Monday, February 27, 2012

တောင်သူကုန်းလမ်း

သူမတို့အိမ်နဲ့
ကျနော်တို့အိမ်
ဆက်ထားတဲ့ လမ်းကလေးဟာ
စုံထောက်ဝတ္ထု ဖြစ်လာတယ်။

ညနေတိုင်း
ရာဇ၀င်ရေးခဲ့တယ်။
ဧရာဝတီ ဖြစ်လာအောင်
ယန်စီ ဖြစ်လာအောင်
သူမ ချစ်လာအောင်ပေါ့။

ချစ်သူဆီသွားတဲ့ ခြေလှမ်းများဟာ
ဆံပင်ညှပ်ထားတဲ့ ညနေပါပဲ။
ရေချိုးရင်းက လေချွန်တယ်
ဝတ္တရားမြွေ အရေခွံလဲလို့
ဖိနပ်အမဲ နှစ်ဖက်ဟာ
ကောင်းကင်မှာ လျှောက်ရ။

အသေးဖွဲတွေသာ
များများလာလေ
သူမဟာ ဖွဲ့နွဲ့နေခဲ့ရဲ့။
အခုတော့
ညနေသီချင်း၊ တုန်ခါပျက်ယွင်း
ရေဒီယို သီချင်းသံကြားက
သူမအိမ်မှာ
ကိုယ်နားခိုချင်ပါတယ်။
ခွင့်မရ
ခြံတံခါးများ၊ ပိတ်ထားခဲ့ကြ။

မှောင်နေတဲ့ လမ်းကလေးပေါ်မှာ
ကိုယ့်အတွေးများက
ဓာတ်တိုင်တွေ ဖြစ်တယ်။
လင်းနို့တွေက၊ မျှော်လင့်ခြင်းစ
ပြင်သဖာချုပ်
ကောင်းကင်ကို အုပ်မိုးနေ။

သူမက
ဘိန်းဖြူလို ပြုံးတယ်။
နွားနို့လို ပြုံးတယ်။
အဲသည်လိုနဲ့ပဲ
ဓူဝံကြယ်ပဲ၊ တကယ်မြင်ရ
နက်ဖြန်ထပ်သွားရတော့မယ်။

သူမတို့ အိမ်ဝင်း
ပြူတင်းတံခါးလည်း
'ဂျိန်း' ကနဲ ပိတ်ရော..
တလောကလုံး မှောင်ကျသွားတယ်။

ယောဟန်အောင်
ဇွန် ၃၀၊ ၁၉၈၇။

0 comments: