ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၃ ရက် ၂၀၀၉
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့က ပြည်တွင်းသတင်းဂျာနယ်အသီးသီးမှ သတင်းထောက်များ၊ အယ်ဒီတာများအား အဆင့်မြင့်သတင်းစာပညာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ယင်းသင်တန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အဆင့်မြင့်သတင်းစာပညာသင်တန်းဖြစ်ပြီး လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဦးစားပေးသင်ကြားပေးသော သင်တန်းဖြစ်ကြောင်း စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ဒီသင်တန်းက အရေးကြီးတယ်။ ရွေးကောက်ပွဲမှာ ပါတီတွေကို အင်တာဗျူးလုပ်မယ့်ပုံစံတွေကို သင်နေတာ။ မြန်မာနိုင်ငံသတင်းထောက်တွေက ရွေးကောက်ပွဲအတွက် ပါတီအသီးသီးကိုမေးမြန်းဖို့ မတတ်တာသေချာတယ်။ သူတို့မှာ အတွေ့အကြုံမရှိဘူးလေ။ အခုလို သင်တန်းမှာ ဒီကိစ္စတွေကို သင်ပေးတာ အရမ်းကောင်းတယ်” ဟု ပြောသည်။
ယခု သင်တန်းအား အမေရိကန်နိုင်ငံသား သတင်းစာဆရာ Dr. Doug Cosper က သင်ကြားပေးမည်ဟု သိရသည်။
၎င်းသည် စာပေနှင့်စာနယ်ဇင်းက ကြီးမှူးဖွင့်လှစ်သော သတင်းစာသင်တန်း ၁/၂၀၀၉ နှင့် ဇွန်လအတွင်းက ဖွင့်လှစ်ခဲ့သော သတင်းစာသင်တန်း ၂/၂၀၀၉ တို့တွင် စတင်သင်ကြားခဲ့သူဖြစ်သည်။
ဝါရင့်သတင်းစာဆရာတဦးက “အခုလို အဆင့်မြင့်သင်တန်း ပို့ချခွင့်ကို ပေးတာဟာ မြန်မာနိုင်ငံသတင်းလောကအတွက် အင်မတန်မှ တန်ဖိုးရှိတယ်။ သင်တန်းတက်တဲ့သူတွေဆီက ကျနော်တို့ပြန်ကြားရတာက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဦးစားပေးသင်တာလို့ သိရတယ်။ ဒါဟာ အားရစရာတခုပါ။ ဘာလို့လည်းဆိုတော့ ပွဲမ၀င်ခင် အပြင်မှာ ကျင်းပပေးနေတာမျိုး ဖြစ်နေလို့ပါပဲ” ဟု ပြောသည်။
အဆိုပါ အဆင့်မြင့်သတင်းစာသင်တန်းတွင် သင်တန်းသားဦးရေ (၂၅) ဦး တက်ရောက်ခွင့်ရပြီး ၎င်းတို့သည် စာနယ်ဇင်းသင်တန်း အမှတ်စဉ် (၁)နှင့် (၂) တို့မှ သင်တန်းသား စုစုပေါင်း (၈၀) ခန့်မှ ရွေးချယ်ထားသူများဖြစ်ကြောင်း သိရသည်။
သင်တန်းကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၂၁) ရက်မှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ သင်တန်းကာလမှာ (၁၀) ရက်ကြာမြင့်မည်ဟု သိရသည်။
Wednesday, September 23, 2009
၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် အဆင့်မြင့်သတင်းစာပညာသင်တန်း ပို့ချ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment