Thursday, October 6, 2011

သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက်

သူမသည်...။

ရင်ကိုခွဲ
အသဲကို ဖြတ်ဆင်းစေခဲ့
ဟောဒီ မြစ်နှစ်သွယ်
ပေါင်းစပ်ခြင်းရဲ့ အနာဂတ်
ဧရာဝတီကို နို့တိုက်ခဲ့ရ။

အကြောပြိုင်းပြိုင်း
ရိုးမတံတိုင်းတွေနဲ့ ခြံရံ
အလျားရှည်ရှည်
တောင်တန်းတွေနဲ့ ကာရံ
မြစ်တွေကို ပြေးအားသန်စေခဲ့
မြစ်တွေကို ပြေးလမ်းမှန်စေခဲ့။

စီးဆင်းခဲ့ကြ
မြစ်တွေ ရဲရဲကြီး စီးဆင်းခဲ့ကြ။

ဘယ်ရင်အုံကို
ခပ်ပြင်းပြင်း ဖောက်ဆင်း
ချင်းတွင်းလို အရာတွေ
လာခဲ့
ဒဏ်ရာတွေကို သယ်လာခဲ့
ဧရာဝတီထဲ ပစ်ထဲ့။

စစ်တောင်းတွေအကြောင်း
ကောင်းကောင်းကြီး သိရဲ့
ကြားဘူတာကနေ ဖြတ်တက်
အရှိန်သွက်သွက်နဲ့ ပန်းဝင်ခဲ့
ဒါပေမဲ့
စစ်တောင်းဟာ ကိုယ်ပိုင်သံစဉ်ဖြစ်တယ်။

အစဉ်အလာကြီးမားတဲ့ သံလွင်
ညာလက်ဖျံပေါ်မှာ ကြီးပြင်း
များစွာသော ယုံကြည်ခြင်းတွေကို မျိုမျိုချ
ပင်ပန်းလှပေါ့
သင့်ကျောပေါ်က
ဇက်ကြောတက်နေတဲ့ ပဋိပက္ခတွေနဲ့
နာတာရှည် ပိန်ချုံးနေတဲ့ ယမ်းငွေ့တွေကို
ခါချခဲ့
ငြိမ်းချမ်းတည်ငြိမ်တဲ့
ရေကမ္ဘာသစ်ဆီ ခရီးဆက်မယ်။

ထိုအရပ်၌
မေခများ
မလိခများ
မြစ်င၀န်များ
တနင်္သာရီများ
စစ်တောင်းများ
ချင်းတွင်းများ
ဧရာဝတီများ
............များ
စကားတိုးဆိတ်
တိတ်တိတ် အိပ်စက်ကွယ်။

ဟောဒီမှာ
ကိုယ်စီကိုယ်ငှ မျှမျှတတ လှော်ခပ်
ကိုယ်စီကိုယ်ငှ လှလှပပ ပျော်ကြ
ပြည်ထောင်စု...အနာဂတ်...ပင်လယ်ပြင်။

သူမသည် ပင်ကို လှ၏
သူမသည် အလှဆင်ချင်၏
သူမ မျက်နှာသစ်နေသည်။ ။

ကေသာဦးခိုက်

(၁၉၉၉ ခုက ရေးခဲ့တဲ့ကဗျာပါ၊ မြစ်တွေမပျောက်ခင်လေး အမှတ်တရ ပြန်တင်လိုက်တယ်)

0 comments: