Friday, September 9, 2011

လွှတ်တော်အတွင်း ပုံပြောကောင်းတဲ့ ၀န်ကြီး...

ဆုံဆည်းရာ၊ စက်တင်ဘာလ ၉ ရက် ၂၀၁၁
ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းက လွှတ်တော်အတွင်း ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်မှ အောက်လွှတ်တော် အမတ် ဦးသိန်းညွန့်က "သတင်းမီဒီယာများ၏ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ဖြန့်ဝေခွင့်စသည့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေတရပ်ပြဋ္ဌာန်းပေးရန်" အဆိုကို ဗုဒ္ဓဟူးနေ့က လွှတ်တော်ဆွေးနွေးပွဲတွင် ဝန်ကြီးဦးကျော်ဆန်းက ပြန်လည် ဖြေကြားရာတွင် ဆဒ္ဒန်ဆင်မင်း ဝတ္ထုကို နာရီဝက်ကျော်ကြာ ပြောဆိုနေသဖြင့် အောက်လွှတ်တော် ဥက္ကဌ သူရရွှေမန်းက ဝင်ရောက် ဟန့်တားခဲ့ရသည်ဟု သိရပါသည်။

ဆဒ္ဒန်ဆင်မင်းဝတ္ထုတွင် ဆင်မင်းမှ မိဘုရားဖြစ်သူ စူဠသုဘဒ္ဒါကို ကျီစယ်သည့်အနေဖြင့် အင်ကြင်းပန်းများ စူဠသုဘဒ္ဒါ ပေါ်သို့ ကျဲချရာ ခါချဉ်ကောင်ပါသွားပြီး စူဠသုဘဒ္ဒါကို ကိုက်ခဲရာမှ အငြိုးထားကာ နောက်ဘဝတွင် ဆင်မင်း၏ အစွယ်ကို နားဌောင်းလုပ် ပန်ရစေလိုကြောင်း ဆုတောင်းရာမှ ဇာတ်လမ်းစခဲ့သည်။ စူဠသုဘဒ္ဒါ ကွယ်လွန်ပြီး ဘုရင်တပါး၏ မိဘုရားဖြစ်လာပြီးနောက် ဆဒ္ဒန်ဆင်မင်း၏ အစွယ်ကို ရလိုကြောင်း ဘုရင်ကို
တောင်းဆိုရာမှ ဆဒ္ဒန်ဆင်မင်း၏ အစွယ် အဖြတ်ခံရသည်အထိ ဖြစ်ခဲ့ရပြီး ဆဒ္ဒန် ဆင်မင်းပါ အသက်ဆုံးပါး
ခဲ့ရသည်။

ဝန်ကြီး ဦးကျော်ဆန်းက ခါချဉ်ကောင်မှ စခဲ့သည့် ဇာတ်လမ်းသည် ဆင်မင်းပါ အစွယ်ပြတ်ကာ အသက်ဆုံးခဲ့ရသည် အထိ ဖြစ်ခဲ့ပုံကို လက်ဟန်ခြေဟန်ဖြင့် ပြောဆိုခဲ့သည်ဟု အမတ်တဦးက ပြောသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း နာရီဝက်ကျော်ကြာ ပြောဆိုခဲ့မှုကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသော နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားခြင်း မရှိခဲ့သလို၊ အခြား အမတ်များ၏ ဆွေးနွေးချက်များကိုလည်း ဖော်ပြခြင်း မရှိပါ။

ကိုးကား။ ။ မဇ္ဈိမ

0 comments: