Wednesday, October 12, 2011

အမျိုးသားပေါင်းစည်းရေးအတွက် ဒီကနေ့အချိန်ဟာ အခွင့်အခါကောင်းဖြစ်တယ်။


ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးအောင်ကြည်တို့ရဲ့ တွေ့ဆုံပွဲတွေကနေ ဆွေးနွေးပွဲရရှိချက် ပူးတွဲသဘောတူညီချက်တွေ ထုတ်ပြန်နိုင်လာတာ၊ သမ္မတနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခွင့်ရခဲ့တာ။ နိုင်ငံရေးလှုပ်ရှားခွင့်တွေ အထိုက်အလျောက်ရနေတာ (အာဇာနည်နေ့၊ ရှစ်လေးလုံး၊ အကျဉ်းသားများလွတ်မြောက်ရေး ဆုတောင်းပွဲ၊ ရွှေဝါရောင် ၄ နှစ်ပြည့်၊ မြစ်ဆုံဆည်ရပ်တန့်ရေး လှုပ်ရှားမှု၊ ဗကသ၊ GW)၊ပြည်သူ့ဆန္ဒကို အလေးထားပြီး မြစ်ဆုံဆည်ရပ်တန့်ရေးကို သဘောတူခဲ့တာ၊ သတင်းမီဒီယာလွတ်လပ်ခွင့်အတော်လေးကို ရရှိလာတာ … အခု လွတ်ငြိမ်း ချမ်းသာခွင့် … စတာတွေကို ကျနော့်အနေနဲ့တော့ ကြိုဆိုအပ်တဲ့ အပြုသဘောဖြစ်ပေါ်မှုတွေလို့ မှတ်ယူပါတယ်။ ပြည်သူတွေကလည်း ဒီဖြစ်ပေါ်တိုးတက်မှုတွေကို ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြပါတယ်။
ယခင်အကြိမ်က အကျဉ်းသားတွေလွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ပြောပလောက်အောင် မပါခဲ့တာကို အားလုံး လည်း သတိထားမိမှာပါ။ ယခုအကြိမ် လွတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ယခင်အကြိမ်တွေထက် ပိုမိုတွေ့ရတာမိုလို့ ၀မ်းမြောက် ၀မ်းသာဖြစ်မိတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ သတိထားမိတာက အခုလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှောင်ကြိုးချည်လွှတ်လိုက်တာမျိုး ပါပုံမရဘူး။ လွတ်မြောက်လာသူတွေကို ကြိုဆိုတာ၊ မီဒီယာတွေနဲ့ တွေ့ဆုံတာတွေမှာ ပွင့်လင်းမြင်သာမှုရှိတာကိုလည်း သတိထားမိတယ်။ ကိုဇာဂနာရဲ့ အင်တာဗျူးတွေဟာ ပြည်တွင်း၊ ပြည်ပမှာ အတော်လေးကို မြန်မြန်ဆန်ဆန်ပါလာတာကို တွေ့ရတယ်။ ဒါ့ကြောင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုတဲ့ တောင်းဆိုမှုဟာ အထိုက်အလျောက် အောင်မြင်နေတယ်လို့ သဘောယူပါတယ်။ ပြီးပြည့်စုံတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို ဆက်လက်ဆွေးနွေးပါရစေ။
အတိတ်ကို အတိတ်မှာထားခဲ့ ဆိုတဲ့စကားရှိပါတယ်။ ပြန်လည်လွတ်မြောက်လာခါစဖြစ်သူ ကိုဇာဂနာရဲ့စကားကို ကိုးကားချင်ပါတယ်။
“ဒီအမှုတွေအားလုံးက ဦးသိန်းစိန်အစိုးရလက်ထက်မှာ ချထားတဲ့ ပြစ်ဒဏ်တွေ တခုမှမဟုတ်ဘူး။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို တကယ်လိုလားတယ်ဆိုရင် လွှတ်လိုက်ပါလို့ ပြောချင်တယ်။”
နိုင်ငံရေးအကျဉ်းသားတွေကို များများလွှတ် - မြန်မြန်လွှတ် - အကုန်လုံးလွှတ်။
အဲဒီနှုန်းစံတွေအတိုင်းပါပဲ …
အမျိုးသားပေါင်းစည်းရေးဟာ များများရမယ် - မြန်မြန်ရမယ် - အကုန်လုံးရမယ်။
အမျိုသားဂုဏ်သိက္ခာဟာ များများရမယ် - မြန်မြန်ရမယ် - အကုန်လုံးရမယ်။
အစိုးရအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ များများရမယ် - မြန်မြန်ရမယ် - အကုန်လုံးရမယ်။
ကျနော့်အမြင်ကို ဒီနေရာမှာ ပွင့်ပွင့်လင်းလင်းပြောချင်တာရှိပါတယ်။ Talk လည်း Talk - တိုက် လည်း တိုက် ဆိုတာမျိုးကို ပြောဆိုဆွေးနွေးနေကြတာကို သတိထားမိပါတယ်။ Talk ဖို့အတွက် တိုက်ခဲ့ကြပြီးပါပြီ။ အခု Talk နေတာတွေဟာ အမေရိကန် ဘာညာဆိုပြီးပြောတာတွေကိုလည်း ကြားပါတယ်။ စိတ်ပျက်စရာကောင်းတဲ့ အယူအဆတွေပါ။ ကျနော့်အမှတ်အသားမှာတော့ အခုဖြစ်နေတဲ့ Talk ဟာ တိုက်ခဲ့လို့ဖြစ်တဲ့ Talk ပါ။ ပြည်တွင်းလူထု တိုက် ခဲ့တာကြောင့် Talk နေတာပါ။ ရွှေဝါရောင်ရဲ့ အသီးအပွင့်တွေပါ။ အတိတ်မှာ မ Talk လို့ တိုက်ခဲ့ကြပါတယ်။ အစိုးရအနေနဲ့ Talk နေရတာကိုက ပြည်သူလူထုရဲ့ အောင်ပွဲပါ။
သူကြည် - ကိုယ်ကြည် ပူးတွဲသဘောတူညီချက်တွေဟာ လက်တွေ့ဘ၀ထဲကို ရောက်လာပါပြီ။ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ အထိုက်အလျောက်ရနေပြီ၊ ပြီးပြည့်စုံတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် အားလုံးကို အားလုံးက ၀န်းရံကြရပါလိမ့်မယ်။ ထိုအတူ ပူးတွဲသဘောတူညီချက်အရ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး အတွက် ပူးတွဲကော်မတီတရပ် ဖွဲ့စည်းဖို့ကို လုပ်ရမယ်၊ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ပေးဖို့ လွှတ်တော်က ဖွဲ့စည်း ပေးထားတဲ့ ငြိမ်းချမ်းရေးကော်မတီမှာ ဆရာ ဒဂုန်တာရာ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဆရာမောင်မိုးသူ သခင်ချန်ထွန်း စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ဖို့ကို ၀ိုင်းဝန်းဆွေးနွေးကြဖို့လိုပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ ပြည်နယ်အစိုးရတွေက ဆွေးနွေးတာထက် အဲဒီဆရာ ဒဂုန်တာရာ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဆရာမောင်မိုးသူ၊ သခင်ချန်ထွန်း စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးကော်မတီက ဆွေးနွေးတဲ့ဖြစ်စဉ်ကို ရောက်အောင် ၀ိုင်းဝန်းဆွေးနွေး ၀န်းရံသွားရပါလိမ့်မယ်။
အမျိုးသားပေါင်းစည်းရေးအတွက် ဒီအချိန်ဟာ အခွင့်အခါကောင်းပါ။ လူမျိုးစုံ ဗမာပြည်သူလူထုတရပ်လုံးက ကမ္ဘာ့အလည် မှာ ရင်ကော့ခေါင်းမော့ပြီး “သခင်မျိုးဟေ့ … တို့ဗမာ” လို့ ကြွေးကြော်ချင်နေကြပါပြီ။ အခုဖြစ်နေတဲ့ ဖြစ်ရပ်တွေဟာ အားလုံးပါဝင်တဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးဆီကို ဦးတည်နေပြီလို့ ယုံကြည်ပါတယ်။ “အရှေ့ဆီက နေ၀င်းထွက်သည့် ပမာလ တို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ ကြိုးစား တိုဗမာ”

မှတ်ချက်။            ။ ဗမာဆိုသောစကားသည် “တို့ဗမာအစည်းအရုံး - နိုင်ငံပြုစာစုအမှတ် (၁)” အလိုအရ နိုင်ငံတော် နယ်နိမိတ်အတွင်းနေထိုင်သည့် ရှမ်း၊ ကချင်၊ ချင်း၊ ရခိုင်၊ မွန်၊ မြန်မာ၊ ကရင်၊ ကရင်နီ … စသည့် လူမျိုးပေါင်းစုံကို ရည်ညွှန်းခေါ်ဆိုခြင်းဖြစ်သည်။

ညိုထက် (လမ်းသစ်ဦး)
သီတင်းကျွတ်လပြည့်နေ (၂၀၁၁)

0 comments: