(ရဲဘော်ကြီး ကိုနေမျိုးက ရှေ့တန်းတခေါက်ထွက်သွားတာ ဒီကဗျာရှည်ရေးလာခဲ့တယ်၊ ခုလည်းတခေါက် ထပ်ထွက်သွားပြန်ပြီ၊ ဒါမျိုးတွေရေးလာဦးမယ်လို့ ယုံကြည်တယ်၊ လေးစားတယ် ရဲဘော်ရေ...။)
ညီမလေးရယ်
လိုချင်တာ ပြောရရင် …
တက်ကျမ်းဆရာဆီက ခဲယမ်းဝယ်ဖို့ နည်းနာလိုချင်တယ်
ရှေ့ဖြစ်ဟောဆရာဆီက ကံကောင်းခြင်းလက်ဆောင်လိုချင်တယ်
ကွန်ပြူတာကျွမ်းကျင်သူဆီက ဟက်ကာလုပ်နည်းလိုချင်တယ်
တော်လှန်ရေးဆီက ခေါင်းဆောင်ကောင်းတယောက်လိုချင်တယ်
ကုလသမဂ္ဂဆီက ငြိမ်းချမ်းရေးတပ် လိုချင်တယ်
စီးပွားရေးသမားဆီက ငွေကြေးအကူအညီ လိုချင်တယ်
ဘုရားသခင်ဆီက ထာဝရတော်လှန်ရေးသမားကို လိုချင်တယ်
ကမ္ဘာမြေကြီးပေါ်က မိတ်ဆွေကောင်းတွေကို လိုချင်တယ်
အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားတွေကို လိုချင်တယ်
ပြည်သူလူထုအတွက် ဒီမိုကရေစီ လိုချင်တယ်
မေမေဆီက မေတ္တာတရားကို လိုချင်တယ်
ကျနော့်ဆီက ရိုးသားမှုကို လိုချင်ပါတယ်။
မေမေ
ဒီနေ့ … ကျနော်တို့နေတဲ့ရွာကို
လက်နက်ကြီးအလုံး တရာကျော်ကျော်နဲ့ပစ်တယ်
မရှိမဲ့ ရှိမဲ့ ရွာသားတွေ
မနက်ဖြန်ဆို ယိုးဒယားဘက် ကူးပြီး
ဘိုင်း .. ဘိုင်း .. မင်္ဂလာတံတားရေ…။
ဒီတောင်တန်းကြီးတွေပေါ့ 
ရင်ခုန်သံစနှစ်တကျနဲ့  တလှမ်းချင်းလှမ်း
တက် … ဆင်း
ပြီးတော့ …. ချောင်းဖြတ်များစွာကို ဖြတ်လို့ 
သင့် ဆီကို ရောက်လာခဲ့ပြီ။
ဟိုရှေ့မှာ ….
ကမာတလုံးတည် ချောင်းဖျားကို တွေ့ မြင်လိုက်ရ
မှုန်ပျပျ ကောင်းကင်အောက်
ဟောင်သရောမြစ်ရဲ့ မြစ်ဖျား
ကြိတ်ချောင်းဖျားက
ငါတို့ ကို မာယာကြီးစွာနဲ့  ကြိုဆိုနေပေါ့ ။
ဆင်းစမ်း …
ဆက်ဆင်းလိုက်စမ်း
ဆင်းခဲ့လိုက်ရတဲ့တောင်ကြောကြီးကို လှည့်ကြည့်
ပြီး … ရှေ့က ရွာတန်းလေးရဲ့ ခေါင်းမိုးတချို့ ကို လှမ်းကြည့်
ဒါ … ပထမ ရည်မှန်းချက် ဖြစ်ရဲ့ 
ဟုတ်ပါရဲ့  … ဒီနေ့  သင်္ကြန်အတက်နေ့ 
မိုးမချုပ်ခင် ရွာရောက်စေရမယ်။
သောကြာနဲ့စတဲ့ ရွာ ဖြစ်တယ်
ရှေ့နားမှာ လုထိုင် စောင့်နေရဲ့
နွေရာသီ စမ်းချောင်းဘေးအနား ခြေကုန်လက်ပမ်းကျ
လူတချို့ဘေးနားမှာအမောဖြေရင်း စကားပြောနေရဲ့ 
ငါတို့  ရောက်ရမယ့်ရွာက သဒဲခို့ ရွာ။
ဒီနေ့  … နှစ်ဆန်းတရက်နေ့ 
ညနေဆိုရင် ဆေးမူဝါးတွေ ဘုရားဖူးသွားမယ့်နေ့ 
အမေအိုတွေ ဦးကြီးတွေ ခလေးငယ်တွေ ဘုရားဖူးသွားမယ့်နေ့ 
အဲဒီနေ့ မှာ
ရွာခံလူငယ်တချို့က ဖိုးဖီးကားတစီးနဲ့ 
ပေါင်ဒါဗူးကိုယ်စီနဲ့ 
အပျိုမတချို့ ရေဖလားကိုယ်စီနဲ့ 
ကားပေါ်မှာ ရေတိုင်ကီတလုံးနဲ့ 
အမိုးချက်တဲ့ဂျစ်ပုံးတပုံးလည်း ပါရဲ့ 
ရွာနီးတ၀ိုက်ရွာများဆီ ရေပက်ခံထွက်လို့ 
ဆောင်းဘောက်ကြီးက ရက်စ်သင်္ကြန်သီချင်းတမြိုင်မြိုင်
ဒိုးပတ်ဝိုင်းနဲ့ အပြိုင်အဆိုင်ပေါ့ ။
ဝက်သားပေါ်တယ်
အမိုးချက်တဲ့ပုလင်းနဲ့  နေညိုချိန်ကို ဦးညွတ်ဂုဏ်ပြုလိုက်တယ်
ရွာဦးဘုန်းတော်ကြီးကျောင်းရဲ့  ဆွမ်းစားရုံအောက်
ပင်ပန်းခဲ့သမျှ အမောဖြေရင်း
ဆည်းဆာနဲ့ အပြိုင်ဆေးမူဝါးတို့ ရဲ့လှပမှုထဲ နွံနှစ်
ရဲဘော်တယောက်ဆို ပါလာတဲ့ ဗွီဒီယိုကင်မရာနဲ့ 
ဆေးမူဝါးတို့ ရဲ့ အလှတရားတွေကို
မယ်မိုရီထဲ ဖြည့်သွင်းနေလေရဲ့ ။
တောစပ်တွေက နီးကပ်လွန်းတယ်
လယ်ကွင်းတချို့ကို ဖြတ်ခဲ့ရ
မျက်လုံးကို အနားမပေးရဲ
ချောင်းအဖြတ် ကုန်းအတက်မှာ
တွန်း.. ဆင်းတွန်း … တွန်းကြ
လုထိုင်ပေါ်က ကမန်းကတန်းဆင်း
အားကုန်းဆင်းတွန်းတော့
လုထိုင်အထွက် လူလဲ မှောက်လျှက်လဲပေါ့ ။
အမှားမကင်းတဲ့လူ့ ဘ၀ထဲ
သတင်းတွေ ပေါက်ဆဲ
ရွာဆိုတာ ကိုယ်လူ သူ့ လူနဲ့ 
သို့ ပေမယ့် .. အေးရာအေးကြောင်းပဲတဲ့။
မြေသားလမ်းက ကျဉ်းလို့ 
ကွန်သီးခြံက ကျည်တိုးမပေါက်
ဒူးရင်ခြံအောက်က အထွက်
ဗြုန်းကနဲ့  ရွာလမ်းကလေးက ဆီးကြို
ဖိုးဖိးတစီးလည်း စောင့်မျှော်နေခဲ့။
…………
(၂)
ဘုရားရေ
မြေကမ္ဘာမှာ မြန်မာပြည်ဟာ
မြေပြင်မှာ ဆန္ဒပြပွဲ
တောင်တန်းမှာ စစ်ပွဲ
လွတ်တော်မှာ အာဏာသိမ်းပွဲတွေနဲ့  အသားကျ
မှားယွင်းနေလိုက်ကြတာ။
သေနတ်ကိုယ်စီနဲ့  ကားပေါ်မသက်မသာလိုက်ပါလို့ 
လမ်းတလျှောက် တပ်ခွဲအသီးသီးကို ဖြတ်ကျော်ရင်း
ဘယ်ဆီကိုရောက်ရောက်
လမ်းလျှောက်သူ ရဲဘော်တချို့ ကို အော်ဟစ်နောက်ပြောင်
ကုန်းပြောင်ပြောင်တောင်ယာကုန်းက သူ့ ကြောပေါ် ငါတို့ ကို ထမ်းပိုးလို့ ။
အဲဒါ … ကျိုက်ဒုံမြို့ တဲ့
ခေါင်းမိုးဖြူဖြူနဲ့ 
ကားလမ်းက ဖြူးလို့ 
ရုတ်တရက် .. တံတားအဖြတ်မှာ
ကားအရှိန်ကို မြှင့်လိုက်တာ
လမ်းဝဲယာအိမ်တွေဟာ မျက်လုံးထဲမှာ
ရိပ်ကနဲ့  ရိပ်ကနဲ့ 
နောက်ဘက်မှာ ဖုံးလုံးကြီးသာ တ၀ုန်းဝုန်းကျန်ရစ်ခဲ့။
မိနာအ
ငါတို့  သူမဆီ မရောက်ဖြစ်တာ ၁၅ နှစ်နဲ့  ၈ လ
သူမက အပြောင်းအလဲကြီး ပြောင်းလဲ
တချို့ဆို အိမ်ကြီးရခိုင်နဲ့  ခမ်းနားလို့ 
အပျိုမတွေက လှလို့  ၀လို့ 
ဒူးရင်ပင်တွေက ပိုလို့ ပိုလို့  မြှင့်လာသလို
ကွန်ခြံတွေက ပိုလို့ ပိုလို့  ကျယ်လာခဲ့
ငါစာပေးခဲ့တဲ့ ကောင်မလေးတောင် အခု ခလေး ၅ ယောက်နဲ့ 
ငါအမိုးကြီးလည်း မရှိတော့ဘူး
ဟိုဘက်အိမ်က ဘီဂျီအက်ဖ် အိမ်ဆိုပဲ
မိနာအ
သူမရဲ့ အလှက လှမြဲလှဆဲ။
ရန်သူတပ်ရင်းတရင်း ဆင်းလာခဲ့ပြီ
ငါတို့ က တက်တက်ကြွကြွ
လာခဲ့ ရန်သူရေ
မရပ်မနားနဲ့ ရွာဥက္ကထ
ဟိုဘက်ဒီဘက် ပြေးလိုက်ရ
ဆက်သွယ်ကြ ညှိနှိုင်းကြနဲ့ 
ဗြုန်းဆို အာပီဂျေတချက်နဲ့  တိုက်ပွဲစခဲ့
ပစ် … ပစ်…
ဒီဖောက်ပြန်နေတဲ့ ရန်သူတွေကို ပစ်
သူတို့  ငါတို့ နယ်မြေကို ချေကုတ်ယူဖို့  လာနေတာ
ပစ် …. အဲဒီ လခစား လူ့ မိုက်ရိုင်းတွေကိုပစ်
ပစ် … အဲဒီ စစ်ခွေးကနေ မြို့ခွေးဖြစ်လာတဲ့သူတွေကို ပစ်သာပစ်
ပစ်ဟေး … ပစ်။
နှစ်ရက်မြောက်တိုက်ပွဲ
ရန်သူလည်း အလဲလဲ အကွဲကွဲနဲ့ 
လူနာပို့ တဲ့ စစ်ကြောင်းက လူနာပို့ လိုက်နဲ့ 
ပတ်ရှောင်တဲ့ စစ်ကြောင်းက ပတ်လမ်းကို ရှာလိုက်နဲ့ 
ရန်သူက ညဘက်ဆို ရမ်းသမ်းပစ်ခတ်လိုက်နဲ့ 
ရွာသားတွေခမျာ အိမ်အောက်ပုန်းကျဉ်းထဲမှာ ထမင်းစားလို့ ။
ရန်သူလည်းရှင်းပြီး
မင်းရဲ့ရွာသားတွေလည်း ပင်ပန်းလှပြီ … မိနာအ
ကျနော်တို့  သွားတော့မယ်
ရှေ့ ခရီးအတွက် သွားပြီ … မိနာအ
နောက်တခါ တခေါက်ပေါ့ ။
……………
(၃)
ဒါ … အိမ်မက်မဟုတ်ဘူး
သူတို့  အဖိုးအခနဲ့  အာဏာသိမ်းလိုက်ပုံများ
အခု ၅ နှစ်ပြီးရင် နောက် ၅ နှစ်ပေါ့ 
ပြီးရင် … နောက် ၅ နှစ်….။
အဟောင်းပြီးရင် အသစ်လာမယ်တဲ့
အသစ်ပြီးရင် အဟောင်းမလာဖို့  အရေးကြီးတယ်
ဟေး … လူ့ မိုက်ရိုင်းတွေ အာဏာမသိမ်းကြေး။
ဝမ်လုံရွာ
လမ်းဘေးတဖက်တချက် ဆိုင်တန်းတွေနဲ့ 
ပအို့ မလေးက သနပ်ခါး ပါးကွက်နဲ့ 
ခလေးမလေးတွေ ဆံပင်ကို စုစည်းထားတာ
လမ်းကလေးနဲ့ လိုက်ဖက်လို့ 
ဟိုဘက်ချမ်းကဆို တောင်ပေါ်က ကရင်အပိုင်းပေါ့ 
အမိုးတယောက်ကတော့ သူ့ အိမ်အောက်မှာ ပုန်းခိုကျင်းတကျင်း တူးနေလေရဲ့ ။
နွေခေါင်ခေါင်မိုးကြိုးပစ်သံနဲ့ 
ညဘက် မိုးကလည်းရွာလိုက်သေး
ဘုရားကုန်းဘက်က လက်နက်ကြီးနဲ့  ပွိုင့် ၅ ကလည့်း ရမ်းသမ်းပစ်လိုက်သေးတယ်
အိမ်က အမိုးမိသားစုဆို ပုန်းခိုကျင်းထဲ ဆင်းလိုက်တက်လိုက်နဲ့ 
သုံးကြိမ်တိတိ
ဘုရားစာရွတ်ဆိုသံတောင် ကြားလိုက်မိသေးတယ်။
ကျောပိုးအိတ်ကို ဗုန်းကနဲ့ ပစ်ချ
လူက ခြေပစ်လက်ပစ် ကိုင်းတောကြားထဲ လှဲချလိုက်တယ်
ရှေ့ရွာက ဗမာစကားပြောတဲ့ရှမ်းရွာ
ကရင်လူမျိုးတို့ ရဲ့နန်းထိုင်ခဲ့တဲ့ရွာ နောင်တမန်မှာ
ခရီးတထောက်နားမယ်တဲ့။
ရောဘာခြံထဲတိုးဝင်
သီဟိုခြံထဲထိုးဖောက်
နေပူလိုက် မိုးရွာလိုက်နဲ့ 
တောနင်းလို့ ရောက်လာခဲ့ပြီ … ကော့ဆိုင်
ကောင်းစွာကြိုပါ ကော့ဆိုင်
အိမ်မက်တွေကို ဖန်တီးဖို့ ပါ … ကော့ဆိုင်
ဒီည .. သင့်ရဲ့ သွေးကြောပေါ်မှာ ငါတို့  အိပ်စက်မယ် … ကော့ဆိုင်။
ကော့ဆိုင်မှာ တကာကြီးနဲ့ တွေ့ တယ်
ဘီယာနဲ့ တွေ့ တယ်
ဂရမ်ရိုင်ရယ်နဲ့ တွေ့ တယ်
ညဘက် .. အိမ်အပြန် လမ်းတွေ မှားတယ်။
ဘေးအိမ်မှာ ရဲဘော်တစု
မီးစက်သံတညံညံနဲ့  မိုးဟေကိုပါတဲ့ စီဒီကိုကြည့်လို့ 
ဟိုအရှေ့ဘက်ဈေးဆိုင်က ခေတ်ပေါ်ရက်စ်သီချင်းကို ဖွင့်လို့ 
အိမ်ပေါ်မှာအဖိုးက လမ်းလျှောက်စကားပြောစက်ကို အဖော်ပြုလို့ 
ခုဒုံမှာ ညဘက်ဆို ခြင်အရမ်းကိုက်တယ်။
ဒူးရင်သီးတွေ ပေါတဲ့
ဆေးမူဝါးတွေ လှတဲ့ စက်က၀က်မှာ
ခလေးကြီးတချို့သရေပင်ပစ်ကစားနေရဲ့။
လမ်းပေါ်မှာ ဒူးရင်ကုန်သည်တချို့ 
ဆိုင်ကယ်ကိုယ်စီနဲ့  လမ်းသလားနေဆဲ
အိမ်ရှေ့ကအမိုးသမီး ရိုးရာတေးတပုဒ်ညီးရင်း သင်တိုင်ရက်လို့ 
အိမ်ကအနော်က စားဖို့ ဒူးရင်သီးတချို့နဲ့ ငါတို့ကိုအဖော်ပြုခဲ့။
ပျင်းပျင်းရှိတာနဲ့ 
အနော်သမီး နော်ပဲ့နဲ့ လမ်းလျှောက်ထွက်ခဲ့တယ်
လမ်းတလျှောက်ဒူးရင်သီးနှံ့ တို့ ကြိုင်လှိုင်လို့ 
မနက်ဖြန်ဆို စစ်ဆင်ရေးတခု စပြီးမို့ 
အာရုံသိက တခွက်စာလောက်ပေါ့ လို့ နိုးဆော်
အတွင်းပိုင်းလမ်းက ရဲဘော်အိမ်ကို
နော်ပဲ့ကိုချီပိုးလို့  ခြေဦးလှည့် ညနေခင်းကို ကြိုဆိုလိုက်တယ်။
မနက်ခင်းက
မြူးတူးခုန်ပေါက်
သေနတ်သံနဲ့ လက်နက်ကြီးသံတို့ ရောစွက်
တော်လှန်တေးသံကို သီဆိုလိုက်တယ်
မဟာမိတ်တပ်မှူးတယောက်က စက်တလုံးနဲ့ ဟန်ရေးပြ
စစ်မြေပြင်ကို တိုက်ရိုက်ကွပ်ကဲနေလိုက်တာ
မနက်ခင်း အာရုဏ်ဦးအောက်မှာ ခမ်းနားကြီးမြတ်နေပုံများ
ကမ္ဘာကျော်ပန်းချီးဆရာတောင် ဆေးစပ်ဖို့  လက်တွန့် နေမိရော့မယ်။
ဒီခေတ်ကြီးမှာ
လူတယောက်ရဲ့ အထက်မှာ လူတယောက်ရှိရမယ်တဲ့
အမိုးကတော့ ဒါတွေကို မသိဘူးတဲ့
မနက်ခြံထဲသွား ညနေပြန်လာ
ဧည့်သည်တွေဖြစ်တဲ့ ငါတို့ ကိုကျွေးဖို့ သီးနှံတွေခူး
ဒါနေ့ စဉ်အလုပ် ဗမာစစ်သားတွေဆိုရင်တော့ ကြောက်တယ်လို့  ပြောတယ်။
မေမေ
ဌာနေတိုင်းရင်းသားတွေ ဗမာစစ်တပ်ကို မုန်းလိုက်ပုံများ
တခါတလေ …
ဗမာစကားပဲ ပြောတတ်တဲ့ကျနော်တို့ တောင်
အမုန်းခံဗမာ ဖြစ်သွားလေရော။
ကျောင်းနံရံတ၀ိုက်မှာ
ဒေါင်းအလံစိုက်ထူရမယ်
ဒါ … ရှစ်လေးလုံး(ဂဂဂဂ) .. ဖြစ်တယ်။
……….
(၄)
မေမေ
ခေတ်တခေတ်ကို ရှေ့ ကနေ အထူးပြုလို့ 
သူတို့  ခေတ်တွေကို အရောင်ဆိုးနေကြတယ်
ပြီးတော့ ….
ကျနော်တို့ အာလုံးဟာ
ရိုးရှင်းတဲ့အမှန်တရားတခုလို မျက်နှာစုံညီအစည်းအဝေးပွဲမှာ
အလွမ်းတွေကိုယ်စီနဲ့  ရိုးသားနေလိုက်ကြတာ
မေမေရယ် … ခေတ်ကြီးကိုက ဟောင်းနွမ်းနေတာပါ။
တိတ်ဆိတ်ငြိမ်သက် လွတ်လပ်မှုထဲ
အင်တာနက်ထဲ လှိုင်းစီးနေသလိုမျိုး
ကိုယ်တိုင်စိတ်ဝင်တစားဖြစ်မှုနဲ့ 
စက္က၀က်ကျောကုန်းပေါ်တက်လျှောက်ရင်း
ပြည်တွင်းစစ်မီးထဲ ငါတို့ စီးဆင်းဆဲ။
မြို့ပေါ်မှာ နေခဲ့သလိုမျိုး
ငါတို့အီးမေးလ်သုံးခွင့်ရခဲ့ရင်
အင်္ဂလန်က ကောင်မလေးရေ …
မင်းကိုလွမ်းရတဲ့အကြောင်း စာလွှာတစောင်ပါလိုက်ချင်ရဲ့ ။
လမ်းပေါ်မှာ စစ်ဖိနပ်ရာတွေ ပွစာကြဲလို့ 
ရွာသားတွေလည်း ပုန်းခိုကျင်းထဲ ၀င်ပုန်းလို့
ဈေးဆိုင်တွေမှာ လူသူကင်းမဲ့လို့
စာသင်ကျောင်းနားတ၀ိုက် လက်နက်ကြီးသံတွေဆူညံလို့
ဝန်းကျင်တခွင်လုံးသေနတ်သံတွေပဲ ကြားနေရ
ခုအချိန် …
ဆာဗာတလုံးသာရှိခဲ့ရင်
ကမ္ဘာကိုထုတ်လွင့်ပြလိုက်ချင်ရဲ့။
မြေပြန့်ကလာတဲ့တောင်ပေါ်မြေက ဆရာမလေးရေ
မင်းရဲ့ပုံတူတခုကို ကွန်ပြူတာဆောဝဲလ်တခုထဲ
သိမ်းဆည်းခွင့်ပြုပါ။
………
(၅)
ကျေးဇူးရှင်တော်တောင်မှာ မိုးတဖွဲဖွဲကျ
မှုန်ရီဝိုတ၀ါးနဲ့ မိုးမှုန်ငွေ့က
တယောက်ကိုတယောက်မြင်ဖို့တောင် ရိုးတိုးရိပ်တိတ်နဲ့
ကယန်းမလေးရေ …
ကင်းလိုက်တောင်ကြောကို ငါတို့အတူ တက်ခဲ့သလိုမျိုးပေါ့
ခရီးနှင်းဆက်ဆဲ။
ညီမလေးရယ်
လိုချင်တာ ပြောရရင် …
တက်ကျမ်းဆရာဆီက ခဲယမ်းဝယ်ဖို့ နည်းနာလိုချင်တယ်
ရှေ့ဖြစ်ဟောဆရာဆီက ကံကောင်းခြင်းလက်ဆောင်လိုချင်တယ်
ကွန်ပြူတာကျွမ်းကျင်သူဆီက ဟက်ကာလုပ်နည်းလိုချင်တယ်
တော်လှန်ရေးဆီက ခေါင်းဆောင်ကောင်းတယောက်လိုချင်တယ်
ကုလသမဂ္ဂဆီက ငြိမ်းချမ်းရေးတပ် လိုချင်တယ်
စီးပွားရေးသမားဆီက ငွေကြေးအကူအညီ လိုချင်တယ်
ဘုရားသခင်ဆီက ထာဝရတော်လှန်ရေးသမားကို လိုချင်တယ်
ကမ္ဘာမြေကြီးပေါ်က မိတ်ဆွေကောင်းတွေကို လိုချင်တယ်
အကျဉ်းကျနေတဲ့ နိုင်ငံရေးသမားတွေကို လိုချင်တယ်
ပြည်သူလူထုအတွက် ဒီမိုကရေစီ လိုချင်တယ်
မေမေဆီက မေတ္တာတရားကို လိုချင်တယ်
ကျနော့်ဆီက ရိုးသားမှုကို လိုချင်ပါတယ်။
အဖိုးရဲ့ သားတွေ သမီးတွေ ဘယ်သွားနေသလဲ လို့
အိမ်ကြီးတလုံးထဲ မြေးတယောက်နဲ့အတူနေတဲ့ အဖိုးကိုမေးတော့
ဘန်ကောက်မှာ အလုပ်သွားလုပ်သတဲ့
ဒါနဲ့ဆို ၂၃ ရွာမြောက် ဘန်ကောက်သွားတဲ့ရွာ
အိမ်တိုင်မှာ လူငယ်မရှိ မိဘဖိုးဖွားတွေသာရှိ
လုပ်အားတွေသာ ယိုစီးနေတဲ့တိုင်းပြည်။
ည … ညဆို
ဟိုဘက်အိမ်က
ဘန်ကောက်က ပြန်လာတဲ့ အမိုးရဲ့သမီး
အရှုးမကြီးက ရောက်တတ်ရာရာ အော်ဟစ်နေတတ်ရဲ့။
ခုလောက်ဆို
တာ့ကော်ကျိုးတောင်မှာ
မြေမြုပ်မိုင်းတွေနဲ့သာ ပြည့်နက်
မဲဂလာချောင်းဖျားအထက်မှာ
အမိုးရဲ့တောင်ယာတကွက်တော့ စွန့်ပစ်ခံလိုက်ရတော့မယ်။
မြစ်ဝါးမြစ်ကြီးရေ …
သင့်ရဲ့အရှင်သခင်
လူဝါတို့ရဲ့မိခင်ကို ၀တ်ပြုဆုတောင်းတဲ့အခါ
မျှော်လင့်ခြင်းသစ်သီးကို ပြန်ယူသွားဖို့ ပြောပေးပါ။
တာ့ကခါ့ တောင်စောင်းမှာ
ဒီနှစ်မိုးတွင်းစာအတွက်
သီးပင်စားပင်တွေ စိုက်ရဦးမယ်။
ယုံကြည်ချက်ကို ဖန်တီးယူလို့မရဘူး
မျှော်လင့်ချက်ပေးစရာမလိုဘူး
အာမခံစရာမလိုဘူး
ဒါ … သူ့အလိုလို ဖြစ်လာတာ
မိခင်ဘာသာစကားအတွက်
ရိုးရာယာဉ်ကျေးမှုအတွက်
ဌာနေတိုင်းရင်းသားအတွက်
ဖိနှိပ်မှု ကင်းမဲ့ရေးအတွက် တော်လှန်ပြောင်းလဲပစ်ရမယ်။
စစ်ကျွန်ပြုရေးစနစ်ကို မုန်တယ်
SSA နဲ့ KIA ကို ၀န်ရံကြ … ကူညီကြ
ဒီစစ်အုပ်စု ကျဆုံးစေရမယ်။
ကောင်းကင်အထပ်ထပ်နဲ့ဂလက်ဆီတန်းကြားမှာ
အလွမ်းတွေဟာ ကြယ်စင်တွေလို ပျံ့ကျဲသွားကြလို့။
အတွေးနက်နက်ထဲ
ဟန်ကြီးတခွဲသားနဲ့
သံပုရာခြမ်းဦးထုတ်ကိုဆောင်းလို့
ခမ်းနားကြီးကြယ်စွာလျှောက်လှမ်းလာခဲ့
တော်လှန်ရဲမက် ချစ်သူကိုယ်စီနဲ့။
တားဆီးခံရမှုတပွေ့တပိုက်ကို ထွေးပိုက်ရင်း
အချိန်တန်ရင် ရိပ်သိမ်းဖို့
စိုက်ပျိုးထားခဲ့
နွေးထွေးစွာနှုတ်ဆက် သစ္စာရှာထွက်ခဲ့တယ်။
ခေတ်သစ်နည်းပညာတွေနဲ့
ဘ၀အတုတွေကို မတီထွင်စမ်းပါနဲ့
သူတို့ ကျေးလက်တွေကို မှတ်ဥာဏ်ကတ်ထဲထည့်သွင်းလိုက်လို့
ကျေးလက်တွေသာ မြို့ပြ ဖြစ်ချင်သလို ဖြစ်လိုက်နဲ့
မြို့ပြဟာ ကျေးလက်ဒေသတွေကို ခက်ခက်ခဲခဲ ရှာဖွေလို့။
ကျနော်တို့
ကမ္ဘာမြေပေါ် ခြေထောက်တင်လို့
သစ္စာတရားကို ရှာဖွေထွက်ခဲ့တာ
ဒီမိုးနဲ့ဆို ၂၄ မိုး ရှိပြီး
ခြေထောက်တွေသာ အကြောပြိုင်းပြိုင်းထလို့
တကိုယ်စာ ဒီမိုကရေစီသာရရှိခဲ့။
ဖော်ပြကြ ..
သင်တို့ရဲ့ လွတ်မြောက်မှုအတွက်
လက်သီးလက်မောင်းတွေကို ဖြောင့်ဖြောင့်တန်းလို့
အသံကုန် အော်ဟစ်ဖော်ပြလိုက်ကြ။
အနယ်ထိုင်နေတဲ့ဘ၀တွေထဲ အသားတကျမဖြစ်စေနဲ့
လွတ်လပ်စွာတေးသီနိုင်ဖို့အတွက်
ညီတူညာတူ ရုန်းထ
အပြုံးစကား တစစီဖွင့်လို့
ငြိမ်းချမ်းစွာ တည်ရှိစေ။
သင်တို့အားလုံးအတွက် ဖြစ်စေ
ကမ္ဘာပြည်သူလူထုကြီးအတွက် ဖြစ်စေ
ဖောက်ပြန်သူတွေအပေါ် ငါတို့ အားလုံးမှားယွင်းကြမယ်။
အီလက်ထရွန်ပေါင်းများစွာ ဖိသွင်းထားတဲ့
သံဘော်လုံးတခုနဲ့
လူ့အဖွဲ့အစည်းတခုအပေါ် ဖောက်ခွဲပစ်လိုက်ရရင် ကောင်းမလား။
သိပ်ရက်စက်လွန်းတဲ့ကောင်မလေးရယ်
တိုင်းတပါးသားတယောက်နဲ့ မင်း… သိပ်လွတ်လပ်လွန်းတယ်
ဒီက မင်းရဲ့ သားလေးတယောက် ခဏခဏ အလွမ်းမီးတောက်နေလေရဲ့။
ယုံကြည်ချက်ကို ရက်ရက်စက်စက်ဖယ်ခွာသွားပေါ့
အတွေးအခေါ်တို့ ပြိုကွဲ
ရပ်တည်ချက်တို့ ယိုင်လဲ
စိတ်ဓာတ်တို့ လက်နက်ချကြပေါ့။
တချို့ကိစ္စတွေမှာ ပြောကြစမ်းဆိုရင်
အပြောစကားမသွက်
စည်းရုံးရေးကင်းမဲ့
ဘေးထွက်ထိုင်နေကြတယ် …
ဟေး … … ခင်ဗျားတို့
တော်လှန်ရေးကို လူငယ်တွေ မလုပ်ရင်
ဘယ်သူတွေ လုပ်မလဲ
ခလေးငယ်တွေလား
အဖိုးကြီးတွေလား … ။
မီးလောင်းနေတဲ့ စပါးပုံကိုကြည့်ပြီး
မျိုးဆက်သစ်တချို့ရဲ့ တောက်ခေါက်သံဟာ
ဟစ်ဟော့လို့ ပြောနိုင်မလား။ ။
နန္ဒအိမ်
0 comments:
Post a Comment