Thursday, April 22, 2010

ဗုံးပေါက်ကွဲမှုအကြောင်း Documentary ထုတ်လွှင့်

ဗုံးပေါက်ကွဲသည့်နေ့မှ ဧပြီ (၁၈) ရက်နေ့အထိ ရိုက်ကူးထားသည့် ရုပ်သံ Documentary အစီအစဉ်တခုကို ဧပြီ (၂ဝ) ရက် ည (၈) နာရီကျော်တွင် MRTV-4 ချယ်နယ်မှ ထုတ်လွှင့်သွားကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။

ဗုံးပေါက်ကွဲမှုကဲ့သို့ မှုခင်းကြီးတခုကို ယခုကဲ့သို့ ရုပ်သံချယ်နယ်တခုမှ Documentary အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်သွားခြင်းသည် ဆယ်စုနှစ်တခုအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံ သတင်းအယ်ဒီတာတဦးက ပြောသည်။




၎င်းက “ဗုံးပေါက်ကွဲပြီးနောက် အခြေအနေတွေ၊ ဆေးရုံက မြင်ကွင်းတွေ၊ အဲဒီအချိန်က အနီးအနားမှာ ရှိတဲ့သူတွေကို မေးမြန်းပြီး ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာ တွေ့ရတယ်။ ဒါပေမယ့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိ အာဏာပိုင် အသိုင်းအဝိုင်းကို မေးမြန်းထားတာ၊ မှုခင်းဖော်ထုတ်ဖို့ ဘယ်လို အရေးယူ ဆောင်ရွက်နေတယ် ဆိုတာမျိုးတွေတော့ မပါဘူး။ ထူးဆန်းတာ တခုက MRTV-4 ရဲ့ အဲဒီနေ့လွှင့်မယ့် အစီအစဉ်စာရင်းထဲမှာ Documentary မပါဘူး။ (၁) နာရီနီးပါးကြာတဲ့ ဒီအစီအစဉ်အတွက် နဂိုအစီအစဉ် (၂) ခုကို ဖျက်ပြီးတော့ လွှင့်တာ တွေ့ရတယ်” ဟု ပြောသည်။

အဆိုပါ Documentary ထဲတွင် ရန်ကုန်ဆေးရုံအုပ်ကြီးနှင့် အင်တာဗျူး ပြုလုပ်ထားသည့်အပြင် ထိခိုက်ဒဏ်ရာကုဌာန၊ ခွဲစိတ်ကုဆောင်၊ ရင်ခေါင်းခွဲစိတ်ကုဆောင်၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆောင်မှ တာဝန်ရှိသူ ဆရာဝန်ကြီးများကိုလည်း အင်တာဗျူးလုပ် ဖော်ပြထားသည်။

အင်တာဗျူးထဲတွင် လူနာများ၏ အသက်ကယ်ဆယ်ရေး မည်သို့ ဆောင်ရွက်ခဲ့သည်၊ မည်သို့ ခံစားရသည် စသဖြင့် မေးမြန်းထားသည့်အပြင် ဒဏ်ရာရ လူနာ အတော်များများကိုလည်း အင်တာဗျူးလုပ် ဖော်ပြထားသည်။

သို့သော် ဆေးကုသမှုပေးပြီး နောက်ပိုင်း လူသေဆုံးမှုရှိကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး၏ ပြောဆိုချက်ကိုမူ အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့်အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတို့က ဆေးရုံသို့လာရောက်ကာ ဗုံးဒဏ်ရာရသူများအား ငွေကြေး၊ ထမင်းထုပ် လှူဒါန်းခြင်းတို့ကိုလည်း MRTV-4 ချယ်နယ်မှ ပြသခဲ့သည်။

မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဒဏ်ရာရလူနာတဦးလျှင် ကျပ်ငွေ (၅,ဝဝဝ) စီနှင့် သေဆုံးသူတဦးလျှင် ကျပ်ငွေ (၁) သိန်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။

Documentary ထဲတွင် ဧပြီ (၁၈) ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ငွေကြေးသွားရောက်လှူဒါန်းသည့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ အဆိုတော် မိုးမိုး၊ သရုပ်ဆောင် ကျော်ကျော်ဗို၊ မင်းသွေး၊ မင်းသမီး ဖူးစုံတို့နှင့် အင်တာဗျူးများကိုလည်း ထည့်သွင်းထားသည်။

ဗုံးကွဲပြီး မကြာခင် MRTV ရုပ်သံအဖွဲ့သားများ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် ရိုက်ကူးသတင်းယူနိုင်မှု၊ အနီးအနားက ပရိသတ်များကို မေးမြန်းနိုင်မှု၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားပြီး အင်တာဗျူးများလုပ်ပြီး ရိုက်ကူးနိုင်မှုတို့သည် အံ့အားသင့်စရာ ကောင်းကြောင်း Documentary ကို ကြည့်လိုက်ရသူ ရန်ကုန်မြို့ခံတဦးက ပြောသည်။

၎င်းက “ဒါမျိုး အရင်ကဆိုရင် အထက်အဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရလို့ မလုပ်နိုင်ဘူး။ သေချာတာတခုကတော့ အစိုးရဟာ အခုကိစ္စကို သတင်းကျယ်ပြန့်သထက် ကျယ်ပြန့်အောင် လုပ်နေတာ ဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့နှင့် နယ်မြို့အချို့တို့တွင် အခမဲ့ ထုတ်လွှင့်နေသည့် MRTV-4 ချယ်နယ်ကို ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၏ သားတဦးက ပိုင်ဆိုင်ပြီး ၎င်းပိုင် ကုမ္ပဏီသည် အခပေး ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်သံလိုင်းလွှင့်ခွင့်ကို တဦးတည်း လုပ်ကိုင်ခွင့်ရထားကာ အကျိုးအမြတ် ကြီးမားစွာ ရရှိနေကြောင်း၊ ယခုအခါ အခပေး ရုပ်သံလိုင်း (၃ဝ) ကျော် ထုတ်လွှင့်ရောင်းချပေးနေကြောင်း သိရသည်။



0 comments: