Wednesday, March 2, 2011

နအဖ စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တိုက်ပွဲသတင်းများ

ကေအန်ယူ တပ်မဟာ(၂) နယ်မြေ

ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နံက် (၁၀)နာရီအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)သည်
ကော်သေးဒဲရွာ၏ ကားလမ်းမပေါ်ကို သွားရောက် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် ရန်သူဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုကို မသိရသေးပါ။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိချေ။

ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ထန်းတပင်မြို့နယ်၊ (ကလောမီးဒဲ) စခန်းအခြေစိုက် ရန်သူ ခလရ(၁၀၂)မှ တပ်ရင်းမှူး မြင့်သန်းဝင်း ဦးဆောင်သောအဖွဲ့သည် ရွာသား(၁၀) ယောက်ကို အတင်းအဓမ္မ ချောဆွဲပြီး ကလောမီးဒဲစခန်းမှ ကွယ်ဒေးစခန်းအထိ လမ်းတလျှောက် မိုင်းရှင်းခိုင်းခဲ့သည်။

ကေအန်ယူ တပ်မဟာ (၄) နယ်မြေ

ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ်၊ မွန်းလွဲပိုင်း (၃)နာရီခန့် အချိန်တွင် KNU ပြောက်ကျား(၂) အဖွဲ့က ရန်သူ နအဖ တပ်ဖွဲ့နှင့် ယိုပယောတာ့ရွယ် ဒေသမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူဘက်မှ (၁)ဦး ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၊ နံနက် ၁၀ နာရီအချိန်တွင် KNU က ရန်သူ ခလရ (၅၅၈)ကို ထီးဟေထ နေရာတွင် (၁၀)မိနစ်ကြာ သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ရန်သူ နအဖ ဘက်မှ (၂)ယောက်သေပြီး (၃)ယောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါသည်။

ကေအန်ယူ တပ်မဟာ(၅) နယ်မြေ

ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူ၏ တပ်မ (၁၀)လက်အောက်ခံတပ်များက နော်ပလားခို ဒေသမှာသွားရောက်စခန်းချရာတွင် တစ်ချို့တပ်ရင်းသည် သေးဒေရွာတွင် ခရီးတစ်ထောက်နားပြီး ညအချိန်တွင် တယ်ဘိုးဂွင်မှာရှိသော စော်ကဲ့ဒဲ၊ လယ်ကလားပယ်ဟို၊ ထီးမူးထ၊ ဟော့လယ်ထ၊ ပလာ လော့တယ်၊ တယ်နဲ၊ ထီးမီးတော် ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရွာသူ ရွာသားများ ကြောက်လန့်ကာ အသက်အန္တရာယ်အတွက် ညအချိန်မှာပင် တောထဲသို့ ထွက်ပြေး တိမ်းရှောင်ကြရပါသည်။ ရွာသူ ရွာသားများသည် ဘာတစ်ခုမှ ယူဆောင်ရန် အချိန်မရလိုက်သဖြင့် တောထဲတွင် ကလေးသူငယ်များ ဒုက္ခအတိ ရောက်ခဲ့ရကြောင်းလည်း သိရပါသည်။

နောက်တစ်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်၊ နံနက် ၇ နာရီခန့်အချိန်တွင် ရန်သူ နအဖ တပ်များသည် ရွာထဲသို့ ၀င်ရောက်ပြီး အိမ်မွေးတိရိစ္ဆာန် ကြက်၊ ၀က်၊ ဘဲနှင့် ရှိသမျှကို ယူဆောင် စားသောက်ကြပြီး ရွာထဲရှိ စပါး ကျီများနှင့် အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ရန်သူ နအဖ တပ်များသည် ထိုရွာများတွင် ခုချိန်ထိ စခန်းချ ထားကြောင်းလည်း သိရပါသည်။

ထိုနေ့မှာပင် ၁၂ နာရီ ၁၂ မိနစ်အချိန်တွင် KNU တပ်ရင်း (၁၀၂)၊ တပ်ခွဲ(၃)တပ်ဖွဲ့နှင့် ရန်သူ နအဖ တပ်ဖွဲ့တို့သည် လေးဖိုးထရွာ၏ အနောက်ဘက်ခြမ်းရှိ ချောင်းကလေး ကမ်းစပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ရန်သူဘက်မှ (၁)ယောက်သေပြီး (၁)ယောက် ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး ထိုနေ့မှာပင် KNU မှ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၅)အဖွဲ့နှင့် ၀င်းမောင်း ရွာမှ ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ပင်ဆိပ်နှင့် သရက်ပင်ဂွကြားရှိ မီးလေးချောင်းကမ်းနားတွင် ရန်သူနအဖတပ်ဖွဲ့ကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရန်သူဘက်မှ (၁)ယောက်သေ၊ (၂)ယောက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ KNU တပ်ရင်း(၁၀၂)၊ တပ်ခွဲ (၁)မှ တပ်ဖွဲ့ဝင်များသည် မလေးချောင့်ရွာ၏ ကားလမ်းမပေါ်တွင် ရန်သူ နအဖ တပ်ကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် ရန်သူဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရသေးပါ။ ၄င်းတိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားရာတွင် KNUဘက်မှ ထိခိုက်သေကြေမှု မရှိကြောင်းလည်း သိရပါသည်။

ဖေဖော်ဝါရီလ ၁၈ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ နအဖ တပ်မ (၁၁)အဖွဲ့နှင့် BGF တပ်ရင်း(၁၀၁၄)တို့ ပူးပေါင်းပြီး စခန်းအမိုး မိုးရန်အတွက် ဒေးမူရွာမှ အင်ဖက် အပြစ်(၄၀၀၀၀)၊ ကွီးနက်ရွာမှ အင်ဖက် အပြစ် (၄၀၀၀၀)၊ ထီးဂေးလိုရွာမှ (၄၀၀၀၀)၊ မယ်ညောရွာမှ ဖက် အပြစ်(၄၀၀၀၀)နှင့် လေးဖိုးဟောရွာမှ ဖက်အပြစ်(၂၀၀၀၀) တို့ကို အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။ ထို့ပြင် မယ်မွဲကျေးရွာမှ ၀ါးပိုးအလုံး(၃၅၀)၊ ညတေလိုရွာမှ ငွေ (၄၆၀၀၀၀)ကျပ်နှင့် ၀ါးခလုကို့ရွာမှ (၂၆၀၀၀၀)ကျပ်ကို တောင်းခံခဲ့သည်။

နအဖ တပ်မ(၁၁) နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဖာပွန်ခရိုင်၊ မဲပါရွာအနီး တ၀ိုက်တွင် မိုင်းများစွာ ထောင်ထားသောကြောင့် ရွာသူရွာသားများသည် တခြားဒေသများသို့ မသွားရောက်နိုင်ကြပဲ မိသားစု (၁၄)စုနှင့် ရွာသူ/သားပေါင်း (၈၄)ယောက်က ပိတ်မိနေကြောင်း သတင်းရရှိပါသည်။

ကေအန်ယူ တပ်မဟာ(၇) နယ်မြေ

ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူနအဖ ခလရ(၆၂)တပ်ဖွဲနှင့် KNU မှ ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာကလိုးနီတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖမှ (၃)ယောက်သေပြီး (၂)ယောက် ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်တွင်မူ နအဖ မှ ခလရ(၆၂)အဖွဲ့နှင့် KNU ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာ တရောတွင် ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ နအဖ ဘက်မှ (၁)ယောက် ကျဆုံးသွားပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ၏ ထို ခလရ (၆၂)အဖွဲ့နှင့် KNU တပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ဖြစ်ပွားပြန်ရာ နအဖ မှ (၂)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

1 comments:

saw kt oo said...

knuဘက်ကဘယ်တော့မှဒဏ်ရာရကျဆုံးမရှိဘူးနော
အံဘွယ်ပါဘဲ