစားပြီး လာဘ်ပေးလာပ်ယူ မလုပ်သဖြင့် ကျနော်တို့မောင်နှမ ( ၃ ) ယောက်၏ တက္ကသိုလ်ပညာသင်စားရိတ်နှင့်အတူ စီးပွားရေး ပြေလည်လှသည်တော့မဟုတ်ပါ ။အဖေ့အလုပ်အစီအစဉ်ကို ငြင်းဆိုပြီး ကျနော် နှင့် ရဲဌေး တို့သည် ဦးအောင်ကြီး စာတမ်းများကို မိတ္တူကူး ပြီး နယ်ဒေသများသို့ ဖြန့်ဝေရန်ကြိုးစားနေချိန်ဖြစ်သည် ။ နောင်တွင် ထောက်လှမ်းရေးမှ လိုက်လံ ဖမ်းဆီးနိုင်သည်ကို သိရှိပြီး ပုသိမ်မှ ရှောင်ရန် ကြိုးစားခဲ့ရသည် ။ ထိုအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် နိုင်ငံရေးသမားဟောင်း တစ်ယောက်၏ အဆက်အသွယ်ဖြင့် သူတို့နယ်တွင် တွဲဖက် အထက်တန်းပြဆရာ အဖြစ်ကမ်းလှမ်းရာ ထူးအိမ်သင်သီချင်း ဖြစ်သော( ခေါင်းလောင်းကြီးလည်း အိပ်ပျော်နေစဲ စာသင်ခုံတွေလည်း ဖယိုဖရဲ ပိုးစားချကိုက်နေ ကျေးလက်က ဆရာသူငယ်ချင်းရယ် စိတ်ဓာတ်လေးဖြူစင် သန့်ရှင်းတယ် ကွက်လပ်ဖြည့်လိုက်ပေါ့့ ဆရာသူငယ်ချင်းရယ် ) သိချင်းကို ငြိနေသော ကျနော်တို့ သူငယ်ချင်း ( ၃ ) ယောက် တွဲဖက် အထက်တန်းပြ ဆရာအလုပ်ကို လက်ခံလိုက်သည် ။
ပုသိမ် ချောင်းသာ ပင်လယ်ကမ်းခြေ အနီး သဇင်တွဲဖက် အထက်တန်းကျောင်းတွင် ကျနော် ၊ ရဲဌေး ၊ ကျော်ကျော်ဦးတို့သည် ( ၉ ) တန်း ၊ ( ၁၀ ) တန်းကိုစာပြရသော တွဲဖက်အထက်တန်းပြဆရာများ ဖြစ်လာခဲ့သည် ။စာသင်ကျောင်းဟာ ဒီမိုကရေစီ စာသင်ကျောင်းလို ဖြစ်ခဲ့သည်ကို နောက်အလျဉ်းသင့်လျှင်ရေးပါမည် ။ ကျနော်တို့ တပည့်များကလည်းများများစားစားမဟုတ် အယောက် ( ၁၅ ) ယောက်နီးပါး ဖြစ်ပြီး စာသင်ရိုးညွှန်းတမ်းကို ကျောင်းအုပ်ကြီးနှင့်တိုင်ပင်ပြီး ကျနော်တို့ကိုယ်တိုင်ရေးစွဲရသည် ။ကျေးရွာမှ စီစဉ်ပေးသဖြင့် ( ၂ ) ထပ်အိမ် တစ်လုံး အပေါ်ထပ်တွင် နေထိုင်ရပြီး အုန်းရွက်လေတိုးသံနှင့်အတူ ပင်လယ်လှိုင်းသံကို အတိုင်းသားကြားနေရသည် ။ စာပေ၊ အနုပညာ ၊ ဂီတ ၊ ကဗျာတွေခံစားတတ်သော ကျနော်တို့ အဖို့ နိဗာန်ဘုံဖြစ်ခဲ့ပေသည် ။ အချုပ်ဆိုရသော် ကျောင်းသား ( ၅ ) ယောက်လောက်က ကျနော်တို့နှင့်အတူ လာအိပ်လျှင် ညဆို ဂစ်တာတီးသူတို့ကို သင်ပေးသည် ။နေ့ခင်းစာသင်ချိန်တွင် ကျောင်း သင်ခန်းစာထက် ကျနော်တို့ ပြောသော ဦးသန့်အရေးအခင်း ၊ ကတ်စရို ၊ ချေဂွေဗားရား ၊ ဗီယက်နမ်တော်လှန်ရေး ၊ကိုသူတို့စိတ်ဝင်စားသည် ။ ညနေတွင် ရွာမှစီစဉ်ပေးသော ထမင်းချိုင့်ကို စောင့်ရင်း တစ်ခါတစ်ခါ ကျောင်းသားနှင့်ဆရာ ဘော်လုံးအတူတူ ကန်တဲ့နေ့ရှိသလို BBC ၊ VOAအတူတူ နားထောင်သောညများလည်း ရှိခဲ့သည် ။ တစ်ခါတစ်ရံလည်း အိမ်အလွမ်းပြေ ကျောင်းသားတွေမသိအောင် ဆိုင်မှာခွက်ပုန်းခုတ်ရင်း အာဘောင်အာရင်း သန်သန် နိုင်ငံရေးကိုငြင်းခဲ့သည်များလည်းရှိသည် ။ အမှတ်တရဖြစ်စရာ တစ်ခုကတော့ ဦးနေ၀င်းက ရေဒီယိုမှနေပြီး တစ်ပါတီသွားမည်လား ၊ ပါတီစုံသွားမည်လားကြေငြာစဉ် ကျော်ကျော်ဝင်းနှင့် ရဲဌေး ဆရာနှစ်ယောက် ရေဒီယိုနားထောင်ရင်း လက်ရှိနိုင်ငံရေးကို ဝေဖန်လေကန် နေရာ ပါတီစုံသွားသင့် မသွားသင့်အငြင်းပွားရင်း ထထိုးကြသဖြင့် အနီးအနားရှိကျေးရွာ လူကြီးမှ ကြားဝင်ထဆွဲခဲ့ရသည် ။ တဖက်က စာသင်ရင်း တခြားတဖက်ကလည်း လက်ရှိနိုင်ငံရေးကို မျက်ခြေမပြတ်ကြည့်နေရသည် ၊ အနာဂတ်အတွက်လုပ်ကိုင် စရာတွေ တပုံတပင် ရှိသေးသည် မဟုတ်ပါလား ။
နောက်ဆုံးတွင် သခင်အောင်ဆန်း အကြောင်းကိုသင်ပြီး ရိုးရာဝတ်စုံကို အားပေးရမည်ဟု ပြောဆိုလိုက်ရာ တပည့်အားလုံး ထိုင်းစင်ကြယ် ဖိနပ်များ မစီးတော့ပဲ ကျနော်တို့စီးသလို အားလုံး ခုံဖိနပ်တွေပဲ စီးကျတော့သည် ။ပျဉ်နှင့် ဆောက်လုပ်ထားသော ( ၂ ) ထပ်ကျောင်းဆောင်ဖြစ်သဖြင့် ကျနော်တို့ ဆရာ တပည့်အားလုံးရဲ့ သခင်စိတ်ပေါက်နေသော ခုံဖိနပ်သံကြောင့် ကျနော်တို့ကို ကျောင်းအုပ်ကြီးမှ ခေါ်ယူသတိပေးရသည့် အဖြစ်ကို ရောက်ခံရသည် ။ဒီလိုနှင့် ထောင်မှလွတ်လာသော ကိုထွန်းဝင်း အပါအ၀င် ( ၁၄၁ ) အုပ်စုမှ တစ်ချို့နှင့် အဆက်အသွယ်ရယူကာ တပြည်လုံးအတိုင်းအတာ တစ်ခု ထိဖြစ်အောင်လုပ်ဆောင်မည့် ( ၈.၈.၈၈ )လှုပ်ရှားမှုကြီးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန် အသင့်ပြင်ထားပြီးဖြစ်သည် ။ ကျနော်တို့ တပည့်များကိုလည်း အရိပ်အမြွက်ပြောထားရာ ကျနော်တို့ ( ၈.၈.၈၈ )အရေးအခင်းကို ပုသိမ်မြို့ပေါ်တွင် လုပ်လျှင်သူတို့ပါလိုက်မည် ၊ ကျနော်တို့ လက်နက်ကိုင်တောခို လျှင်သူတို့ပါလိုက်မည်ဟု မရမက ပြောဆိုကြရာ မနည်းဖျောင်းဖျထားခဲ့ရသည်ကို ယနေ့ထိသတိရနေစဲဖြစ်သည် ။
ပုသိမ်မြို့ ( ၈.၈.၈၈ ) အရေးအခင်းကာလ တွင် ရဲဌေးနှင့် ကျနော်တို့ တက်တက်ကြွကြွ လူထုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပုံများ ၊ စစ်တပ်မှ ပစ်ခတ်သည့် ( ၈.၈.၈၈ ) အရေးအခင်းညမှာ ပုသိမ်တဖက်ကမ်း ဘုန်းကြီေးကျာင်း၌ မိမိကိုယ်ကို သေသူအဖြစ်သတ်မှတ်ကာ သရဏဂုံတင်ပြီး ဘုန်းကြီးမှ သဃန်းစများကို လက်မှာစီး နဖူးမှာစီးစေခဲ့သောနေ့များ ၊ ပစ်ခတ်ဖမ်းဆီးနေသည့်ကြားမှ နိုင်ငံရေး တရားပွဲများကို စက်လှေတစ်စီးဖြင် ဆိပ်ကမ်းတစ်ခုဝင် တစ်ခုထွက် တရားဟောခဲ့ပုံများ ၊ ပုသိမ်မြစ်ရိုး တစ်လျောက်တွင် စစ်တပ်၏ ပစ်ခတ်မှု ကြောင့် ပေါ်လော မျောနေသော လူသေအလောင်းများ ၊ ( ၈.၈.၈၈ ) အရေးအခင်းကာလတွင် ပုသိမ် ထောင်မှအကျဉ်းသားများကို ဆူပူအုံကြွသည်ဟု ဆိုကာတစ်ညလုံးပစ်ခတ်နေသော သေနတ်သံများ ၊ ထောက်လှမ်းရေးမှ လိုက်လံဖမ်းဆီးသဖြင့် ပုသိမ် မုံရွာ လမ်းမကြီးပေါ်ရှိ သစ်ကောင်းအိမ် ( ဇော်ကြီး ) တို့အိမ်တွင် ခိုးချောင်ခိုးဝှက် အိပ်ခဲ့သောည ၊ ကျောင်းသားသမဂ္ဂ မရှိသေးသဖြင့် ကျောင်းသား အရပ်သား လူငယ် အားလုံး ပါဝင်နိုင်သော ခေါင်းစဉ်ဖြင့် ဧရာဝတီတိုင်း မျိုးချစ်လူငယ် တပ်ဦးကို ဖွဲ့စည်းပြီး သပိတ်စခန်းဖွင့်ခဲ့ပုံများ ၊ သပိတ်စခန်းဖွင့်ပြီး လူထုရာပေါင်းများစွာ သပိတ်စခန်းမှာ အတူနေခဲ့ပုံများ ကို ရုပ်ရှင် အနှေးရိုက်ကွက်လို အတိတ်ကို ပြန်မြင်ယောင်နေမိသည် ။ နောက်ဆုံးတွင် ၈.၈.၈၈ အရေးအခင်းကာလတွင် လက်နက်ကိုင်တော်လှန်ရေးအတွက် တောခိုရန် ဆုံးဖြတ်ပြီး မိဘကိုပင် အသိမပေးပဲ ကိုထွန်းဝင်း ၊ ရဲဌေး ၊ ချိုတူး ( ဆောင်းယွန်းလ ) တို့နှင့်အတူ ပုသိမ်ကို တိတ်တဆိတ် စိတ်ဖြင့် လက်ပြနှုတ်ဆက်ခဲ့သည်မှာ ( ၂၃ ) နှစ်ရှိခဲ့ပေပြီ ။
ဆရာ မကြာခင် ပြန်လာမှာပါဟု ဂတိပေးခဲ့သော ကျနော် ဟာ ၁၉၈၈ စက်တင်ဘာ စစ်တပ်မှ အာဏာ သိမ်းချိန်မှစပြီး လက်နက်ကိုင် တော်လှန်ရေးအတွက် တောခို ခဲ့ရာ တပည့်တွေနှင့် ခွဲခွာခဲံရသည်မှာ ( ၂၃ ) နှစ်ရှိခဲ့ပေပြီ ။ ကျနော်သည် ယနေ့အချိန်ထိ နှစ်ပေါင်း များစွာတပည့်များကို အဆက်အသွယ်မလုပ် ပဲထားခဲ့ရာ ၈.၈.၈၈ မြန်မာပြည်ဒီမိုကရေစီ အရေးအခင်းတွင် ကျနော် ကျဆုံးသွားပြီဟု တပည့်များက ထင်မြင်ယူဆ ကောင်း ယူဆနေပေမည် ။ ကျနော့ တပည့်များနေထိုင်ရာ ချောင်းသာ ပင်လယ်လမ်းခြေအနီး သဇင်ကျေးရွာလည်း နာဂစ်မုန်တိုင်း ဒဏ်ကြောင့် တပည့်များ အသက်ရှင်လျက် ရှိပါဦးမည်လား ဟုထိန့်လန့်စွာ တွေးနေမိသည်မှာလည်း များပြီ ။
ကျနော်ဆိုတဲ့လူကလည်း မှန်တာထင်ရင် ရေကုန်ရေခမ်း လုပ်တတ်တဲ့စိတ်ရှိ သဖြင့် မိဘကိုပင် တောခိုပြီးနောက် ဆယ်နှစ်ဆယ်မိုး အဆက်အသွယ်မလုပ်ပဲနေခဲ့ရာ မိဘက ကျနော့် အတွက် သေပြီအထင်နှင့် ဆွမ်းသွပ်အမျှဝေပြီးခဲ့ပြီ ။
ကျနော့ အမေသည် ကျနော့်အတွက် ဗေဒင်မေး ၊ နတ်ကနားပေး ၊ ဘိုးတော်မယ်တော် ရှိရှိ သမျှ အကုန်မေးမြန်းလှူဒန်းသလို ကျနော် သရဲတစ္ဆေလို အရိပ်ပြမှာကိုပင် မကြောက်ပဲ စောင့်ကြည့်ချင်သည့် အမေမျိုးဖြစ်သည်ဟု ကျနော်ကို အနှစ် ( ၂၀ ) အတွင်း ထိုင်းမြန်မာနယ်စပ်မှာ လာတွေ့စဉ် ငိုယိုပြီးပြောပြသည် ။ကျနော် အဖေသည် ကျနော်ဖုန်းပြောစဉ် နားလေးပြီး ဘာမှ မကြားနိုင်အောင်အို မင်းနေပေပြီ ။ ကျနော့အနေဖြင့် မိစုံ ဖစုံရှိနေခြင်းပင်လျှင် ကံကြမ္မာက ကျနော့ကို မျက်နှာလိုက် သလိုဖြစ်ပြီး ကျနော့ ချစ်ဇနီး လေးလေးနွက် ၏ မိဘနှစ်ပါးလုံး ကွယ်လွန်ဆုံးပါးပြီး သူမ အမေကို ( ၈.၈.၈၈ ) အရေးအခင်းမှစတင်တောခိုလာချိန်သည် နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်သည် ။ ဒီစာသည် ကျနော်တို့လို ဘ၀တူများကတော့ ခံစားနားလည်ကြမည်ဟု ထင်ပါသည် ။
ကျနော်သည် ဒေသစွဲ မရှိပေမဲ့ အခုလို အင်တာနက် စာမျက်နှာများတွင် ၂၀၁၂ ဖေဖော်ဝါရီလ( ၇) ရက်နေ့၌ ပုသိမ်မြို့သို့ လူထုစည်းရုံးရေး ခရီးသွားမည့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်အတူ ထိုနေ့ရက်တွင် ပုသိမ်တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အမေစုအား ကြိုဆိုခွင့်မရစေရန် အစမ်းစာမေးပွဲ ကျင်းပမည့် သတင်းများကို ကြည့်ပြီး စိတ်အစဉ်သည် နှစ်ပေါင်းများစွာ ခွဲခွာခဲ့သော အမေ့အိမ်ရှိရာ ပုသိမ်သို့ရောက်သွားသည် ။
အမေစု သည် မြန်မာပြည်အတွက် လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းရေးစသော ဒီမိုကရေစီအောင်ပန်းကိုယူဆောင်လာမည်ဟု ကျနော်တို့ ပုသိမ်သူ ပုသိမ်သားများအပါအ၀င် မြန်မာပြည်သူပြည်သား အားလုံးက လေးလေးနက်နက် ယုံကြည်နေပေသည် ။ပြုပြင်ပြောင်းလဲရေးကို လိုလားသော အစိုးရသည် ကျောင်းသား လူထုနှင့် ထိပ်တိုက်ရင်ဆိုင်မည့်နည်းအစား သမာသမတ်ကျသော တရားမျှတမှုဖြင့်သာ အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ဖြင့် တိုက်တွန်းရေးသားလိုက်ပါသည် ။
 
အောင်ခိုင်မြင့်

0 comments: