Wednesday, June 1, 2011

ခြေရာတွေရဲ့ ရုပ်ကြွင်း ဒဏ္ဍာရီ

ထမင်းတစ်နပ်အတွက်လာတဲ့ ခြေလှမ်းရယ်
ချင်ခြင်းခဏအတွက်လာတဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုးပြည့်တန်ဆာအိမ်ထဲဝင်သွားတယ်။

ပေးမဲ့ခြေလှမ်းက နာသုံးနာ ဆိုတဲ့စာအုပ်လေးကိုင်ထားတယ်
ယူမဲ့ခြေလှမ်းက ပညာမဲ့နေတဲ့ ဦးနှောက်တစ်လုံးဖွင့်ထားတယ်
ခြေလှမ်း ၂ မျိုးစာသင်ခန်းထဲဝင်သွားတယ်။

အမြဲတမ်း မုန့်ဆာနေတဲ့ ခြေလှမ်းရယ်
အမြဲတမ်းမုန့်ရှာဖွေနေရတဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုးမေတ္တာစက်ဝိုင်းထဲဝင်သွားတယ်။

ရောဂါကိုနှိမ်နင်းကုသနေတဲ့ ခြေလှမ်းရယ်
ရောဂါကို သယ်ဆောင်လာပေးတဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုးဆေးခန်းထဲဝင်သွားတယ်။

အနိုင်ရပျော်ရွှင်နေမဲ့ ခြေလှမ်းရယ်
ရှုံးနိမ့်ကြေကွဲနေမဲ့ ခြေလှမ်းရယ်
သရေရခံစားမှုမဲ့နေမဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၃ မျိုး တရားရုံးထဲဝင်သွားတယ်
လက်ဝှေ့ကြိုးဝိုင်းပေါ်တက်သွားတယ်
ဘော်လုံးကွင်းထဲဝင်သွားတယ်။

ဝဖီးနေတဲ့ အရင်းရှင်စနစ်ကြီးကို လက်ကဆွဲလာတဲ့ ခြေလှမ်းရယ်
တစ်မိသားစုလုံးရဲ့ အနာဂတ်ကို ခါးစည်းထားတဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုး အလုပ်ရုံထဲဝင်သွားတယ်
ကုမ္ပဏီတစ်ခုထဲဝင်သွားတယ်။

လောဘတွေတနင့်တပိုးနဲ့ ဝင်သွားတဲ့ ခြေလှမ်းရယ်
သောကဝေအဖြစ်ဆိုးနဲ့ ထွက်လာတဲ့ ခြေလှမ်းရယ်
လောဘရဲ့ပျော့ကွက်ကို အမြတ်ထုတ်နေတဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုးလောင်းကစားရုံထဲဝင်သွားတယ်။

ပေးဆပ်ရင်းရယူမဲ့ သဏ္ဍာန်တူခြေလှမ်းတွေနဲ့ ခြေလှမ်းရယ်
ရယူရင်းပေးဆပ်မဲ့ သဏ္ဍာန်တူခြေလှမ်းတွေနဲ့ ခြေလှမ်းရယ်
အချစ်ဗဟိုပြုခြေလှမ်းတစ်မျိုး ၂ ယောက်အိပ်ကုတင်ပေါ်ခုန်တက်သွားတယ်။

ပဋိပက္ခတွေကိုမြှားလိုချွန်ထားတဲ့ ခြေလှမ်းရယ်
ပဋိပက္ခတွေကို အဆိပ်လူးထားတဲ့ကျည်သီးတွေနဲ့ ခြေလှမ်းရယ်
အမုန်းဗဟိုပြုခြေလှမ်းတစ်မျိုးစစ်ပွဲထဲဝင်သွားတယ်။

တစ်ယောက်ရဲ့ရင်ဘတ်ထဲ တစ်ယောက်က အကျဉ်းကျသွားတဲ့ ကိုယ်စီ ခြေလှမ်းရယ်
အကျဉ်းကျခြင်းကိုကောင်းချီးပေးတဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုး မင်္ဂလာဆောင်မဏ္ဍာပ်ထဲဝင်သွားတယ်။

ရွေ့လိုက် ရပ်လိုက် ရပ်လိုက်ရွေ့လိုက် ခပ်ညံ့ညံ့ ခြေလှမ်းရယ်
တစိုက်မတ်မတ် ချီတက်သွားတဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုးခရီးတစ်ခုထဲဝင်သွားတယ်။

ပုခုံးကိုနင်းတက်သွားတဲ့ အရပ်မြင့်ချင်စိတ်နဲ့ ခြေလှမ်းရယ်
အောက်ခြေကင်းကိုလုံအောင်စောင့်နေတဲ့ အောက်သက်ကြေ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုးထင်ပေါ်ကျော်ကြားမှုထဲဝင်သွားတယ်။

ခေါင်းဆောင်ဖြစ်ဖို့ မျက်နှာချိုသွေးတတ်တဲ့ ခြေလှမ်းရယ်
ခေါင်းဆောင်ကောင်းကို ရေးချယ်ချင်ဇောနဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုး မဲရုံထဲဝင်သွားတယ်
ပြည်သူ့လွှတ်တော်ထဲဝင်သွားတယ်။

အဝေးကပြန်ဆင်းလာတဲ့ ခြေလှမ်းရယ်
အဝေးကိုဆက်တက်သွားမဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုးလေယာဉ်လှေကားကိုနင်းသွားတယ်။

ထွက်ပြေးနေတဲ့ ခြေလှမ်းရယ်
လိုက်ဖမ်းနေတဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုး လွပ်လပ်မှုကိုဖြတ်ပြီး ဥပဒေထဲဝင်သွားတယ်။

သွေးစုပ်ဖိနှိပ်နေတဲ့ ခြေလှမ်းရယ်
အုံကြွပေါက်ကွဲနေတဲ့ ခြေလှမ်းရယ်
ခြေလှမ်း ၂ မျိုး revolution ကိုဖြတ်ပြီး evolution ထဲဝင်သွားတယ်။

မာနတွေ တန်ဖိုးတွေကိုယ်စီတွေနဲ့
များပြားကွဲခြားတဲ့ခြေလှမ်းတွေ
ဘယ်ကနေလာခဲ့ပါသလဲ။

တခါတုန်းက...
လော က ထဲ ကို
ဘာရည်ရွယ်ချက်နဲ့မှန်းမသိတဲ့
ခြေလှမ်းတိုင်းမြောက်များစွာဝင်သွားတယ်
ခြေလှမ်းတိုင်းဟာ ဘယ်တော့မှ ယမ်းမအတတ်တဲ့
"သင်္ခါရဗုံး" တစ်လုံးစီ ကျောပိုးလာကြတယ်
"လူသားဟာ သက်ရှိအာဏာရှင် ဖြစ်သွားမှာစိုးလို့" တဲ့
"သင်္ခါရဗုံး "ဟာ
ဘုရားသခင်ကြိုရွှေ့ထားတဲ့အကွက်ဖြစ်သတဲ့
ဒ-ဏ္ဍာ-ရီ-ထဲ-မှာ။ ။

သုအိုင်စံ

0 comments: