Friday, August 12, 2011

ဆည်းလည်းသံ ညံမစဲ

ဒီလိုအချိန်တွေမှာ
ငါဟာ...
ဦးနှောက်က ကွန်ထရိုးပေးတဲ့
စက်ရုပ်တစ်ကောင် ဟန်မဆောင်ပဲ
ဖြစ်မှန်းမသိ ဖြစ်လာတယ်။
ခံစားချက်တွေ ဘေးဖယ်ထားပြီး
ဈေးဝယ်သွားနေရတာလောက်
မုန်းစရာကောင်းတဲ့အလုပ်
ဒီအလုပ်အတွက်
နှလုံးသားကို ဆတ်ကနဲဆွဲထုတ်လို့
ဘေးကအိပ်စုတ်တစ်လုံးထဲ
ဘုတ်ကနဲနေအောင်ပစ်ထဲ့လိုက်တယ်။
ခုတော့ငါ...ခံစားချက်ဗလာနဲ့
ကွန်ထရိုးပေါင်းများစွာရဲ့အောက်
ကောင်းကောင်းကြီးရောက်သွားတယ်။
လမ်းတွေ လမ်းတွေပေါ်မှာ
ငါမနက်တိုင်းကောက်နေကျ
ခရေပန်းတွေလိုတဖြုတ်ဖြုတ်ကြွေကျကုန်တာ
လူတွေ..လူတွေ..လူတွေရယ်ပါ။
သွေးအိုင်ထဲ ပိုးလိုးပက်လက်လဲနေလိုက်ကြတာ
ငါဆိုတဲ့စက်ရုပ် ဘက်ထရီထုတ်ခံလိုက်ရသလို
ဗြုန်းဆိုရပ်သွားတာ နျူရိုထရန်စမစ်တာတွေဆီက
လာနေကြ ဆစ်ဂနယ်တွေပါ ခဏတာ
ပျောက်ရှကုန်ကြတယ်။
သွေးစီးချောင်းထဲမှာ ရပ်နေတဲ့ ခြေထောက်တွေ
ပူနွေးကပ်စေးလာမှ အသိတရားက
အိမ်လည်ရာကပြန်လာရင်း
အချိန်တွေဝယ်နေခြင်းအတွက်
စိတ်ဆိုးမာန်ဆိုးနဲ့ စောဒကတက်တယ်
ငါကလုပ်နေကြအတိုင်းပဲ ငြင်းဆန်နေဆဲ
ငြင်းဆန်နေတဲ့ ငါ့ရဲ့လက်ကိုဆွဲလို့
အချိန်တွေဝယ်ယူခြင်းကိုတားတယ်
ငါရယ် အသိတရားရယ်
အငြင်းအခုန်တွေဖြစ်တယ်
ဒီပွဲမှာ ငါနိုင်မှဖြစ်မယ်။
မ၀ယ်မဖြစ်တဲ့ အချိန်တွေကို ၀ယ်နိုင်မှ
ငါရှာနေတဲ့ ၀ိညာဉ်တစ်ခုကို ပြန်ဖမ်းမိမှာ
နားခိုရာ ရှာမတွေ့ခင် ငါလက်ဦးမှုရနိုင်မှ
ပါးစပ်ကတတွတ်တွတ်ပြောရင်း
ခြေထောက်တွေကရှေ့ကပြေး
လက်တွေနဲ့ ၀ိညာဉ်ကိုတိုးဖယ်ရင်း
မျက်စိတွေက ဂဏာမငြိမ် အလုပ်များရင်းနဲ့
အသိတရားနောက်ကလိုက်လာခြင်းကိုမေ့နေခိုက်
မိုက်ခနဲဖြစ်ပြီး နောက်ကရိုက်ချခြင်းကိုခံလိုက်ရတယ်။
သွားပြီ..ငါ..ရှုံးသွားပြီ
ဒီပွဲမှာ ငါအသိတရားကို ရှုံးသွားပြီ
စောင့်စားနေတဲ့ အမေ့အတွက်
သားအသက်ကိုလုယူဖို့ တိုက်ပွဲမှာ
အရှုံးများစွာနဲ့ငါ
နှလုံးသားဗလာနဲ့သာ ဖြစ်သင့်တာ
ယူခဲ့တဲ့တာဝန်တစ်ခုအတွက်
သွေးစက်စက်ကျနေတဲ့ ငါ့နှလုံးသားကို
သက်သေထားလို့ ဒီလိုရက်တွေကြားမှာတော့
အမေ့ရဲ့ ပျောက်ရှသွားတဲ့ သားတစ်ယောက်အတွက်
အချိန်တွေကိုရလိုရညား ၀ယ်ယူသွားလိုတဲ့ဆန္ဒ
တားမနိုင်ဆီးမရ ဖြစ်နေကြအတိုင်းပဲ
"ရှစ်လေးလုံး" ဆိုတဲ့ ဆည်းလည်း။ ။

ထူးသျှား

0 comments: