Thursday, September 22, 2011

လာပြီဟေ့


လာပြန်ပြီဟ နောက်တတုတ်။ သင်းက တုတ်ရုံမဟုတ် ကြီးလဲကြီးသေး။ နေတော့ တာဝတိံသာ။ ဟံမယ်မင်း..ဟုသာ သွားလေသူ ဆရာကြီး တက္ကသိုလ် ဘုန်းနိုင် ညည်းသလို ညည်းလိုက်ချင်တော့။ အမယ် သူတို့ ဂေါဏေန တွေကလည်း မဖြစ်ညစ်ကျယ် ညီညွတ်ရေးတွေ အထွေးသားကလား ကွယ်ရို့။ သူတို့ ဇာတိပြ၍ ရွှေဉာဏ်တော်စူးရောက်စွာ ဥပစာ ပြုခဲ့သော ဖဲဥပမာနှင့် ပြောရသော် နှပ်သူနှပ်၊ ချိုးသူချိုး၊ ဒလံလုပ်၍ ထိုးသူထိုး တဆင့်တက်ပြီး ဒါနှင့်မှ မလုံလောက်သေးထင်လျှင် ဓါးထောက်လုရန် ဝန်မလေးသူများဟု သုံးသပ်လျှင် (မကြိုက်မှာ သေချာသော်လည်း) မှားအံ့မထင်။

အနှီ အေဘီစီက ဝ၊တုတ်၊ပေါ တို့ ဝနေက စနေတို့ ၏ အာဘော်ကို (ဘုရားစူးရစေ့)
လေးစားစွာ လေ့လာခဲ့ပြီး တွေ့ရှိသမျှမှာ..
၁) လူထုခေါင်းဆောင် ပြီသလိုလျှင် (အမျိုးသမီးမှန်က) နံ့သာလိမ်းကျံ ပန်းမပန်ရ။ လူထူထူမှာ စကားမပြောရ၊ ဘယ်သူ့ကိုမှပြုံးမပြရ၊ ပြီးတော့ (ဘာအကြောင်းကြောင့်ဖြစ်ဖြစ်)
ဘောလုံးပွဲမကြည့်ရ၊ ပြီးတော့ ငြိမ်းချမ်းရေးစကား ယောင်လို့တောင် မပြောရ။ ရန်သူနှင့် တစားပွဲတည်းမထိုင်ရ၊ ရန်သူနှင့် မစေ့စပ်ရ၊ ပြီးတော့..ပြီးတော့
၂) လူထုခေါင်းဆောင် (အမျိုးသား) မှန်က (အစ ဘယ်ညာ အချမှားမည်စိုး၍) ခေါင်းပေါင်း မပေါင်းရ၊ ရန်ငါမျဉ်းမကျူးရ၊ ပန်းနံ့သာ ကိစ္စမှအပ အမှတ်စဉ်(၁) က အတိုင်း။ (လူထုခါင်းဆောင် အလောင်းလျာများ ဖြစ်ကြကုန်သော ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့ ကိုဌေးကြွယ် ကိုမင်းဇေယျာတို့ မမီးမီး မနီလာသိမ်းတို့၊ မစုစုနွေး တို့နှင့်တကွ အကျဉ်းစံ အကျဉ်းလွတ် ရွက်ပုံးသီးများ အပါအဝင် အားလုံးသတိပြု ကြပါစေကုန်)
၃) လွတ်မြောက်ရေးဆိုသည် လက်ဝေခံ၍ မရ၊ တိုက်ယူမှရသည်။ လက်နက်ချင်းမမျှလည်း ကိစ္စမရှိ၊ မဝင်းမော်ဦးလို သမီးရတနာလေးတွေ နောက်ထပ် ရာဂဏန်းမျှ ရှေ့ကထားလိုက်ရုံနှင့် ပွဲပြီးပြီ။ ဘုရား..ဘုရား။(သူတို့ဝေါဟာရ အချောင်သမား ပညာတတ်ညဉ်နှင့်) သူခိုးလူဟစ်သလို ပြော (လှုံ့ဆော်) ရက်သည်က “ဒီအဖွားကြီး မဝင်းမော်ဦး ကိုမှ အားမနာ သစ္စာမစောင့်” တဲ့။ မဝင်းမော်ဦးတို့ လို အနာဂါတ် တောက်ပြောင် သင့်သည့် နိုင်ငံ့သည်းပွတ် လေးများ (နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဆိုသလို) ဘာအကြောင်းပြနှင့်မှ ထပ်မံ (ထပ်မံ) အစတေး မခံစေလို၍ သူ့ကိုယ်သူ (တကယ့်သေနပ်နှင့် လေသေနပ်တွေ) အကြားမှာ စတေးခံကာ ကျဉ်းကျဉ်းကျပ်ကျပ် လှုပ်ရှားနေသူ (မရိုသေ့စကား) စူပါစတား၊ ဇာတ်ပျက်၊ အဖွားကြီး အခေါ်ခံ (နေလိုက သင်းတို့ထက် နေသာသော) အမေအရွယ် အဖွားအရွယ် တခေတ်တယောက် မိန်းမသား တဦး၏ စေတနာ ကို အသိအမှတ်ပြုရန် ငြင်းဆန်နေကြသည့် သူတို့ အတ္တ မှာ စော်ကားသည် ဟူသော စကားကပင် (သူတို့စကားနှင့်ပင် သူတို့ကိုပြန်ပြောရလျှင်) အလေးနီပြုလောက် ပါပေသည်။
၎) နိပါတ်တော်လာ လူဆိုးသူခိုးတို့၏ အမွေးမြူခံ (စင်စစ်သူတို့ကို မြွေပွေးသဘွယ် ခါးပိုက်ပိုက်ထား ကြကုန်သော တိုင်းပြည်နိုင်ငံများသည် လူဆိုးသူခိုး မဟုတ်ရုံမက သူတို့ဖျက်ဆီးရန် မဆုတ်မနစ် ကြံနေကြသော သူတို့မွေးဖွားခဲ့ရာ သူတို့ဇာတိမြေမှ ပြည်သူတွေအပေါ် သူတို့ထက်ပို၍ပင် မေတ္တာထားကြသည်ကို စိုးစဉ်းမျှ သံသယဖြစ်ဘွယ် မရှိ၊ သူတို့၏အဇ္ဈတ္တ ကိုက သားရေပေါ်အိပ် သားရေနားစား ခြင်း၌ ဝါသနာထုံခြင်း ဖြစ်ပေမည်။ ဤကားစကားချပ်။)
ကျေးမိုက်သို့ ဟေ့..ဝိုင်းကြပါ တော့လား၊ ချကြပါတော့လား၊ အာရပ်နွေဦးမှာ
မြူးကြပါတော့လား (စင်စစ် အာရပ်လို အရပ်မျိုးမှာ နွေဦးရှိနိုင်မရှိနိုင် ကျွနုပ်မသိ သူတို့လည်း သိပုံမပေါ်) လစ်ဗျားကလှိုင်းကြီး စီးကြပါတော့လား ဟု ခပ်မိုက်မိုက် ခပ်ဖိုက်ဖိုက် (တချိန်က ငါးသိုင်းချောင်းမြို့သား ကဗျာနီဆရာသမား ရေးဖွဲ့ဘူးသလို) ပြည့်တံဆာခန်းမှာ အိပ်မောကျနေဆဲ ဆိုက်ကားဘီးပေါက်သံကြောင့် လန့်နိုးသည့် လေသံမျိုးဖြင့် အော်နေကြ သည်မှာ ယိုသူမရှက် မြင်သူရှက် ကွက်တိဖြစ်နေ လေ၏။ လုပ်စားခံရဖန်များ လွန်း၍ နောကျေနေသော၊ သင်းရို့ အာဏာရှင်တွေ နှင့် အာဏာတည်ဆောက် ချင်ခြင်းကြီးသူတွေ အကြားမှာ ချိနဲ့နေပြီလည်းဖြစ်သော ပြည်သူတွေ တုတ်တုတ် (သူတို့နာမည်မဟုတ်) မျှ မလှုပ်သော အခါတွင်မူ ဒီအဖွားကြီးကြောင့်၊ ဒင်းရှုပ်နေလို့ဟု ယိုးစွပ်ကြပြန်သည်။ တဦးကဆိုလျှင် လွန်ခဲ့တဲ့ ၂၃ နှစ်လုံး ဒင်းဘာမှမလုပ်ခဲ့ဘူး ဟု အရူးချေးပန်း သံယောင်ဟစ်လိုက်သေး၏။ ၂၃ နှစ်လုံးလုံး အဖွားကြီး၏ ခြေ၊လက်၊ပါးစပ် တွေတုပ်နှောင် ပိတ်ဆို့ ခံနေခဲ့ရစဉ် သူတို့ရဲ့တန်ဘိုးရှိတဲ့ အချိန်တွေ (ဘီယာဆိုင်၊ ဖဲဝိုင်း၊ ကာရာအိုကေ နဲ့စိုပြေချိန် အပါအဝင်) ဘယ်လောက် ပြည်သူအတွက် လုပ်ခဲ့ပါသလဲ ဟု သူတို့ကိုယ်သူတို့တော့
မေးဖြစ်ကြပုံ မပေါ်။

ကဲ ဘယ်လိုလုပ်ကြမလဲ အရပ်ကတို့ရေ လို့သာ အော်လိုက်ချင်တော့။ မဖြစ်ညစ်ကျယ်ဟု စိတ်ရှိသလောက် ပြောခဲ့သော်လည်း သည်အရေးက လွယ်သည်လို့မထင်။ ဘာလေးခုန်လို့ဖုံမထ ဟုလည်း သူငယ်နှပ်စားသဘော မပြောချင်။ နိုင်ငံ့အရေး၊ အတ္တအိုးကွဲတွေနှင့် ပိဋကတ်အိုးကွဲတွေကြားမှ အသက်ငင်နေသော ပြည်သူတွေ၏ အရေး။ တာဝတိံသာရောက် ဘုန်းကြီးတစ္ဆေများ၏
ယပ်လှဲ ပရိတ်တရားအရေး။

ပစ္စည်းမဲ့သောမမဲ့သော ခေတ်အဆက်ဆက် အရပ်တကာ လူတကာ တို့၏ အကော်ရော် ခံရသူ စာရေးဆရာကြီး ဂေါ်ကီ ရေးသားပြီး စာရေးဆရာကြီး မြသန်းတင့် ဘာသာပြန်ဆို ခဲ့ဘူးသည့် “ဖိုးမာဂေါ်ဒီယက်” အမည်ရှိ ဝတ္တုစာအုပ် မှ ကြံကြံဖန်ဖန် မှတ်မိနေသေးသော စကားတခွန်း ကိုးကားခွင့်ပြုပါ။ “ ဒီလူ (တွေ) ဟာ ခြင် လိုဘဲ။ တဝီဝီနဲ့ နားညီးအောင်လုပ်တယ်၊ လစ်ရင်လစ်သလို ဝင်လဲကိုက် တတ် (ကြ) သေးတယ်” ဟူသတတ်။ ဘာမှမဟုတ်ဘူး ဆိုရင်တောင်မှ ကျီးလန့်စာ စားနေကြရတဲ့ ပြည်သူတွေ အလကားနေရင်း အိပ်ရေးမပျက်ရအောင် သုံးဆယ့်တစ်ဘုံ ခြင်ရန်ကာကွယ်ရေး အသိလေးတွေ ပေးထားကြရင် ကောင်းမလားတွေးမိကြောင်းပါခင်ဗျား။

မှတ်ချက်။ အရင့်အရင် ဒီဘလော့မှာ ဒေါက်တာလွှတ်ဆွ လို့ချစ်စနိုး ကျီစယ်တာတွေ တွေ့တိုင်း ဒီလူတွေတော်တော်ဆိုး ဟု ကြားက အမနာပရ ဘူးပါတယ်။ ခုတော့ (စိတ်မဆိုးဘူး ဆိုရင်) အို့ ဟိုး ဒါ့ကြောင့်ကိုး လို့ ပြောကြည့်ချင် ပါတယ်။ လေးစားရပါသော မြှားနတ်မောင်တို့ ၏ အရှင်သခင် အယ်ဒီတာဂိုဏ်းဝင် ဒေါက်တာကြီးခင်ဗျား၊ ထိုစကားကြောင့်ဖြင့် ရွှေစိတ်တော်ညို အလိုမကျဖြစ်မည် မထင်ပါ၊ ဖြစ်မိသည့်တိုင် ဤဝေဖန်ချက်ကို ပြည်သူ့သဘောထား ခံယူနိုင်ရန် အလို့ငှါ(နောက်ဆုံးစာပိုဒ်အားဖြုတ်၍ဖြစ်စေ)
ဖေါ်ပြပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

September 21, 2011 3:22 PM
Blogger

0 comments: