Thursday, January 19, 2012

မြန်မာအစိုးရက ကချင်ကို “အပြုတ်တိုက်ချေမှုန်းနေ” ဟု KIO ဆို

ဇန်န၀ါရီ (၁၉)ရက် ၂၀၁၂

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဇန်န၀ါရီ ၁၈ ယနေ့ ပထမနေ့ ကျင်းပသည့် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲတွင် အစိုးရက ကချင်ကို “အပြုတ်တိုက်ချေမှုန်းရေး စစ်ဆင်နေသည်” ဟု KIO က ဖော်ပြခဲ့သည်။

ရွှေလီမြို့တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ပထမအကြိမ်တွေ့ဆုံခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ကာ ထူးခြားချက်မှာ “ကချင်လူမျိုးစုများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးကို နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက်” နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံခြင်းဖြစ်သည်။

“ကချင်တိုင်းရင်းသားများနှင့် ကချင်ပြည်နယ်၏လိုအင်ဆန္ဒများကို ပင်လုံတွင်သဘောတူညီခဲ့ကြပြီးဖြစ်သော အမျိုးသားရေးတန်းတူမှုနှင့် တိုင်းရင်းသားများကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်များအပေါ် အခြေခံသော နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်သွားရန် လိုလားပါသည်။” ဟု အချက် ၆ ချက်ပါ KIO ၏ စာတမ်းကို ဦးအောင်သောင်း ခေါင်းဆောင်သည့် မြန်မာအစိုးရအဖွဲ့သို့ ပေးအပ်ခဲ့သည်။

“၂၀၁၁ ခုနှစ် ဇွန် ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ ပိုမိုကြီးမားလျက်ရှိပါသည်။ များပြားလှသည့်စစ်အင်အားအသုံးပြုမှုကြောင့် မလိုလားအပ်သောပြဿနာများ နေ့စဉ်ဖြစ်ပွားနေပြီး အပြုတ်တိုက်ချေမှုန်းရေးစစ်ပွဲအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်” ဟု ဆက်လက်တင်ပြထားသည်။


ယခုအခါ ၈ လ ကြာ တိုက်ပွဲများကြောင့် ပြည်သူ ၆၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း အကူအညီပေးသည့်အဖွဲ့အစည်းများပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း ၅၀ ခန့်ရှိရာ KIO နှင့်စစ်ပွဲဖြစ်ပွားလာချိန် နောက်ထပ် တပ်ရင်း ၅၀ ခန့် ကချင်ပြည်နယ်သို့ရောက်ရှိလာသည်။

ထို့အပြင် ရွှေ ရေနံနှင့်သဘာဓါတ်ငွေ့စီမံကိန်းလမ်းကြောင်းပေါ်ရှိ ရှမ်းပြည်မြောက်ပိုင်းမှ KIA တပ်မဟာ ၄ ဌာနချုပ်နှင့် ၎င်းအောက် တပ်ရင်းများသည် ယခင်နှစ် စက်တင်ဘာလမှ အစိုးရ နယ်မြေခံတပ်ရင်းများအပြင် တပ်မ ၉၉ နှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားကာ KIA တပ်စခန်းများ ဆုတ်ခွာပေးခဲ့ရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၎င်း၏တပ်များကို ထိုးစစ်ဆင်ခြင်း မပြုလုပ်ရန်ညွှန်ကြား ထားသော်လည်း ထိုနေ့မှ ဇန်န၀ါရီလ ၁၆ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၆၀ ခန့်ရှိသည်ဟု KIO တွဲဖက် အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘာ လာနန် က ကချင်သတင်းဌာနသို့ပြောသည်။

ပြည်ထောင်စုမှခွဲထွက်ရေး နိုင်ငံရေးလမ်းစဉ်ဖြင့် KIO သည် ၁၉၆၁ ခုနှစ်မှ နက်လက်ကိုင်တော်လှန်ရေး စတင်ခဲ့ သော်လည်း ၁၉၇၆ နောက်ပိုင်း ပင်လုံညီလာခံပေါ်အခြေခံကာ ပြည်ထောာင်စုအတွင်း ကချင်တိုင်းရင်းသားများ၏ နိုင်ငံရေး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးလမ်းစဉ်သို့ ပြောင်းလဲခဲ့သည်။

ကိုးကား... KNG

0 comments: