ခေတ်ပြိုင်၊ စက်တင်ဘာလ ၁၈ ရက် ၂၀၀၉
စစ်အစိုးရက ယနေ့နေ့လယ်၌ စတင်လွှတ်ပေးလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအမှုတို့ဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား (၂၅၀) ကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောကြားသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့ အာဏာရယူခဲ့သော စစ်အစိုးရ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်ကြောင်း ၎င်းက ယနေ့ကျင်းပသော အကျဉ်းသားများအား ပြန်လွှတ်ပေးလိုက်သော အခမ်းအနားတွင် ပြောကြားသည်။
“တနိုင်ငံလုံးအနေနဲ့ ၅ (ည)၊ ၁၇၊ ၁၃၊ ၂၀ စသည့်အမှုတို့ဖြင့် အကျဉ်းကျခံနေရသူတွေ ပါဝင်ပါတယ်။ ဒီနေ့ကစပြီးတော့ လွှတ်ပေးနေမှာပါ။ မနေ့က ထုတ်ပြန်တဲ့ အမိန့်အတိုင်းပါပဲ။ လွှတ်ပေးမယ့်လူဦးရေ (၇,၁၁၄) ဦး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ပြန်လည်လွတ်မြောက်လာသူများတွင် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြ၊ ပုဇွန်တောင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ မုံရွာအန်အယ်လ်ဒီမှ ဦးအောင်ရှင် စသည့်ပုဂ္ဂိုလ်များ ပါဝင်ကြသည်။
ပြန်လည်လွန်မြောက်လာသည့် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြက “ကျနော်တို့တွေက နိုင်ငံရေးကို ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ကို ဖမ်းတဲ့ကိစ္စဟာ ဘာမှဟုတ်တိပတ်တိ အမှုမဟုတ်ဘူး။ လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ ဖမ်းတဲ့အတွက် မကျေနပ်ဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။
ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အကြိမ်မှာ ဒဿမအကြိမ်ဖြစ်ပြီး ယနေ့ထိ လွှတ်ပေးသော အကျဉ်းသားပေါင်း (၁) သိန်း ကျော်ရှိပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောသည်။
Friday, September 18, 2009
နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment