Thursday, September 1, 2011

ဗဟိုအစိုးရနှင့် ဆွေးနွေးရေး UNFC ပြင်ဆင်

ကိုဝိုင်း


ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗဟိုအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တဖွဲ့ချင်း ဆွေးနွေးမှု မဟုတ်ဘဲ ၁၂ ဖွဲ့ပေါင်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့်
ဆွေးနွေးလိုလျှင် အသင့်ဖြစ်စေရေးအတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး
နိုင်ဟံသာက ပြောသည်။

လက်ရှိ ၈ ဦးပါ UNFC ၏ ဆွေးနွေးရေးအဖွဲ့ကို မွန်အမျိုးသား နိုင်ဟံသာက ဦးဆောင်မှာဖြစ်ပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) ညီညွှတ်သော ရခိုင် အမျိုးသားပါတီနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည်။ ကရင်အမျိုးသား အစည်းအရုံးက ကိုယ်စားလှယ် ပေးပို့လာခြင်း မရှိသေးဟု သိရသည်။

UNFC မှ သဘောတူ ဆွေးနွေးချက်များကို အဖွဲ့ဝင်အဖွဲ့များမှ သဘောတူ လိုက်နာရမှာ ဖြစ်သည် ပြည်ထောင်စု အစိုးရက အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်း အနေဖြင့် ပြည်နယ် အစိုးရများနှင့် တွေ့ဆုံပြီး ပထမအဆင့် အနေဖြင့် “ပဏာမ လုပ်ငန်းစဉ်များ” ကို ဆွေးနွေးကြရန် သြဂုတ်လ ၁၈ ရက်နေ့က ဖိတ်ခေါ်ကြေညာခဲ့သည်။ ပဏာမဆွေးနွေးမှုများပြီးမှသာ ပြည်ထောင်စုအစိုးရက အဖွဲ့အစည်း တခုဖွဲ့ပြီး တဖွဲ့ချင်းနှင့် ဆွေးနွေးမည်ဟု ဆိုထားသည်။
meetlotdaw

ဗဟိုအစိုးရအနေဖြင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် ဆွေးနွေးလိုလျှင် အသင့်ဖြစ်စေရေးအတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြော (ဓါတ်ပုံ မဇ္ဈိမ)


တဖွဲ့ချင်းခွဲထုတ် ဖိတ်ခေါ်မှုကို “သပ်လျိုဖြိုခွဲ” မှုဟု ဆိုကာ လက်မခံဘဲ UNFC တခုလုံးအနေဖြင့် ပြည်ထောင်စု အစိုးရက ဖွဲ့မည့် ဆွေးနွေးရေး အဖွဲ့တို့ အကြား တိုက်ရိုက် ဆွေးနွေးလိုသည်ဟု သြဂုတ်လ ၂၈ ရက်တွင် တုန့်ပြန် ခဲ့သည်။

တိုင်းရင်းသား အခွင့်အရေး ဆုံးရှုံးနှင့် နိုင်ငံရေး ပြဿနာများသည် ပြည်နယ်အလိုက် သီးခြား ဖြစ်နေခြင်း မဟုတ်ပဲ
ပြည်ထောင်စု အဆင့်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှသာ ပြေလည်မည်ဟု ယုံကြည်ကြောင်းလည်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

အစိုးရက ဆွေးနွေးရန် ကမ်းလှမ်းမှုနောက်ပိုင်း KNU၊ NMSP၊ KNPP၊ နှင့် SSA-N အဖွဲ့များသို့ ပြည်နယ် ဝန်ကြီးချုပ် များက ကိုယ်စားလှယ်များ စေလွှတ်ပြီး ဆွေးနွေးရန် ဆက်သွယ်နေသည် ဆိုသော သက်ဆိုင်ရာအဖွဲ့ အသီးသီးမှ တာဝန်ရှိသူများက မဟုတ်မှန်ကြောင်း မဇ္ဈိမကို ငြင်းဆိုကြသည်။

သို့သော် မွန်အဖွဲ့ကိုမူ လွန်ခဲ့သည့် ၂ လကျော်က မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က မွန်သံဃာ အချို့ကို
စေလွှတ်၍ NMSP ၏ သဘောထားကို မေးမြန်းဖူးကြောင်း နိုင်ဟံသာက ဆိုသည်။

UNFC အဖွဲ့ဝင်များ ဖြစ်သည့် SSA-N၊ KIO နှင့် အစိုးရတပ်များ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ
သော်လည်း KIO က ကချင်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုနှင့် စာပေးစာယူ ရှိနေခဲ့သော်လည်း SSA-N နှင့်မူ အဆက်သွယ် မရှိသေးပေ။ သို့သော် ကချင်ဘက်က တပြည်လုံးအတိုင်းအတာဖြင့် အပစ်ရပ်ပြီး
နိုင်ငံရေးအရမူ UNFC နှင့်သာ ဆွေးနွေးရန် တောင်းဆိုနေသဖြင့် သောင်မတင်ရေမကျ ဖြစ်နေသည်။

သြဂုတ် ၂၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းဝေးက တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး
ဖော်ဆောင်မှု ကော်မတီကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် ကြံ့ခိုင်ရေး ပါတီ မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးသိန်းဇော်
ကို တာဝန်ပေးလိုက်သည်။

သို့သော် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက “သူတို့မှာက နည်းပရိယာယ်တွေ
များတယ်။ တကယ့်ပွဲ ဖြစ်ရင်တောင်မှ ကျနော်ထင်တယ်။ အဲဒီ (ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ) အဖွဲ့မဟုတ်ပဲနဲ့ တခြားဖြစ်သွားနိုင်တယ်လေ” ဟု ပြောသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေပြီး စုပေါင်း၍ ခုခံကာကွယ်နိုင်ရန် ၂ဝ၁၁ ခု ဖေဖော်ဝါရီလ
၌ အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့က အခြေခံ ၆ ဖွဲ့နှင့် ဆက်စပ် ၆ ဖွဲ့အဖြစ် UNFC ကို ဖွဲ့စည်းခဲ့သည်။

0 comments: