Saturday, March 19, 2011

သို့...ကမ္ဘာမြေ

အို ... ကမ္ဘာမြေ
နှုတ်ဆက်လိုက်တယ်
(သင်)ငြိမ်းချမ်းပါစေ။

...အို ... ကမ္ဘာမြေ
အားလုံးသိတယ်
မင်းနေမကောင်းဖြစ်ခဲ့တာကြာပြီပဲ ... ။

မွန်းကြပ်တဲ့CO2အောက်မှာ
မင်းအသက်ရှုသံလည်း ဖုတ်လှိုက်၊ ဖုတ်လှိုက်ဖြစ်လို့
မင်းအဆီအနှစ်တွေလည်း ခမ်းခြောက်လို့
မင်းအရည်ကြည်ဓါတ်တွေ ယုတ်လျော့လို့
မင်းဝတ်တဲ့အင်္ကျီလည်း ပေါက်ပြဲလို့
မင်းအသွေးအသားရဲ့  စိမ်းလန်းမှု ဘယ်မ(မှာ)လဲ...။

လှပတဲ့ အများခေါ်တဲ့ မင်းနာမည်
နွေးထွေးတဲ့ “ အမိ ကမ္ဘာမြေ ”
၂၁ ရာစုစ မင်းနာမည်သစ် “ Endangered Earth”
“အန္တရာယ်ကြုံနေရတဲ့ ကမ္ဘာမြေ” တဲ့
သဘာဝဒဏ်တွေ ခြိမ်းခြောက်ခံနေရတဲ့ မင်း
ကိုယ့်ခန္ဓာပိုးတွေရဲ့  လှိုက်စားမှုဒဏ် ခံနေရတဲ့ မင်း
ရောဂါဆိုးတွေ တမျိုးပြီးတမျိုးကလည်း
အပေါင်းအဖော်ပြုလို့ ... ။

မင်းသက်တမ်းစေ့ မနေနိုင်မှာစိုးရိမ်မိတယ် ကမ္ဘာမြေ
မင်းခန္ဓာအပူရှိန်လည်း တရိပ်ရိပ်တတ်လို့
မင်းကိုယ်မင်းလည်း မထိန်းနိုင်တော့ဘူး
မင်းရင်ခုန်သံတွေလည်း ပြင်းထန်လိုက်တာကွယ်
ကြားရသူတွေ တုန်လှုပ်ကုန်ရတယ် ... ။

ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ ကမ္ဘာမြေ
ငါ ချစ်တဲ့ ကမ္ဘာမြေ
ငါ မှီတင်းတဲ့ ကမ္ဘာမြေ
ဒါတွေဟာ ဘယ်သူ့ကြောင့်များလဲကွယ်...။

အို ... ကမ္ဘာမြေ
ဆုတောင်းလိုက်တယ်
(သင်) ကျမ်းမာပါစေ ။ ။ ။

(((အမ်အယ်လ်)))

0 comments: