Saturday, September 5, 2009

ဆွဲအားမဲ့စကြ၀ဠာ

သုအိုင်စံ

အလင်းလက်လက်တွေ ၀င်လာမှာကြောက်တယ်
အမှောင်ထဲ စမ်းစမ်းဝါးဝါး ညနက်ခဲ့တာ ကြာပြီ

ကိုယ့်ဦးနှောက်ထဲကိုယ် ဆေးရုံတက်ခဲ့ရအခါခါ
ကိုယ့်ဝဋ်ဒုက္ခထဲကိုယ် ဆေးရုံဆင်းခဲ့ရအခါခါ

ကိုယ့်ကားထဲကိုယ့်အဝေးပြေးလမ်းမကြီး အကြိမ်ကြိမ်ဆောက်
ကိုယ့်လမ်းမကြီးပေါ်မှာ ကိုယ့်ကားတစ်စီးတည်း အကြိမ်ကြိမ်မှောက်
နောက်ဆုံးတော့
ခြေထောက်လည်းမရှိဘူး လမ်းလည်းမရှိဘူး
မြစ်ကိုတော့ မြစ်ကိုဖြတ်ကူးခဲ့သလိုမျိုး ဖြတ်ကူးခဲ့ပါတယ်

လမ်းသရဲအဘိဓမ္မာမှာ
ဝမ်းနည်းမိပါသည် ဆိုတာ မရှိဘူး... အမိမြေရေ...
အန္ဓတွေရဲ့ မြေကမ္ဘာမှာ
လွမ်းတတ်တယ် ဆိုတဲ့ ဝေဒနာလည်းမရှိဘူး
ငါ့ရူးကြောင်ကြောင်ဒသနနဲ့ ငါမူးအောင် က ခဲ့တယ်
င့ါရူးကြောင်ကြောင်ဒသနနဲ့ ငါဂုဏ်ထူးဆောင်ဘွဲ့ ရ ခဲ့တယ်

သချိုင်းကုန်း အဟောင်းအစုတ်တစ်ခုထဲမှာ
တစ်လောင်းတည်း မြှုပ်နှံခံထားရတဲ့ ဘုရားအလောင်းလိုပေါ့
ဘယ်အများကောင်းစားရေးကိုမှ ပုတ်စော်မနံစေတော့ပါ

ဟိုနားကို ကိုယ် သွားတော့မယ်
ဘယ်လိုအမှား နဲ့ ဘယ်လိုတရား တို့ မှ မရှိရာ...
ဟုတ်ရဲ့လားဗျာ...တနေရာရာဟာ...တနေရာရာဆိုတာ?

ဟာ...မပြောနဲ့...မပြောပြနဲ့တော့....

သတင်းအချက်အလက်တွေ ၀င်လာမှာကြောက်တယ်
တစ်ကောင်တည်း ခမ်းခမ်းနားနား ဘ၀ပျက်ခဲ့တာ ကြာပြီ။

သုအိုင်စံ

0 comments: