Monday, September 21, 2009

နိုင်ငံမဲ့ဖြစ်နေသည့် လူငယ်လေး မောင်သောင်ဒီ နိုင်ငံတကာ စက္ကူလေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိ

ခေတ်ပြိုင်၊ စက်တင်ဘာလ ၂၁ ရက် ၂၀၀၉

နိုင်ငံမဲ့ဖြစ်နေသည့် အသက် (၁၂) နှစ်အရွယ် လူငယ်လေး မောင်သောင်ဒီသည် ထိုင်းငံကိုယ်စားပြုပါဝင်သော ဂျပန်နိုင်ငံ၌ ပြုလုပ်သည့် နိုင်ငံတကာစက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး ယနေ့ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

မောင်သောင်ဒီ၏ စက္ကူလေယာဉ်သည် လေထဲတွင် (၁၀.၅၃) စက္ကန့် ၀ဲပျံနိုင်ပြီး နိုင်ငံတကာမှ အသက် (၁၂) နှစ်အရွယ် လူငယ်လေးများပါဝင် သည့် တဦးချင်း စက္ကူလေယာဉ်လွှတ်ပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

တဦးချင်း ပြိုင်ပွဲမတိုင်ခင် ပြီးခဲ့သည့်စနေနေ့က ပြုလုပ်သည့် ယှဉ်ပြိုင်သူ (၃) ဦးပါ အသင်းလိုက်ပြိုင်ပွဲတွင်လည်း မောင်သောင်ဒီ ပါဝင်သည့် အသင်းက ပထမဆုရရှိခဲ့ပြီး မောင်သောင်ဒီ၏ စက္ကူလေယာဉ်ပျံက (၁၁) စက္ကန့် ၀ဲပျံနိုင်ခဲ့သည်ဟု TNA သတင်းတွင် ဖော်ပြပါရှိသည်။

မောင်သောင်ဒီ၏ မိဘများသည် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး မောင်သောင်ဒီအား ချင်းမိုင်မြို့တွင် မွေးဖွားခဲ့သည်။

ချင်းမိုင်မြို့ ဘန့်ဝှေစိုင်တွင် ကျောင်းတက်နေသည့် (၄) တန်းကျောင်းသား မောင်သောင်ဒီသည် စက္ကူဖြင့် လေယာဉ်အရုပ်ချိုး ခေါက်ရာတွင် ကျွမ်းကျင်သူဖြစ်ပြီး ဂျပန်တွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုး လေယာဉ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် အရွေးခံရကာ ဘန်ကောက်မြို့သို့ရောက်ရှိခဲ့ပြီး ပြိုင်ပွဲသို့ တရားဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနသို့ တောင်းခံခဲ့ရာမှ ပြီးခဲ့သည့်စက်တင်ဘာ (၄) ရက်တွင် ထိုင်းအစိုးရက ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

မောင်သောင်ဒီသည် ထိုင်းနိုင်ငံ၌မွေးဖွားသော်လည်း မြန်မာနိုင်ငံသား ဖြစ်သည့်အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ခရီးသွားခွင့်လက်မှတ် ထုတ်ပေးရန် လက်မခံဘဲ ငြင်းပယ်ခဲ့သည့်အတွက် ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်က ၀င်ရောက်ကူညီပြီးနောက် ထိုင်းအစိုးရက သဘောတူလိုက်ခြင်းဖြစ်သည်။

မိဘများသည် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိုင်ဆောင်ထားသူများ ဖြစ်နေသည့်အတွက် မောင်သောင်ဒီအနေဖြင့် ထိုင်းနိုင်ငံ၌ မွေးဖွားသော်လည်း ထိုင်းနိုင်ငံသားအဖြစ် အကျုံးမ၀င်သကဲ့သို့ မြန်မာနိုင်ငံသားအဖြစ်လည်း အကျုံးမ၀င်သည့်အတွက် နိုင်ငံမဲ့အခြေအနေအဖြစ် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက မောင်သောင်ဒီအား တရားဝင်ခရီးသွားခွင့်လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် National Mental and Material Tenology Centre က ကျင်းပသည့် စက္ကူလေယာဉ်ပြိုင်ပွဲတွင် မောင်သောင်ဒီ ပထမဆုရရှိခဲ့ပြီး ဂျပန်နိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာ စက္ကူအရုပ်ချိုးလေယာဉ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

0 comments: