၁၉၈၈ ခု သြဂုတ်လ ၈ ရက်နေ့ဟာ မြန်မာပြည်သူတွေရဲ့ ကြောက်ရွံ့မှု သေဆုံးကြောင်း ကမ္ဘာကို ကြေညာလိုက်တဲ့နေ့ဖြစ်ခဲ့ပါတယ်။ မဆလ စစ်အာဏာရှင်တွေရဲ့ မိုးပေါ် ထောင်မပစ်တဲ့ သေနတ်တွေကို ရင်ကော့ရင်ဆိုင်ပြီး တနိုင်ငံလုံးမှာ ဒီမိုကရေစီ တော်လှန်ရေးကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တဗိုလ်ကျ တဗိုလ်တက်၊ တယောက်သေ တယောက်ထ နဲ့ ရှေ့ကို ဇွတ်တိုးခဲ့ကြတဲ့နေ့ဖြစ်ပါတယ်။ ၁၉၆၂ ခု ဇူလိုင် ၇ ရက်ကတည်းက လက်မှာသွေးစွန်းခဲ့တဲ့သားသတ်သမား စိန်လွင်ကို ကျောင်းသားတွေနဲ့ သာမန် ပြည်သူတွေက အတိအလင်းစိန်ခေါ်ပြီး တဒိုင်းဒိုင်းပစ်နေတဲ့ ကျည်ဆံတွေကြား မှာ အကြောက်တရားကင်းစွာနဲ့ ဇွဲနဘဲကြီးကြီး တိုက်ပွဲဝင်ခဲ့ကြတဲ့နေ့ဖြစ်ပါတယ်။
တယောက်တည်းကိုပစ်သတ်တာ မဟုတ်၊ နှစ်ယောက်တည်းကိုပစ်သတ်တာ မဟုတ်။ တရက်တည်းပစ်သတ်တာလဲ မဟုတ်၊ နှစ်ရက်တည်းပစ်သတ်တာလဲ မဟုတ်။ တနေရာတည်းပစ်သတ်တာလဲ မဟုတ်၊ နှစ်နေရာတည်း ပစ်သတ် တာလဲ မဟုတ်ခဲ့ပါ။
၁၉၈၈ သြဂုတ် ၈ ရက်ဟာ မြန်မာပြည်သူတွေအဖို့ အကြောက်တရားကို မြေမြှုပ်ပစ်ခဲ့တဲ့နေ့ ဖြစ်ခဲ့ပါတယ်။ အာဏာရှင် စနစ် လုံးဝဖယ်ရှားရေး၊ ပါတီစုံ ဒီမိုကရေစီစနစ် ထူထောင်ရေး စဉ်းစားချက်ကလွဲပြီး ကျောင်းသားတွေ ပြည်သူတွေရဲ့ ခေါင်းထဲမှာ ကြောက်ရွံ့စိတ်ဆိုတာ မရှိခဲ့တဲ့နေ့ရက်တွေ ၈-၈-၈၈ မှာစခဲ့ပါတယ်။
xxx
ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး Freedom from Fear ကို အမေရိကန်သမတ ဖရန်ကလင်ရူးစဗဲလ့်က ၁၉၄၁ ခုမှာ စပြောခဲ့ပါတယ်။ ရူးစဗဲလ့်ရဲ့ ကမ္ဘာကျော်မိန့်ခွန်းထဲမှာ လူသားတိုင်းအတွက် အရင်းခံအကျဆုံးလွတ်လပ်မှုကြီး လေးရပ်ကို ဖော်ထုတ်ပြခဲ့ပါတယ်။ အဲဒါတွေကတော့ --
(၁) လွတ်လပ်စွာထုတ်ဖော်-ပြောဆိုခွင့်
(၂) လွတ်လပ်စွာကိုးကွယ်-ယုံကြည်ခွင့်
(၃) ချို့ငဲ့ခြင်းမှလွတ်ကင်းခွင့်
(၄) ကြောက်ရွံ့ခြင်းမှလွတ်ကင်းခွင့်
နောက်ဆုံးလွတ်လပ်ခွင့်နှစ်ခုဟာ သမရိုးကျဒီမိုကရေစီအခွင့်အရေးထက်ပိုမြင့်မားတဲ့ လွတ်လပ်ခွင့်တွေဖြစ်ပြီး လူသား ဖြစ်တည်မှုအဓိပ္ပာယ်ကိုပါ အကျုံးဝင်နေပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က နက်နက်နဲနဲခံစားဆင်ခြင်ပြီး ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေးဆိုတဲ့ စာတမ်းတစောင် ရေးထုတ်ခဲ့တာဖြစ်ပါတယ်။
လူထုတွေရဲ့ သည်းခံနိုင်စွမ်းတွေ ခံနိုင်ရည်တွေ ကုန်ဆုံးသွားတဲ့အခါ ကြောက်ရွံ့မှုဟာ ကျဆုံးသွားတတ်ပါတယ်။ သေ မှာကိုကြောက်၊ ဆုံးရှုံးနစ်နာမှာကိုကြောက်နေတဲ့ အခြေအနေ နိဂုံးချုပ်သွားပါတယ်။ အဲဒါ ဘယ်လိုအချိန်မှာ ဖြစ်တတ် ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုးကားထားတဲ့ ဆရာမောင်သာယာရဲ့ကဗျာထဲကလို အာဏာရှင့်လက်အောက်က လူထုတွေဟာ "အရာရာကိုစိုးရိမ်ကြောက်ရွံ့နေရတဲ့ မလုံခြုံတဲ့ဘဝ" (တနည်းအားဖြင့်) လက်ခုပ်ထဲကရေ မဟုတ်ဘဲ လက်ခုပ်ထဲကဖန်ကွဲစတွေဖြစ်တယ်ဆိုတာကို လူထုတွေ သိရှိ သဘောပေါက်သွားတဲ့အချိန်ဟာ ကြောက်ရွံ့မှု သေဆုံး သွားချိန်ဖြစ်ပါတယ်။
xxx
ကျူနီးရှားနိုင်ငံမှာ တက္ကသိုလ်ဘွဲ့ရဖြစ်ပေမဲ့ အဆက်အသွယ်မကောင်း အကြံအဖန်မတတ်နိုင်လို့ အလုပ်ကောင်း ကောင်း မရနိုင်ဘဲ သစ်သီးလှည်းတွန်းရောင်းနေရတဲ့ အသက် ၂၆ နှစ် အရွယ် မိုဟာမက် ဘွာဇီဇီ ကို ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှာ ရဲတွေက လူကြားသူကြားထဲ အသားလွတ် အနိုင်ကျင့်ဗိုလ်ကျတာ ရိုက်နှက်တာကို ခံခဲ့ရပါ တယ်။ ဘွာဇီဇီ မိသားစုဟာ ငွေမရှိ၊ ကားမရှိ၊ လျှပ်စစ်မီးမရှိ၊ ဆောင်းရာသီမှာ မီးသွေးလောက်လောက်ငငမရှိနဲ့ နေခဲ့ရတာ ကြာပါပြီ။ ဒါပေမဲ့ အခု နောက်ဆုံးဖြစ်သွားတာကတော့ လူ့ဂုဏ်သိက္ခာပါ ချိုးနှိမ်စော်ကားခံလိုက်ရတာ ဖြစ်ပါတယ်။ ဘွာဇီဇီရဲ့သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပါပြီ။ ဒါကြောင့် ဘယ်လိုမှ မခံမရပ်နိုင်တဲ့အဆုံး အာဏာရှင် အစိုးရရဲ့ အကျင့်ပျက်ခြစားမှု မတရားမှုတို့ကို တကမ္ဘာလုံးသိစေဖို့ မြို့တော်ခန်းမရှေ့မှာ ကိုယ့်ကိုယ်ကိုမီးရှို့ ဆန္ဒပြခဲ့ ပါတော့တယ်။ ဘေးကလူတွေက စည်ပင်သာယာရုံးထဲပြေးဝင်ပြီး မီးသတ်ဆေးဗူးတဗူးဆွဲထုတ်လာပါတယ်။ ဒါပေမဲ့ ဆေးဗူးထဲမှာ ဆေးမရှိ။ ရဲတွေ မီးသတ်တွေ ခေါ်တော့ တနာရီခွဲလောက်ကြာမှ ဆေးရုံကားတစီးဘဲ ရောက်လာပါ တယ်။
အာဏာရှင်သမတ ဘင်အလီက ဘွာဇီဇီကို ဆေးရုံမှာ လာသတင်းမေးပါသေးတယ်။ တီဗီရိုက်တဲ့အဖွဲ့ပါခေါ်လာပြီး ငွေ တသောင်းထောက်ပံ့တာကို တီဗီရိုက် လွှင့်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဆေးရုံခန်းထဲက သမတပြန်ထွက်သွားတာနဲ့တပြိုင် နက် သမတနဲ့ပါလာတဲ့ဝန်ထမ်းတွေက ဒီငွေကို ပြန်ယူသွားခဲ့တဲ့အကြောင်း ဘွာဇီဇီ့အမေက ဖွင့်ချခဲ့လို့ ခဏလေးနဲ့ သတင်းပျံ့သွားခဲ့ပါတယ်။
ဘွာဇီဇီကို ပါးရိုက်၊ တံထွေးနဲ့ထွေးခဲ့တဲ့ ပုလိပ်မကို ဇန်နဝါရီလဆန်းမှာ အစိုးရကဖမ်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ကျ သွားပါပြီ။ ဘွာဇီဇီအကြောင်းသတင်းတွေ တောမီးလိုပျံ့သွားခဲ့ပါပြီ။ ဘွာဇီဇီ မီးလောင်ပြီးနောက်တရက်မှာ ဘဝတူ လမ်းဘေးဈေးသည်တွေက စည်ပင်သာယာရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါကို လူတယောက်က ဖုံးကင်မရာနဲ့ ဗီဒီယို ရိုက်ပြီး ဘွာဇီဇီ့ဖြစ်စဉ် နောက်ခံစကားပြောနဲ့အတူ အင်တာနက်တင်ခဲ့ပါတယ်။ ဒီဗီဒီယိုကို ကျူနီးရှားအာဏာရှင် ဆန့်ကျင်ရေးသမား ကွန်ပျူတာဝိဇ္ဇာတယောက်က တွေ့သွားပြီး ဖေ့စ်ဘွတ်ကနေ ဖြန့်ပေးလိုက်ပါတယ် (ကျူနီးရှားမှာ ယူကျူ့ဘ် ကိုပိတ်ထားပါတယ်)။ ၂ ရက်အကြာမှာ တခြားမြို့တွေမှာ ဆန္ဒပြပွဲတွေ စဖြစ်လာပါတော့တယ်။
ဖေ့စ်ဘွတ် တင်ပြီး နောက်တနေ့ညနေမှာ အယ်လ်ဂျာဇီးရားသတင်းဌာနက ဒီဗီဒီယိုကို ထပ်တလဲလဲလွှင့်ပေးခဲ့ပါတယ် (ကျူနီးရှား အစိုးရတီဗီမှာတော့ နောက် ၁၂ ရက်ကြာမှ ဒီသတင်းပါလာပါတယ်)။ ဆန္ဒပြပွဲသတင်းတွေ၊ အစိုးရလက် ဖြောင့်တပ်သားတွေရဲ့ ပစ်ခတ်မှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေကို ပါဝင်သူတွေနဲ့ သတင်းထောက်တွေက အက်ဖ်အမ် ရေဒီယိုဌာနတွေဆီ ဖုံးနဲ့ တိုက်ရိုက်သတင်းပို့ကြလို့ အဖြစ်အပျက်တွေကို တပြိုင်နက်တည်း သိကုန်ပါတယ်။ မျက်ရည် ယိုဗုံးကို ရှာလကာရည်နဲ့ ပက်ပ်ဆီကိုလာအချိုရည် မျက်စိမှာဆွတ်ပြီး ကာကွယ်နည်းကအစ ဖုံး၊ အင်တာနက် နဲ့ ရေဒီယိုကနေ သတင်းဖြန့်ပေးခဲ့ပါတယ်။ ဒီ့နောက်မှာတော့ အားလုံးသိကြတဲ့အတိုင်း ကျူနီးရှားကနေ ဘင်အလီ ထွက်ပြေးရတာ၊ အိဂျစ်မှာ မူဘာရတ် ပြေးရတာတွေက သမိုင်းဖြစ်လာပါတယ်။
တချိန်လုံး လက်ခုပ်ထဲကရေ ဖြစ်ခဲ့ရတဲ့ ဘွာဇီဇီဟာ ကိုယ့်ကိုယ်ကို မီးရှို့အသေခံပြီး တိုင်းသိပြည်သိ ကမ္ဘာသိ ပြလိုက် ခြင်းအားဖြင့် လက်ခုပ်ထဲကဖန်ကွဲစ ဖြစ်တာ ပေါ်လွင်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ကြောက်ရွံ့ခြင်း ဖုံးလွှမ်းနေတဲ့ လက်ခုပ် ထဲကရေဘဝ ကျူနီးရှားပြည်သူတွေလဲ ကြောက်ရွံ့ခြင်း လွတ်ကင်းတဲ့ ဖန်ကွဲစဖြစ်တဲ့အကြောင်း လိုက်ပြသလာကြပါ တယ်။ ဆန္ဒပြပြည်သူ ၂၀၀ လောက် အသတ်ခံရပေမဲ့လဲ နောက်မဆုတ်တော့ပါဘူး။
xxx
၁၉၈၈ ခု မတ်လ ၁၃ ရက် ကျောင်းသား မောင်ဖုံးမော် အသတ်ခံရမှုနဲ့အတူ စစ်အာဏာရှင်တွေရဲ့ လိမ်ညာမှု၊ မမှန် သတင်းဖြန့်မှု၊ မတရားဘက်လိုက်မှုတွေဟာ ကျောင်းသားတွေရဲ့ သည်းခံနိုင်စွမ်းတွေကို ကုန်ဆုံးသွားစေခဲ့ပါတယ်။ မတ်လ ၁၆ ရက် တံတားနီသွေးချောင်းစီးမှု၊ မတ်လ ၁၈ ရက် အချုပ်ကားထဲ မွန်းသေမှုတွေဟာ ကျောင်းသားတွေရဲ့ အကြောက်တရားကို ဒေါသနဲ့ အစားထိုးလိုက်စေပါတော့တယ်။ ကျောင်းသားတွေဆီမှာ အကြောက်တရား သေဆုံး သွားမှုဟာ ၁၉၈၈ ဇွန် အရေးတော်ပုံကို ပေါက်ဖွားစေခဲ့ပါတယ်။
ကျောင်းသားတွေဟာ ထပ်တလဲလဲအသတ်ခံ အရိုက်အနှက်ခံနေရတဲ့ကြားက ထပ်တလဲလဲဆန္ဒပြတိုက်ပွဲဝင်နေပေမဲ့ ကျောင်းသားမဟုတ်တဲ့ ပြည်သူလူထုတွေအဖို့ ကြောက်ရွံ့ခြင်းမှလွတ်ကင်းသွားစေတဲ့ ဖြစ်ရပ်ကတော့ ဇွန် ၂၁ ရက်နေ့ မြေနီကုန်းတိုက်ပွဲ ဖြစ်ပါတယ်။ ဒီနေ့မှာ တိုက်ပွဲဝင်နေတဲ့ကျောင်းသားတွေအပေါ် ရက်ရက်စက်စက်နှိပ်စက်နေတဲ့ လုံထိန်းတွေကို တခါမှမကြုံဖူးတဲ့ဆုံးမနည်းနဲ့ ဆုံးမလိုက်လို့ အနည်းဆုံးလုံထိန်း ၆ ယောက် ဂျင်ဂလိစာမိပြီး အသက် ပျောက်သွားတဲ့အခါ ပြည်သူလူထုဟာ ကိုယ့်ရဲ့ဖန်ကွဲစဘဝကို သဘောပေါက်နားလည်သွားခဲ့ပါတယ်။
အရာရာကို စိုးရိမ်ကြောက်ရွံ့နေရတဲ့ မလုံခြုံတဲ့ဘဝ အဆုံးသတ်ခဲ့ပါပြီ။ ဖန်ကွဲစရဲ့စွမ်းအား ပေါ်ထွန်းလာပါပြီ။ ပြည်သူ တွေဆီမှာ အကြောက်တရား နိဂုံးချုပ် သေဆုံးသွားခဲ့ပါပြီ။ ဒါကြောင့် သြဂုတ်လ ၈ ရက်နေ့ အရေးတော်ပုံရက်ချိန်း နေ့မှာ ရေဘဝက ဖန်ကွဲစဘဝ ပြောင်းလာတဲ့ ပြည်သူပြည်သားတွေဟာ ကျောင်းသားတွေနဲ့အတူ လမ်းပေါ် အလုံး အရင်းနဲ့ထွက်လာပြီး တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်မှာတင်မက နယ်မြို့တွေမှာပါ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ နေ့စဉ်ရက်ဆက် ပစ်သတ်နေပေမဲ့ ကြောက်ရွံ့မှုမှလွတ်ကင်းသွားတဲ့ ပြည်သူတွေ လမ်းမတွေပေါ် ဆက်လက်ချီတက်ခဲ့ကြတာ ဖန်ကွဲစစိတ်ဓာတ်ဘဲဖြစ်ပါတယ်။
ဒီစိတ်ဓာတ်နဲ့ မြန်မာပြည်သူတွေဟာ အသေခံ အနာခံပြီး တပြည်လုံးအနှံ့မှာ မြို့ရွာတွေကိုသိမ်း၊ လမ်းတွေကိုပိတ်ဆို့၊ သပိတ်စခန်းတွေ အနှံ့ဖွင့်၊ ရဲစခန်းတွေ ကင်းစခန်းတွေကို စီးနင်းခဲ့ကြပါတယ်။ အကြောက်တရားမဲ့ဖန်ကွဲစ လူထုဟာ ကိုယ့်ကို တလျှောက်လုံးဖိနှိပ်စော်ကားခဲ့တဲ့ နာမယ်ကြီးအာဏာပိုင်တွေ ပုလိပ်တွေကို လက်လှမ်းမှီသမျှ ဇီဝိန်ချွေ စည်းစိမ်ဖြုတ် အိမ်တိုင်ပါချွတ်ပစ်ခဲ့ပါတယ်။ ပြည်သူတွေဟာ မှောက်လိုမှောက် လှန်လိုလှန် ခံနေရတဲ့ ရေဘဝ မဟုတ် တော့ပါ။
xxx
ကျူနီးရှား နဲ့ အိဂျစ်မှာ ဒီလိုဘဲ ဖြစ်ခဲ့ပါတယ်။ လစ်ဗျား၊ ဆီးရီးယား၊ ယီမင် တို့မှာလဲ ဒီလိုဘဲ ဖြစ်နေပါတယ်။ ကြောက်ရွံ့ခြင်းမှလွတ်ကင်းသွားရင် နောက်ဆုံးအောင်ပွဲအထိ ရောက်မယ့်လမ်းပေါ် ရောက်သွားပြီဖြစ်ပါတယ်။ လမ်း ကြောင်းပေါ်မှာ ပဲ့ကိုင်သွားဖို့ကတော့ ခေါင်းဆောင်မှုရဲ့အခန်းကဏ္ဍဘဲ ရှိပါတော့တယ်။
ဂါမဏိ
Sunday, August 7, 2011
ကြောက်ရွံ့မှု သေဆုံးခြင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment