Wednesday, February 1, 2012

ဒီမိုကရေစီခရီး နီးအောင်ပင်လှမ်း

မောင်ဝံသ

နှစ်သစ်မှာ ပထမဆုံး ထွက်ပေါ်လာခဲ့တဲ့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကြောင့် အတော်ကလေး စိတ်ပျက် လက်ပျက် ဖြစ်သွားခဲ့တဲ့ ကျွန်တော်တို့ တစ်တွေ ပထမ အမိန့်ထွက်ပြီး ရက်သတ္တ နှစ်ပတ်တောင် မကြာသေးတဲ့ အချိန်မှာ ထပ်မံ ထွက်ပေါ်လာတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ နောက်တစ်နေ့မှာ ကြားရ မြင်ရတဲ့ အဖြစ်အပျက်တွေကြောင့် တကယ့်ကို လှိုက်လှိုက် လှဲလှဲ ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ရတယ်ဗျာ။ ယခု ဇန်နဝါရီ ၁၃ ရက်မှာ လွှတ်လိုက်ပုံက အစုလိုက် အပြုံလိုက် လွှတ်လိုက်တာ ဆိုတော့ ပျော်စရာတောင် ကောင်းသေးလို့ ပြောရမလို ဖြစ်နေတယ်။

ကြုံဖူးတယ်

ကျွန်တော့်ရဲ့ သတင်းစာသမားဘဝနဲ့ နိုင်ငံရေးဘဝ ရာစုနှစ် တစ်ဝက်ခန့် ကာလအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခြင်း ခံထားရသူတွေ အစုလိုက် အပြုံလိုက် ပြန်လည် လွတ်မြောက်လာတဲ့ အဖြစ်အပျက်မျိုးကို လေးငါးခြောက်ကြိမ် ခုနှစ်ကြိမ်ထက် မနည်း ကျွန်တော် ကြုံခဲ့ဖူးတယ်ဗျ။ အထူးသဖြင့် ကိုယ်တိုင် နိုင်ငံရေး လောကထဲ ဝင်ရောက်ခဲ့ပြီးတဲ့ နောက်ပိုင်း လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာပြီး ဖြစ်စေ၊ မကြေညာဘဲ ဖြစ်စေ ယုံကြည်ချက် အကျဉ်းသားတွေ အတော်များများ သို့မဟုတ် တစ်ယောက်မကျန် လွတ်မြောက်လာတဲ့ အဖြစ်မျိုး တွေကို ကြုံတွေ့ခဲ့ဖူးတယ်။ သို့ပေမဲ့ ခုတစ်ကြိမ်လောက် ထူးထူး ခြားခြား ဝမ်းမြောက် ပျော်ရွှင်တယ် ဆိုတဲ့ ခံစားမှုမျိုး ရင်ထဲမှာ မပေါ်ခဲ့တာ အမှန်ပဲဗျာ။ “ဩော်….လွတ်လာ ကြပြီကိုး” ဆိုတဲ့ အသိ လောက်ပဲ ရှိခဲ့တယ်ဗျ။

မျှော်လင့်ချက်နဲ့ မဆက်စပ်

အရင်က ယုံကြည်ချက် အကျဉ်းသားတွေ အစုလိုက် အပြုံလိုက် ပြန်လွတ်ခဲ့ကြတဲ့ အပေါ် ကျွန်တော့်စိတ်ထဲ ထူးထူး ခြားခြား ဝမ်းသာပျော်ရွှင်မှု ဘာကြောင့် မရှိခဲ့ရတာလဲ ဆိုတာရဲ့ အကြောင်းရင်းကို စဉ်းစား ကြည့်လိုက်တော့ အဲဒီ လွတ်မြောက်မှုတွေနဲ့ ကျွန်တော် အပါအဝင် မြန်မာ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး မျှော်လင့်ချက် အကြား ဆက်စပ်မှု မရှိသလောက် နီးပါး ဖြစ်ခဲ့လို့ ဆိုတာကို သွားတွေ့တယ်။ တစ်နည်း ပြောရရင် အဲဒီ အခေါက်တွေ တုန်းက ယုံကြည်ချက် အကျဉ်းသားတွေရဲ့ လွတ်မြောက်လာမှုက ကျွန်တော်တို့ရဲ့ ဒီမိုကရေစီရေး မျှော်လင့်ချက် အပေါ် သက်ရောက်မှု မရှိ သလောက် ဖြစ်ခဲ့လို့ပဲ ဖြစ်တယ်ဗျ။ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်၊ လမ်းစဉ်ပါတီ အစိုးရ လက်ထက်၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေး အစိုးရ လက်ထက်၊ နိုင်ငံတော် အေးချမ်း သာယာရေး အစိုးရ လက်ထက်တွေမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ ယုံကြည်ချက် အကျဉ်းသား အစုလိုက် အပြုံ လိုက် လွတ်မြောက်မှုတွေက မိမိတို့ရဲ့ ဒီမိုကရေစီရေး မျှော်လင့်ချက်ကို ထူးခြား သိသာစွာ ပိုမို လင်းလက် တောက်ပ စေခြင်း မရှိခဲ့တာ မြန်မာပြည်သူတွေ အသိ ဖြစ်တယ်ဗျ။

လွတ်လွတ်ကျွတ်ကျွတ် အောင်သွားပြီ


ဒါပေမဲ့ အခု တစ်ကြိမ် ကတော့ အဓိပ္ပာယ်က သိပ်ကို ထူးခြား လေးနက်နေတယ်ဗျာ။ ဘာကြောင့်လဲ ဆိုတော့ အငြင်းပွားမှုတွေ ကျယ်ကျယ် ပြန့်ပြန့် ပေါ်ပေါက်ခဲ့တဲ့ အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲတို့က တစ်ဆင့် တက်လာ ခဲ့တာ ဖြစ်ပေမယ့် ပြည်သူ့ ဆန္ဒကို အလေးထားတဲ့ လုပ်ရပ်တွေ တစ်ခုပြီး တစ်ခု လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူလူထုနဲ့ ယုံကြည်မှုကို တိုးတက် ရရှိလာနေခဲ့တဲ့ တစ်ချိန်တည်းမှာ ရှေ့တစ်လှမ်းတိုး နောက်တစ်လှမ်း ဆုတ်သလို ဖြစ်နေတဲ့ လုပ်ဟန်ကြောင့် ပြည်သူ့ ယုံကြည်မှု ရရှိရေး စာမေးပွဲမှာ မော်ဒရေးရှင်း ထိုင်ရမလို ဖြစ်နေ တဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အခု နောက်ဆုံး လုပ်ရပ်နဲ့ လွတ်လွတ် ကျွတ်ကျွတ် အောင်မြင် သွားခဲ့လို့ပဲ ဖြစ်တယ်ဗျ။

ဆက်ညှိနှိုင်းသွားရင် ရလောက်တယ်

အခုအထိ ယုံကြည်ချက် အကျဉ်းသား ဆိုတဲ့ အသုံးအနှုန်းကို လက်မခံ သေးတာ။ ကျွန်တော်တို့က ယုံကြည်ချက် အကျဉ်းသား အနည်းငယ် ကျန်နေ သေးတယ်လို့ ပြောနေရတာ စတဲ့ ကိစ္စတွေ ကိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို မျှော်တွေးပြီး ဆက်လက် ညှိနှိုင်းသွားရင် ရနိုင် ကောင်းတယ်လို့ ကျွန်တော် ယူဆတယ်ဗျာ။

အခုဆို ကျွန်တော်တို့နိုင်ငံ ရှေ့တိုး သွားနိုင်ဖို့ ကိစ္စမှာ အရေး အကြီးဆုံး အခြေခံ ပြဿနာကြီး နှစ်ခုထဲက တစ်ခုဖြစ်တဲ့ ယုံကြည်ချက် အကျဉ်းသားများ လွတ်မြောက်ရေး ကိစ္စ ပြေလည် သွားခဲ့ပြီ ဖြစ်သလို နောက်တစ်ခု ဖြစ်တဲ့ ငြိမ်းချမ်းရေး ကိစ္စမှာလည်း အလား အလာ ကောင်းတွေ မြင်တွေ့နေရပြီ ဖြစ်တယ်ဗျာ။ သမိုင်းတစ်ပတ် ပြန်လည် သွားလောက် အောင်တော့ အခြေအနေ မဆိုးနိုင်ဘူးလို့ ကျွန်တော် ယုံကြည် နေတယ်ဗျာ။

သံချေးကိုက်နေတဲ့ တံခါးကြီး

ကျွန်တော်တို့ နိုင်ငံရဲ့ နှစ်ပေါင်းရှည်ကြာ ပိတ်ထားခဲ့မှုကြောင့် ပတ္တာတွေ သံချေး ကိုက်နေတဲ့ ဒီမိုကရေစီ တံခါးကြီးဟာ စေ့ရာမှ ဟ၊ ဟရာမှ တဖြည်း ဖြည်းချင်း ကျယ်သထက် ကျယ်စွာ ပွင့်ဟ လာနေပြီလို့ ကျွန်တော့် မျက်စိထဲ မြင်နေတယ်ဗျ။ ပြောရရင် ဒီမိုကရေစီ လိုလားတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေနဲ့ နိုင်ငံတကာ မိတ်ဆွေ အသိုင်း အဝိုင်းတွေရဲ့ ကြိုးပမ်းမှုကို သမ္မတကြီး ဦးသိန်းစိန် အစိုးရက ထပ်မံ လိုက်လျော ခဲ့တာလို့ ပြောနိုင်မယ်ဗျ။

ဗြုတ်စဗျင်းတောင်း အရှုပ်တွေ

တံခါးပိုပိုပြီး ပွင့်လာချိန်မှာ ကျွန်တော်တို့ဟာ ရာစု တစ်ဝက်လောက် ပိတ်ထားခဲ့တဲ့ အခန်းထဲက ပရမ်းပတာ၊ ကသောင်း ကနင်း၊ ဖရိုဖရဲ၊ အလဲလဲ အပြိုပြို ဖြစ်နေတဲ့ ပစ္စည်း တွေကိုလည်း မြင်တွေ့နေရပြီ ဖြစ်တယ်ဗျ။ ကျွန်တော်တို့ဟာ တံခါးကို ပွင့်သထက် ပွင့်လာပြီး နောက်ဆုံးမှာ ဟင်းလင်း ဖြစ်သွားအောင် ကြိုးပမ်းနေကြရ မယ့် တစ်ချိန်တည်းမှာ အခန်းထဲက ဗြုတ်စဗျင်းတောင်း အရှုပ် အထွေး တွေကိုလည်း အားကြိုး မာန်တက် ရှင်းကြ လင်းကြရမှာ ဖြစ်တယ်ဗျ။

ဒီမိုကရေစီနဲ့ မတန်တဲ့ စိတ်တွေ


ပထမဆုံး လှည်းကျင်း ရှင်းထုတ် ကြရမှာတော့ ဒီမိုကရေစီကို အလေး မထားခဲ့တဲ့ စနစ်ဆိုး ကြီးစိုးခဲ့တဲ့ တစ်လျှောက်လုံး တဖြည်းဖြည်းချင်း ရင့်သန် အမြစ်စွဲလာခဲ့တဲ့ ကျွန်တော်တို့ ခေါင်းထဲက ဒီမိုကရေစီနဲ့ မထိုက်တန်တဲ့ အတွေးအခေါ် အညစ်အနွမ်း အဟောင်းအမြင်း အမှိုက် သရိုက်တွေ ဖြစ်တယ်ဗျ။ ပျင်းတာ၊ စိတ်ဓာတ် သိမ်ဖျင်းတာ၊ တစ်ယောက်အပေါ် တစ်ယောက် မကောင်းသတင်း လွှင့်တာ၊ ကိုယ့်ထက်သာ မနာလိုတာ၊ မုဒိတာ တရား ခေါင်းပါးတာ၊ ငါသာ အသိဆုံး အတတ်ဆုံး အတော်ဆုံးလို့ တွေးတာ၊ ကိုယ်နဲ့မတူတဲ့ သဘောထားကို စိတ်ရှည် သည်းခံနိုင်စွမ်း မရှိတာ၊ ပြိုင်ဘက်ကို ကိုယ့်အရည်အသွေး တက်လာအောင် ကူညီ ပံ့ပိုးနေသူ အဖြစ် မမြင်နိုင်ဘဲ အပြတ် ရှင်းပစ်ရမယ့် ရန်သူလို့ သဘောထားတာ၊ ချက်အောက်ထိုးပြီး အနိုင်ယူချင် တာ၊ ဘယ်သူသေသေ ငတေမှာရင် ပြီးရော စိတ်မွေးတာ၊ အမှန်တကယ် ရှက်ရမယ့် ကြောက်ရမယ့် အလုပ်ကို မရှက်မကြောက် လုပ်ပြီး အမှန်တကယ် မရှက်မကြောက်ရမယ့် ကိစ္စတွေကို ရှက်တာ ကြောက်တာ။ ပြောရရင် တော့ ပြောမဆုံးပေါင် တောသုံးတောင်ပဲဗျ။ တစ်ခါလည်း ကျွန်တော် စိတ်ရှိ လက်ရှိ ရေးပြီးပြီဗျာ။

တာထွက်မှတ်မျှသာ

နှစ်ပေါင်း ငါးဆယ်လောက် ဒီမိုကရေစီနဲ့ ကွာရှင်း ပြတ်စဲ ထားခဲ့ရတာ ဆိုတော့လည်း ဒီမိုကရေစီဟာ ကျွန်တော် တို့ ပြည်သူတွေ အတွက် သူစိမ်းတစ်ရံ ဆံလိုဖြစ်ပြီး အခု ပြန်တွေ့ချိန်မှာ အမ်းတမ်းတမ်း ဖြစ်နေတာက သဘာဝ ကျပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ ပြန်ပြီး ယဉ်ပါးလာအောင် စုံမက်မြတ်နိုးစွာ ရွေးချယ်ခဲ့တဲ့ လမ်းဖြစ်တဲ့ အတွက် ဘယ်လောက် ဝေးဝေး လျှောက်လှမ်း ကြရမှာပဲ ဖြစ်တယ်ဗျ။ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ အစိုးရစစ်စစ် တစ်ရပ်ကို ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့တယ် ဆိုရင်တောင် အဲဒါဟာ ဒီမိုကရေစီ ခရီး ကြမ်းရဲ့ ပန်းတိုင် မဟုတ်သေးဘဲ တာထွက် မှတ်သာ ဖြစ်တယ်ဆိုတာကို မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းတွေက အကြိမ်ကြိမ် သက်သပြခဲ့ပြီး ဖြစ်တာမို့ ကျွန်တော် ကတော့ ကျွန်တော်တို့ နိုင်ငံအဖို့ အခုအချိန်မှာ ဒီမိုကရေစီ ပန်းတိုင်ဆီသို့ ဤခရီး နီးအောင် အတော် လှမ်းရဦးမယ်လို့ပဲ ဆိုလိုက်ချင်တယ်ဗျာ။

၁၇.၀၁.၂၀၁၂

(၂၀၁၂ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ )

0 comments: