Monday, June 6, 2011

ရွေ့နေတဲ့လူများ

လောကလမ်းပေါ်က
လူတစ်ယောက်ထဲပါတဲ့ ကားလေးရဲ့
နောက်ကြည့်မှန်ထဲမှာ
လူ ၃၀ လောက်ပါတဲ့ ဘတ်စ်ကားကြီး
ရွေ့နေတယ်
မီးပွိုင့်ဝါနေတုန်း
ကားကလေး ဝုန်းကနဲ ဆောင့်ထွက်သွားပြီး
ကားကြီး မီးနီ မိသွားတယ်
သူ့နောက်ကြည့်မှန်ထဲမှာတော့
လူ ၂ ယောက်ထဲပါတဲ့ ကားလေးတစ်စီး
ရပ်နေတယ်
မီးပြန်စိမ်းပြီး စက္ကန့်ပိုင်းမှာပဲ
၂ ယောက်ကားလေးရဲ့ နောက်ကြည့်မှန်ထဲ
ဘတ်စ်ကားကြီး ရောက်သွားပြန်တယ်။

လောကဆိုတာ
အရင်းရှင်စနစ်လိုပဲ
မြန်တာတွေကို ပိုရှေ့ရောက်စေပြီး
နှေးတာတွေကို ပိုနောက်ကျစေတာပဲ
မြန်နှုန်းအမျိုးမျိုး၊ ကားအစားစားနဲ့
လူသားများရွေ့နေ။

ရှောင်မောင်းရင်း ရှောင်မောင်းရင်းနဲ့
(မမောင်းချင် မောင်းချင်)
နောက်ဆုံး မောင်းဝင်သွားရတဲ့ဂိတ်ကို
"သချိုင်းဂူဂိတ်" လို့ခေါ်တယ်
အဲဒီမှာ အမျိုးအစားမရှိ
အဲဒီမှာ အနှေးအမြန်ရှိ
အဲဒီမှာ ကားလည်းမရှိဘူး။ ။

သုအိုင်စံ

0 comments: