Monday, February 27, 2012

ညီမလေးရေ နမိတ်မရှိ နမာမရှိ

သိပ်တော့ အဓိပ္ပါယ်မရှိပါဘူး
အတွေးတွေ မူးဝေတဲ့အခါ
ပြေလိုပြေညား
ဘူတာလေးနား
ကိုယ်သွားထိုင်တတ်တယ်။

ညက
လေးလေးလံလံ အိပ်မက်လို့
လိပ်ပြာထွက်ပေါက် မရှိ
ညောင်းချိနေတဲ့ ဦးဏှောက်တွေနဲ့
တံတားပေါ်လျှောက်လာ
အမှိုက်တွေ မျောတာကြည့်လို့
ပျို့အန်ချင်လာတယ်။

ရထားလမ်းဆုံးတွေ
အမိုးခုံးထဲသို့ တိုးဝင်သွားတယ်
ပြီးဆုံးခြင်းတရားဆိုတာ
မရှိဘူး မဟုတ်လား။

ကြေးနန်းတိုင်များပေါ်မှာ
အုပ်ကြွပ်နီပြားပေါ်မှာ
ငှက်ငယ်များ
အတောင်ပံပြန့်ကားလို့
အဝေးသို့ ပျံမသွား
အသိုက်ဖွဲ့ထားကြတယ်။

ကောင်းကင်ကျကျမှာ
သက်ပြင်းစတွေ ရောဖျော်လို့
မျဉ်းပြိုင်ပေါ်ထိုင်ရင်း
ညီမလေး သတင်းကြားချင်တယ်။

တွေ့မြင်နေရတာတော့
ရထားစက်ခေါင်း အပျက်များ
သူတောင်းစား မိသားစု
အဓိပ္ပါယ်မဲ့ လမ်းပျက်တခုပဲပေါ့။

အညိုအမဲစွဲ
ကောင်းကင်ကြီးအောက်
တယောက်ထဲ လမ်းလျှောက်ပြန်ခဲ့တယ်။
<ညီမလေးရေ>
လက်ပမ်းကျသူအတွက်
အိပ်မက်ဆိုးချည်းပဲလေ။

ချမ်းလိုက်ပုံများ
ဆောင်းညတွေရဲ့ ငှက်ဖျားပုံမျိုး
သွေးဥတွေ တိုးဝှေ့ ပိတ်သိပ်လို့
တိတ်ဆိတ်စေးပျစ်
သစ်ရွက်ပေါ် ရေကျသံကြားရတယ်။
<ကိုယ်ပန်းခူးနေရက်က>
တပေါက်
နှစ်ပေါက်
ညည့်ကို အပေါက်ဖောက်လို့
တိမ်တို့ လမ်းလျှောက်လာ
ပြာနှမ်းနှမ်း ခါကျ
ကိုယ့်ကို အရူးအမူး နမ်းကြတယ်။

ပန်းတွေ ပွေ့ပိုက်လို့
ပြေးလိုက် မောလိုက်
တွေ့လိုက် ဝေးလိုက်။

မင်းအ၀တ်အစားတွေ
ငွေသားပြိုးပြက်
အိပ်မက်ဆန်လှ
လှတယ်.. သိပ်လှတယ်
ချစ်သူရေ
ရောက်တော့မယ်ကွယ်။

ကိုယ်ပေးတဲ့ပန်းတွေ
အလို နီရဲလို့
ရီနေတဲ့ ညီမလေး အသံထဲလည်း
သွေးစတွေရွှဲ
မှုန်ဝါးဝါး အိပ်မက်ထဲမှာပေါ့။

အတွေးတွေ လေးလံလို့
ကိုယ်အသံကျယ်ကျယ် မပြုရဲဘူး။
မနက်ဖြန်ကူးတဲ့အခါ
ပဲ့တင်ပြန်လာမှာ စိုးနေတယ်။

ဘာများပါလိမ့်ကွယ် ?

ယောဟန်အောင်
ဇူလိုင် ၂၅၊ ၁၉၈၇။

0 comments: