Monday, September 12, 2011

သမိုင်းသစ်ရေး ... စက်တင်ဘာ

ကမာပုလဲ

စက်တင်ဘာဟာ ... အိပ်မက်မဟုတ်ဘူး
စက်တင်ဘာဟာ ... တကယ့် အဖြစ်အပျက်ဖြစ်တယ်။

စက်တင်ဘာဟာ ... စိတ်ကူးယဉ်တောလား မဟုတ်ဘူး
စက်တင်ဘာဟာ ... လက်တွေ့ဘ၀တွေရဲ့ တိုက်ပွဲစစ်စစ်ဖြစ်တယ်။

စက်တင်ဘာဟာ ... ခါတော်မီ ပန်းခင်း မဟုတ်ဘူး
စက်တင်ဘာဟာ ... ကန္တာရ မြို့ပျက်ကြီးထဲ
ရာဇ၀င်ကို ခြောက်ခြား တုန်လှုပ်စေမယ့်
ဒူးမထောက် လက်မမြောက် နှင်းဆီခင်းတွေ ဖြစ်တယ်။

စက်တင်ဘာဟာ
ဗုဒ္ဒဘာသာ သံဃာတော်တွေရဲ့
သာသနာ ကပ်ဆိုက်ဖိနှိပ်ခံနေရပုံကို ...
အသက်ပေးပြီး သွေးနဲ့ရေးပြလိုက်တဲ့ ...
သမိုင်းတင် သက်ဝင်ပန်းချီကား တချပ်ဖြစ်တယ်။

စက်တင်ဘာဟာ
ရေမှာအရုပ်ရေးနေတဲ့ ...
လူတစုရဲ့ စိတ်ကူးယဉ်ငြိမ်းချမ်းရေးကို
အတုနှင့် အစစ် ခွဲခြားပေးလိုက်တာ ဖြစ်တယ်။

ပိုးဖဲအိညက်
အဖိုးတန် ဆိုဖါထက်မှာ
နိဗ္ဗာန်ရောက်ကြောင်း တရားကိုနာရင်း
လူကြားကောင်းအောင် ...
အချိန်ကိုက် အမှတ်တရသီချင်းကို
သင် ... သီဆိုနေပါသလား
စက်တင်ဘာဟာ သင့်နှလုံးသားအတွက်
ရွံရှာ စိတ်ပျက်နေမှာပဲ ...။

စက်တင်ဘာဟာ ... သမိုင်းဖြစ်သလို
သမိုင်းဟာ ... စက်တင်ဘာဖြစ်တယ်
စက်တင်ဘာဟာ ဗမာပြည်ဖြစ်သလို
ဗမာပြည်ဟာ စက်တင်ဘာ ဖြစ်ခဲ့တယ်
စက်တင်ဘာမှာ ကျခဲ့ရတဲ့ သွေးစက်တွေက
တနေ့မှာ ...
ဗမာပြည် လွှတ်မြောက်ရေး သမိုင်းသစ်ကို ရေးလိမ့်မယ် ... ။ ။

ကမာပုလဲ
၁၁၊ ၀၉၊ ၂၀၁၁

0 comments: