Wednesday, September 9, 2009

ပန်းခြံတွင်း၌ ကျဆုံးသူများ(The Dead in the Square)

ဤပန်းခြံသို့ သေနတ်ကို ကျည်အပြည့် ထည့်လာသူများ..
ရက်စက်စွာ ပစ်သတ်ရန် အမိန့်တော် ဦးထိပ် ရွက်လာသူများသည်
တေးသံ ကျူးရင့်လာကုန်သော လူထုကိုသာ တွေ့ရှိရသည်။

တိုင်းပြည်တာဝန်နှင့် အချစ်စိတ်က
လူအုပ်ကို ပြည်သူအဖြစ် ပြောင်းလဲပစ်သည်။

ပိန်ပိန်ပါးပါး မိန်းမငယ် တစ်ဦးသည်
အလံကို ဆုပ်ကိုင်းရင်း ပြန်လဲ ကျသွားသည်။

လုလင်ပျိုတစ်ဦး သည် ဒဏ်ရာကြောင့်
ချောင်းဟက်ကာ လည်ကျသွားသည်။

ဤအခြင်းအရာကြောင့် လူထုသည်
ထိတ်လန့်ကာ ငြိမ်သက်သွားပြီး
ကျဆုံးသူများအား ငေးစိုက် ကြည့်နေကြ သည်။

တဖြည်းဖြည်း ၀မ်းနည်း ကြေကွဲခြင်းလှိုင်းတံပိုးသည်
အေးစက်သော ဒေါသ သို့ ထိုးတက်သွားကုန်သည်။

ထိုနောက်…..
သူတို့သည်… သူတို့၏ အလံများကို
သွေးအိုင်ထဲ ၌ နှစ်ပြီး သကာလ..
လူသတ်သမားများ၏ မျက်နှာရှေ့ ၌ လွှင့်ထူလိုက်ကြသည်။

ဤကျဆုံးသူများ အတွက်…

ငါ သည်…
အပြစ်ဒဏ်ကို တောင်းဆိုပါ၏။
ငါတို့၏ အဖတိုင်းပြည်ကို သွေးဖြင့် ပေကျံစေသူတို့အား
ငါသည်…. အပြစ်ဒဏ်ပေးရန် တောင်းဆိုပါ၏
ဤလူသတ်မှု ကျူးလွန်ရန် အမိန့် ပေးသူတို့အား
အပြစ်ဒဏ်ပေးရန် ငါ တောင်းဆိုပါ၏

ဤ အလောင်းများပေါ်မှ ကုပ်ကပ်၍
တန်ခိုး အာဏာ လုယူသူ သစ္စာဖေါက်များအား
အပြစ် ဒဏ်ပေးရန် ငါ တောင်းဆိုပါ၏..

ဤသတ်ဖြတ်မှုအား အပြစ်လွှတ်သူ ခွင့်လွှတ်ရေး သမားများအား
အပြစ်ဒဏ်ပေးရန် ငါ တောင်းဆိုပါ၏။

ငါသည်… သူတို့နှင့် လက်ဆွဲကာ မေ့လျော့ရန် အလိုမရှိ..

ငါသည်…သူတို့၏ သွေးစွန်းလက်များကို ထိရန် အလိုမရှိ..

ငါ သည် အပြစ်ဒဏ်ပေးရန်သာ အလိုရှိသည် သာ တည်း..။

သူတို့အား..

အရပ်ရပ်သို့ သံအမတ်ကြီးများ အဖြစ် စေလွှတ်ခြင်းကို ၄င်း..
အိမ်မှာပင် ကိုးကွယ်ကာ တဖြည်းဖြည်း ပျောက် ပသွားစေမည် ကို၎င်း။။

ငါ သည်… အလိုမရှိ..။

ဤနေရာမှာ ပင်..

ဤပန်းခြံမှာ ပင်..

သူတို့အား တရားစီရင်ရန် အလိုရှိသည်။

ငါသည် သူတို့ အား..အပြစ် ဒဏ်ပေးရန်သာ အလို ရှိသတည်း..။

သူတို့ ကျဆုံးခဲ့သော ဤနေရာသို့
ငါသည် ငိုကြွေးရန် လာခြင်း မဟုတ်..

ယခုတိုင် ရှိနေကြသူ သင်တို့အား ပြောကြားရန် ငါ လာခြင်းဖြစ်သည်။

ငါတို့ တိုက်ပွဲသည်
မြေပြင်၌ ၄င်း..၊ စက်ရုံ ၌၄င်း ၊
လယ်တော၌၄င်း၊ လမ်းမပေါ်၌ ၄င်း..၊
စိမ်းစိမ်း နီနီ ပွင့်… ရဲရဲ တောက် လျက်ရှိသော
ကြေးနီ ဖို ကျင်များ၌ ၄င်း
စစ်ကြောင်းဖြန့်၍ နေမည်သာတည်း..။

အို.. ကျဆုံးလေပြီးသော.. သွေးချင်း သားချင်း အပေါင်းတို့ …

တိတ်ဆိတ်ခြင်းမှ နေ၍.
ငါတို့၏ ကျယ်လောင်သော အသံဖြင့်

လွတ်လပ်ရေး ကြွေးကြော်သံကို ဟစ်အော် လွှမ်းမော် ကြကုန်အံ့..။

ထိုအခါ…
ပြည်သူတို့၏ မျှော်မှန်းချက်သည်.
ပျော်ရွှင်ခြင်းတေးသံဖြင့် အလျှံငြီးငြီးမြည်ဟီးနေပါ အံ့…။ ။

ပတ်ဗလို နီရူဒါ

ဒီကဗျာအတွက် ကိုသားဆွေကို ကျေးဇူးပါ။

1 comments:

Anonymous said...

ပြည်သူ့ ပန်းခြံအတွင်း၌ ဝေဆာလှိုင်မြိုင်စွာ ပွင့်နေသော ပြည်သူ့ ဆန္ဒ (လူဂုဏ်မြောက်သော) ပန်းရနံ့ တို့ အား မရှူရှိုက်ရဲသော စစ်မိစ္ဆာကောင်တို့ သည် သူတို့ နှာခေါင်းအား စစ်ပုဝါဖြင့်စည်းထား၏။ သဘာဝလေထုအား ပါးစပ်မုန်တိုင်းဖြင့် ယောင်ယောင်ကန်းကန်း ပေါက်ကရ တုံ့ ပြန်နေသလိုဖြစ်နေ၏။ မကြာမှီ အာညောင်း တံတွေးလျှံ အမောဆို့ အသက်လမ်းကြောင်းကြွက်တက် သေဆုံးတော့မည်ပေ၏။

ကျဆုံးပေးဆပ်ခဲ့သော မ၀င်းမော်ဦး(၁၉၈၈) မှသည် သံဃာတော်(၂၀၀၇) အထိ အညတြ အာဇာနည်တို့ ရဲ့ အမျှဝေ အမိန့် ပြန်တမ်း...ဟောဒီ ပြည်သူ့ လွတ်မြောက်ရေးပန်းခြံမှာ...လွတ်မြောက်ရေးရနံ့ တွေဝေလျှံလို့ ...ပြည်သူ့ ပီတိတေးချင်းတွေညံလို့ ...လူထုရဲ့အောင်ပွဲ...ရဲဘော်တို့ ရေ...။။။