Wednesday, September 23, 2009

ရန်ကုန်-မန္တလေး မဟာဗျူဟာ အမြန်လမ်းမကြီး မပြီးဆုံးခင် လမ်းအစိတ်အပိုင်းအချို့ စတင်ပျက်စီး

ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၃ ရက် ၂၀၀၉

ရန်ကုန်- မန္တလေးသို့ (၁၀) နာရီနှင့်အရောက်သွားနိုင်မည့် နှစ်ထပ်ကွန်ကရစ် အမြန်လမ်းမကြီး ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းခွင်မပြီးစီးမီ ဖောက်လုပ်ပြီးလမ်းနှင့် တံတားအစိတ်အပိုင်းအချို့ ပြန်လည်ပြုပြင် ဖာထေးနေရသည်။

အထူးသဖြင့် အနောက်ရိုးမနှင့်ကပ်နေသော ညောင်လေးပင်၊ ဖြူး၊ တောင်ငူ လမ်းပိုင်းရှိ တည်ဆောက်ပြီး တံတားအချို့၏ ချဉ်းကပ်လမ်းများ ပဲ့ကျပြီး ရေကြောင်းထိန်း မြေထိန်းနံရံများ အက်ကွဲကာ နေပြည်တော်အ၀င် လမ်းအစိတ်အပိုင်းအချို့ ပြန်လည်ပြုပြင်နေရသည်ဟု ဒေသခံပြည်သူတို့က ပြောသည်။

အဆိုပါဒေသများတွင် မိုးရာသီ၌ တောင်ကျရေများသည့်အတွက် မြေသားလမ်းကျွံခြင်း၊ တံတားရေပြွန်ပေါက်များ ရေပေါက်မပွင့်ခြင်းတို့ ရှိသည့်အပြင် လမ်းတံတားများ ဆောက်လုပ်ရာ၌ ခံနိုင်ရည်ရှိ-မရှိ သုံးသပ်ခြင်း၊ စံချိန်စံညွှန်းကိုက်ညီမှု စစ်ဆေးခြင်းတို့ အားနည်းသည့်အတွက် တည်ဆောက်ပြီးစအချိန်တွင်ပင် ယခုကဲ့သို့ ပျက်စီးရခြင်းဖြစ်ကြောင်း မြို့ခံအင်ဂျင်နီယာများက သုံးသပ်သည်။

ဖြူးမြို့နယ်အပိုင်းတွင် အရှည်ဆုံး (၉) ပေခန့်သာရှိသည့် ကတက်မြှောင်တံတား၊ ဇဟားတံတား၊ ကျွဲမကူးတံတား၊ ဖြူးလက်ဝဲတူးမြောင်း၊ ဖြူးလက်ယာတူးမြောင်း အပါအ၀င် လမ်းကြောတလျှောက် တံတားအတော်များများ စတင်ပျက်စီးစပြုနေပြီဖြစ်သည်။

ပေ (၅၀၀) ကျော်ရှည်လျားသည့် ဖြူးချောင်းတံတား၊ ဆွာချောင်းတံတား၊ ခပေါင်းချောင်းတံတားတို့၏ မြေထိန်းနံရံ အစိတ်အပိုင်းအချို့လည်း အက်ကြောင်းများ ဖြစ်ပေါ်နေသည်ဟု ဒေသခံမျက်မြင်များက ပြောသည်။

အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် စစ်ထောက်ချုပ်ရုံး၏ စီစဉ်ညွှန်ကြားမှုဖြင့် လမ်းပိုင်းနှင့်တံတားပိုင်း (၂) ပိုင်းခွဲကာ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး တာဝန်ခံများက တည်ဆောက်နေခြင်းဖြစ်သည်။

လမ်းပိုင်းတည်ဆောက်ရာတွင် တောင်နံရံများကို ဖြိုချပြီး မြေသားများကို လမ်းအူကြောင်း၌ဖို့ကာ အောက်ခံမြေသားမာစေရန် လမ်းကြိတ်စက်ဖြင့် အထပ်ထပ်ဖိနင်းပြီးနောက် မြေသားကျစ်သွားပါက အသင့်ဖျော်ပြီး ကွန်ကရစ်များ လမ်းအူကြောင်းပေါ် သွန်ချခြင်းဖြင့် ပထမအဆင့် ကွန်ကရစ်ထု (၁) ပေ၊ ဒုတိယအဆင့် (၈) လက်မထုဖြင့် လမ်းကို ဖြန့်ခင်းထားခြင်းဖြစ်သည်။

ထိုသို့ လမ်းခင်းရာတွင် မိုးတွင်း၌ သဲချောင်းငယ်များကြောင့် မြေသားအချို့ နိမ့်ဝင်သွားခဲ့သဖြင့် ယခုကဲ့သို့ ခရီးသွားယာဉ်များ စတင်အသုံးပြုချိန်၌ လမ်းကျွံမှုများဖြစ်ပေါ်လာပြီး နိမ့်ကျကျွံဝင်သွားသည့် ကွန်ကရစ်လမ်းသားများကို လမ်းသားအသစ်များ ပြန်ခင်းနေရခြင်းဖြစ်သည်။

ယင်းကဲ့သို့ အငယ်စားပြင်ဆင်မှုများကို ရန်ကုန်-နေပြည်တော် လမ်းကြောတလျှောက် နေရာအတော်များများ၌ တွေ့နေရသည်ဟု ခရီးသည်များက ပြောသည်။

ရန်ကုန်-မန္တလေး မဟာဗျူဟာလမ်းမကြီး၏ တံတားပိုင်း တည်ဆောက်မှုကိုမူ တာဝန်ခံတဦးစီဖြင့် အုပ်ချုပ်စေသောကြောင့် ထိုတာဝန်ခံများက တောင်ဖြိုဖျက်ရာမှရရှိသည့် ကျောက်ရောမြေများကို စစ်ဆေးဆန်ခါချခြင်းမပြုဘဲ ဘိလပ်မြေ၊ ထုံးတို့ဖြင့် ရောစပ်ကာ ကွန်ကရစ်သား ပြုလုပ်ခဲ့ကြသည်ဟု တံတားဆောက်လုပ်ရေး လုပ်ငန်းခွင် ၀န်ထမ်းများထံမှ သိရသည်။

တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ၀န်ထမ်းတဦးက “ကန်ထရိုက်တွေရဲ့ဝိသမလောဘကြောင့် အခုလို လမ်းအသုံးပြုစမှာတောင် တံတားရဲ့ မြေထိန်းနံရံတွေ အက်ကြောင်းထနေတာဖြစ်တယ်” ဟု ပြောသည်။

ကတက်မြှောင်ကျေးရွာမှ ဖြူးလက်ဝဲတူးမြောင်းအထိ (၇) မိုင်ခန့်အတွင်း တံတား (၅) စင်းနှင့် ရေပြွန်ပေါက် (၁) ခုအတွက် နိုင်ငံတော်မှ ကျခံသုံးစွဲငွေ သိန်းပေါင်း (၁) သောင်းကျော် ရှိသည်ဟု သိရသည်။

စစ်မြေပြင်အင်ဂျင်နီယာတပ် (GE) တပ်ကြပ်ကြီးအဆင့်ရှိသူ တံတားပိုင်း တာဝန်ခံသည် သိန်း (၅,၀၀၀) ခန့် အကျိုးအမြတ် ရှိနိုင်သည်ဟု အဆိုပါတံတားများ တည်ဆောက်စဉ်က ငွေစာရင်းအဖွဲ့တွင်ပါဝင်သူ ၀န်ထမ်းတဦးက ပြောသည်။

ရန်ကုန်- မန္တလေး လမ်းမကြီးသည် ခုံးတံတား အဆင်းအတက်များတွင်သာ ချဉ်းကပ်လမ်းအပါအ၀င် (၈) လမ်းသွားဖြစ်ပြီး ကျန်လမ်းကြောမှာ တဖက် (၂) လမ်းပါ (၄) လမ်းသွားဖြစ်သည်။ ထောက်ကြံ့အနီး အမှတ် (၃) လမ်းမကြီးမှ နေပြည်တော်အထိ ကွန်ကရစ်သား ခင်းပြီးဖြစ်ကာ နေပြည်တော်မှ မိတ္ထီလာ၊ မြစ်သားအထိ လမ်းပိုင်းမှာမူ မြေသားအဆင့်သာ ရှိသေးသည်။

နိုင်ငံတ၀န်း ၁၉၈၈ ခုနှစ်တွင် လမ်းမိုင်အရှည် (၁၃,၆၃၅) မိုင်ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် မေလတွင် လမ်းအရှည်စုစုပေါင်း (၁၉,၉၉၉) မိုင် (၁) ဖာလုံရှိလာသဖြင့် (၆,၃၆၄) မိုင် (၁) ဖာလုံ တိုးတက်လာခဲ့သည်ဟု စက်တင်ဘာ (၂၀) ရက်ထုတ် နအဖသတင်းစာများတွင် ဖော်ပြသည်။
ထိုသို့ ကြီးမားသောတည်ဆောက်ရေးလုပ်ငန်းများကို တွန်း၍လုပ်နေသော်လည်း ၎င်းတို့ကို ပြုပြင်ထိန်းသိမ်းရန် ဘတ်ဂျက်မထားရှိခြင်းသည် မြန်မာနိုင်ငံအစိုးရအဆက်ဆက်၏ အားနည်းချက်ဖြစ်သည်ဟု အငြိမ်းစား စီမံကိန်းအရာရှိတဦးက သုံးသပ်သည်။

0 comments: