Saturday, July 4, 2009

မှော်ကသိုဏ်း

သုအိုင်စံ-၀၄/၀၇/၂၀၀၉

Happy Birthday လုပ်ရမလား၊
Free Aung San Suu Kyi လို့အော်ရမလား၊
Down With Dictatorship လို့ကျိန်စာတိုက်ရမလား။

ရန်ကုန်မြို့ထဲ အမှိုက်ဆို့ရေလျှံ ခြင်တွေတ၀ီဝီ၀ဲပျံနေတယ်။

တပ်မတော်သားတစ်ဦး ဂျီသရီးကိုကျည်ထိုးပြီးတောက်ခေါက်တယ်၊
ဧရာဝတီမြစ်ထဲ လှိုင်းတစ်လုံးတိုးလာသလိုမျိုး။

နာဂစ်ဖြတ်နင်းခဲ့တဲ့လယ်ကွင်းတွေဆီကနေ မရှိတော့တဲ့ကျောင်းလေးဆီ ကျောင်းသားလေးတွေ မလာတော့တာ ၁နှစ်ရှိပြီ၊
ဒီပန်းချီဆိုးဟာ ပိုးစိုးပက်စက် ဆေးစက်ထဲ့သူမဲ့နေ။

ကျွန်းသစ်လုံးတွေ အပြည့်တင်ထားတဲ့ ၁၀ ဘီးကား ၁၀ စီး နယ်စပ်မျဉ်းကို မောင်းနှင်ကျော်ဖြတ်
တရုတ်ပြည်ထဲက စက်ရုံတစ်ရုံရဲ့ အ၀မှာရပ်တယ်၊
ထမင်းမ၀တဲ့ ရိုးမကတော့ ဒုက္ခ၀နေတဲ့ ပြည်သူတွေကို ရင်ခွင်ပိုက်လို့။

ဆိုက်ရောက်လာတဲ့လူငယ်မှာ ရင်နာစရာ အဖြစ်ဆိုးတွေတနင့်တပိုးနဲ့၊
ထွက်ခွာနေတဲ့လူငယ်ဟာ ယုံကြည်မျှော်လင့်ရာတွေ အသစ်ပျိုးလျှက်၊
ဗိုက်ဟာလာနဲ့တိုင်းပြည်ထဲ ဗိုက်ဆာနေတဲ့မိခင်ဟာ ရင်နာနေတဲ့ မျက်ရည်စက်တွေကို နေ့စဉ်ရက်ဆက်ကြွေလို့ရယ်။

ဘ၀။

ညီမလေးရေ...မင်းပန်းချီရေးတဲ့အခါ
မင့်ပါးပြင်လွလွနှစ်ချပ်ပေါ်က
လွပ်လပ်မှုကိုဆာလောင်နေတဲ့ မင်းပါးချိုင့်လေး နှစ်ပွင့်ကိုပါအောင်ရေး၊
အဲဒီအခါ မင်းလက်ထဲက စုတ်တံဟာ အာဏာရှင်ကို တော်လှန်တဲ့ လှံတစ်လက်ဖြစ်ပြီး
မင်းရှေ့က ကင်းဘတ်စ်စဟာ လွတ်မြောက်ရေးတပ်ဦးအတွက် အလံတစ်ရွက်ဖြစ်လေရဲ့၊
အနာဂတ်ပြခန်းထဲမှာ မင်းရဲ့အနုပညာဟာ ပြည်သူတွေရဲ့အောင်ပွဲလို သပ်ရပ်တင့်တယ်ခမ်းနားလို့။

ဘုရားသခင် မုန့်ဖိုးပေးလိုက်တဲ့ ဒုက္ခတရားတွေနဲ့ ဘုရားသခင်ဖွင့်ထားတဲ့ဖဲဝိုင်းထဲ ငါတို့ဝင်ခဲ့တယ်၊
ဘုရားသခင်ရဲ့ အသုဘပွဲမှာ၊
ဘ၀ဆိုတာ (ငါ+မင်း=ငါတို့) ဆိုတဲ့ အဓိပ္ပါယ်ရအောင် နေထိုင်ရှင်သန်ခြင်းအနုပညာ၊
လူကလူကို ဖဲခိုးမရိုက်နဲ့၊
လူကလူကို ဂုတ်သွေးစုတ်မအုပ်ချုပ်နဲ့၊
ဖဲဝိုင်းကြီးတစ်ခုလုံး စုတ်ပြတ်သတ်နေတဲ့ မြန်မာပြည်။

စက်တင်ဘာရဲ့ လမ်းမြေပေါ် ဦးနှောက်သားပြဲရဲ ပွင့်ထွက်နေတဲ့ ဦးခေါင်းတစ်လုံး၊
ခြေပြတ်တစ်ဖက်ကို မရှာနိုင်တော့တဲ့ ခြေပြတ်တစ်ဖက် မွကြေ၊
ရေပုတ်မြောင်းထဲက မှောက်ခုံသေ သံဃာတော်အလောင်းပုတ်ပွ၊
လူသတ် ထရပ်ကားတွေ ဖြတ်မောင်းသွားတဲ့ ရန်ကုန်မြေ၊
သာသနာ့သားတော်တွေ လှမ်းလျှောက်လမ်းဖောက်ခဲ့တဲ့တိုက်ပွဲ၊
အာဏာရှင်တွေ မိုက်မဲမိုက်ကန်းခဲ့တဲ့သမိုင်း၊
အမိမြေကို သွေးမုန်တိုင်းက ခွပ်နေရဲ့...
လူထုရဲ့ ရွှေဝါရောင်အောင်ပွဲဟာ ရောင်စဉ်ခြည် လက်ကြွပြသ...
အမှန်တရားနဲ့ သွေးလှည့်ပတ်စီးတဲ့ အနာဂတ်မှာ။

ရဲရင့်ရိုးသားဖြောင့်မှန်တဲ့ ကျည်တစ်တောင့်က မွဲညစ်ပိုးစားဖောက်ပြန်နေတဲ့ ဦးနှောက်ကို ပစ်ဖောက်ဖွင့်ထွက်သလိုမျိုး၊
လူဖြစ်ကျိုးနပ်ဖို့ ဒီခေတ်ဆိုးကို ပစ်သတ်တာဟာ မွန်မြတ်တယ်၊
အဲဒီကျည်ဆံတွေ သန်းပေါင်း ၅၀ကျော်ရှိတဲ့နိုင်ငံမှာ သတ္တိတွေ ယမ်းအ နေလို့မဖြစ်ဘူး၊
ကိုယ့်ဘ၀ကို ကိုယ်ခူးရမယ်၊
ကိုယ့်ဘ၀ကို ကိုယ်ဦးချမယ်၊
ဘုရားများ။

ဆင်းလာတဲ့ ဆိုက္ကားပေါ်က ငါက တက်လာတဲ့ ဆိုက္ကားပေါ်ကကောင် ကို ကိုယ်ချင်းစာမိရဲ့၊
ဘ၀ဆိုတာ မင်းလိုပဲ ရှေ့ဆက်ရုန်းတက်ရဦးမဲ့ တကယ့်ကုန်းအတက်တွေနဲ့ပေါ့ကွာ၊
ခက်တာက အစိုးရမချစ်အားလို့ ပစ်ထားတဲ့ရပ်ကွက်ထဲက ငါတို့ဘ၀တွေ ဂွေခွင်ခဲ့ရအခါခါ ဘီးပေါက်ခဲ့ရအခါခါ တိမ်းမှောက်ခဲ့ရအခါခါ၊ ပေါက်ပြဲစုတ်ပြတ်နေတဲ့ ရာစုလမ်းတွေပေါ်၊
ရေလျှံဗွက်ထနေတဲ့ ခရောင်းလွင်ပြင်ဘ၀တန်ဖိုးခပ်ဆိုးဆိုးတွေပေါ်၊
သံသရာလိုပဲ လည်ပတ်နေတဲ့အရာတွေကို မရပ်လိုက်နဲ့၊
လည်ပတ်နေတဲ့ကောင်တွေကို သတ်ကြ၊ သမိုင်းဘီးကြီးလိမ့်နေသည်။

မိုးလင်းခဲ့ပြီ၊
အဲဒီမှာ မနက်စာမရှိလည်း အိပ်ယာထရပေဦးမည်၊
အလုပ်လိုက်ရှာနေတုန်း ဗိုက်ဆာလာဦးမည်၊
စားစရာမရှိသော်လည်း ခံနိုင်ရည်ရှိရဦးမည်၊
မိုးချုပ်ခဲ့ပြီ၊
အဲဒီမှာ အိပ်ယာမရှိလည်း အိပ်ရပေဦးမည်၊
မိဘကမွေးပြီး နိုင်ငံတော်က ပစ်ထားသော ခလေးများရဲ့ အနာဂတ်မဲ့ရောဂါ မြို့ကြီးများတွင် ကူးစက်ပျံ့နှံ့နေသည်။

ကျော်ကျော်သည် နွားနို့ခွက်ကို သွန်မသွားခဲ့ပါ။

စာသင်ယူဖူးသူနှင့် စာသင်ပေးဖူးသူတို့
ကျောင်းတော်ကြီးအားလွမ်းနေတုန်း အလွမ်းခံနေရသော ကျောင်းတော်ကြီးရဲ့ မုဒ်ဦးဝတံခါးအား
စစ်ခမောက်တစ်လုံးနှင့်တူသော သော့ဂလောက် တစ်လုံးချိတ်ဆွဲထားစဉ်
စစ်တက္ကသိုလ်ထဲမှာ ဗိုလ်လောင်းတွေ တစ်အုပ်ပြီးတစ်အုပ် သင်တန်းဆင်းသွားခဲ့ကြပြီ၊
မိုးရွာစဉ်လူအချို့ ငွေနှင့်အ၀ယ်ခံရပြီး လုံခြုံခဲ့သော်လည်း လူအချို့မှာငွေနှင့် အကန်ခံရသောကြောင့် စိုရွှဲ စုတ်ပြတ်နေသောဘ၀များ၊ မောင်းတင်ကျည်ထိုးထားတဲ့ ယုံကြည်ချက်နဲ့၊
ကောင်းကင်ဆိုးအား ပစ်ချပစ်သတ်သွားမဲ့
မျိုးဆက်များရဲ့ စိတ်ဓါတ် လွတ်မြောက်ရေး ဓါးတစ်လက်လို ကျစ်လစ်လက်ပထက်ရှ နေတယ်။

ရန်နဲ့ငါကြား ချန်ထားစရာ အချစ်မရှိပါ။

ဒါဏ်ရာတစ်သောင်းနားတဲ့ အတိတ်
ယုံကြည်ချက်တစ်သောင်းနားတဲ့ တိုက်ပွဲ
အနာဂတ်တစ်သောင်းနားတဲ့ အောင်ပွဲ
ထောင်ထဲက ၆၅ နှစ် မိခင်တွေမွေးသမျှ တော်လှန်ရေးသမားတွေဖြစ်တဲ့မြေရဲ့ chamberထဲက ကမ္ဘာမကျေဘူး ဟိန်းထ၊ လမ်းကိုယ်တိုင်ချီတက်နေရတဲ့လမ်းပေါ်က ချီတက်နေကြတဲ့ပြည်သူ့ဘ၀များ (တရားသဖြင့်)။

ပြည်တွင်းစစ် အစွဲမကျွတ်တဲ့ အရိုးစုဝိညာဉ် ၃ ကောင်
သံလွင်မြစ်ထဲ ရေရှပ်ပြေးကစားရာကနေ ဒေါနတောင်တန်းပေါ် လွှားကနဲ ၀ဲပျံခုန်တက်လိုက်စဉ်၊
တစ်ကောင်က look over there လို့ပြောတယ်
နောက်တစ်ကောင်က where လို့မေးတယ်
နောက်ထပ်တစ်ကောင်က there ညွှန်ပြတယ်၊
အဲဒီမှာ သွေးအိုင်ထဲ လဲပြိုသေနေတဲ့ သင်တိုင်းဖြူပျို
မြန်မာ့တပ်မတော်သုံး စစ်ဖိနပ်ခွာရာများ
တောင်ယာစပါးခင်းပျက်ထဲက အနိဌာရုံ ပြည်တွင်းစစ်ရဲ့ထွက်ကုန်များ
ဆယ်စုနှစ်များစွာဟာ အစိုးရဆိုးရဲ့ ဂုဏ်သိက္ခာဆိုးတွေကို လိုက်ပါသယ်ဆောင်လို့။

ရွာထိပ် ရေတံခွန်က လျှပ်စစ်ဓါတ်တွေထုတ်လုပ်ပြီး မြို့ကြီးပြကြီးတွေဆီ ပို့ဆောင်နေချိန်မှာ
လောပိတရွာလေးကတော့ ဆီမီးခွက်လေးထွန်းပြီး ကကြီး ခခွေးတွေအလွတ်ကျက်နေရကြောင်း တေးတစ်ပုဒ်ရေးဖွဲ.ခဲ့ကြတယ်၊ ဒီနေ့တော့...ထင်းခုတ်သွားသူဟာ တပါးမြေဆီစီးဆင်းနေတဲ့ ဂက်စ်ပိုက်လိုင်းကြီးနဲ့ ခလုပ်တိုက်လဲ မေ့မျောအံ့သြ၊ ကိုယ့်ချမ်းသာမှုထဲမှာကိုယ်ဆင်းရဲမှောင်မိုက်နေတဲ့ လူထုဘ၀နဲ့ ကကြီး ခခွေး လူ့အဓိပ္ပါယ်တွေ၊
ကောင်းကင်ဟာမြေပြင်ကို သေနတ်ဒင်နဲ့ ဆန်ရင်းနာနာထောင်းနေလေရဲ့ (ဖြစ်သင့်လို့လား) (ဖြစ်ပျက်နေခဲ့/လျှက်/တယ်)၊
ကောင်းကင် ကို မြေမြိုဖို့ ပြည်သူတွေရဲ့ ဟက်တက်ကွဲ နှလုံးသားအက်ကြောင်း စိတ်ဓါတ်မီးတောင်တွေ ဓါတ်လိုက်ပေါင်းစည်းပြီ။

၆၄ မြစ်ဖျားနှင့် မှော်ကသိုဏ်း ဖြစ်လာပုံ

၆၄ နှစ်အရွယ်အဖွားအို လူထုခေါင်းဆောင်၊ မွေးနေ့ မှာ ထောင်ထဲ ထဲ့လှောင်ခံထားရတယ်ဆိုတော့ လူ့ နှလုံးသားနဲ့ ခံစားရတာ ရင်နင့်ကျေကွဲဒေါသသင့်စုတ်ပဲ့တဲ့ရသ ပဲရတယ်။ အဲဒါနဲ့ အဲဒီနေ့ က ဆုံဆည်းရာ စီဘောက်ထဲမှာ ၆၄ အမည်နဲ့ “Happy Birthday လုပ်ရမလား Free Aung San Suu Kyi လို့ အော်ရမလား Down With Dictatorship လို့ ကျိန်စာတိုက်ရမလား" လို့ ရေးခဲ့တယ်။ နောက်ပိုင်းတော့ ၆၄+၁ရက်၊ ၆၄+၂ရက်၊ ၆၄+၃ရက်...စသဖြင့် ရက်စဉ်ဆက်တိုက် တနေ့ ဝါကျ ၁ ကြောင်းနှုန်းနဲ့ သေတဲ့အထိ EPIC တပုဒ်ရေးမယ်လို့ ကြီးကြီးမြတ်မြတ် ယုံယုံကြည်ကြည် ရဲရဲရင့်ရင့် ဆုံးဖြတ်ပစ်လိုက်တယ်။ ဒါဟာ Poem လား Prose လား Pomo-fiction လား ကျနော်မသိဘူး။ ဘာလို့  စီဘောက်ထဲဝင်ရေးရလဲဆိုတော့...စီဘောက်မှာ လာလည်သူတွေရေးတဲ့ နိုင်ငံရေး သုံးသပ်ချက်တွေ သတင်းအချက်အလက်တွေ စာလိုလို ကဗျာလိုလို ရေးသားချက်လေးတွေကို ကျနော့် စိတ်အတွေး စီးဆင်းတဲ့အတိုင်းလိုက်ရေးတာပါ။ ဘာလို့ တနေ့ ၁ ကြောင်းပဲရေးရလဲဆိုတော့...သေတဲ့အထိရေးမှာရယ်၊ တနေ့ ကို အလုပ်ကျွန် ၈ နာရီ ဖြစ်နေခြင်းကြောင့်ဖြစ်တယ်။ အင်တာနက်က နေ့ တိုင်းသုံးနိုင်မှာမဟုတ်လို့ ဗလာစာအုပ် အထူထဲနေ့ စဉ်ရေးထဲ့နေတယ်။ နိုင်ငံရေးအရတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးနဲ့  မြန်မာ့ပြည်သူထုတရပ်လုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်တယ်။ စာပေအရတော့ ဘာကိုမှမရည်ရွယ်ဘူး။ (မှော်ကသိုဏ်း) ဆိုတာ လွန်ခဲ့တဲ့ ၆နှစ်က ကျနော်ရည်ရွယ်ပြီး မထုတ်ဖြစ်ခဲ့တဲ့ ကဗျာစာအုပ်ရဲ့ အမည်ပါ၊ မှော်ကသိုဏ်း တွေဆက်တိုက်ရေးသွားမယ်.....ကျနော်ရပ်သွားတဲ့အထိ။

သုအိုင်စံ

0 comments: