Wednesday, June 3, 2009

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလျှင် ရွေးကောက်ပွဲပျက်နိုင်ဟု ဦးဝင်းတင်ပြော

ဧရာဝတီ-ကြည်ဝေ၊ ဂျွန်လ ၂ ရက် ၂၀၀၉

လူထု ခေါင်းဆောင် လည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်လည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချလိုက်လျှင် ၂၀၁၀ ရွေးကောက်ပွဲ ပျက်သည်အထိ အကျိုးသက်ရောက် သွားနိုင်ကြောင်း NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောဆိုသည်။

“ဒေါ်စုကိုသာ ထောင်ချမယ်ဆိုရင် ဒီရွေးကောက်ပွဲရဲ့ တရားဝင်မှု၊ ဒီရွေးကောက်ပွဲရဲ့ အခြေအနေ ပြည်သူက ဆန္ဒ ဖော်ပြဖို့ဆိုတဲ့ အလားအလာတွေက အကုန်လုံး မှေးမှိန် ကွယ်ပျောက်သွားမှာပဲ၊ ဒေါ်စုကို ထောင်ချခြင်းဟာ ရွေးကောက်ပွဲကို တရားခွင်တင်တာနဲ့ အတူတူ အဓိပ္ပာယ် သက်ရောက်မယ်လို့ ကျနော်ပြောချင်ပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချခဲ့ပါက NLD အနေနှင့် တခုခု တုံ့ပြန်သင့်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။

“ဒေါ်စု ထောင်ကျခဲ့ရင် NLD က တခုခု လုပ်ရမယ်၊ ဒါခေါင်းဆောင်ဗျ။ ဒေါ်စုဟာ ထိပ်တန်းခေါင်းဆောင်ဖြစ်တယ်၊ ရှင်းရှင်းပြောရရင် ဒါ ဘယ်သူနဲ့မှ နှိုင်းယှဉ်ဖို့ မရှိတဲ့ ခေါင်းဆောင်ဖြစ်တယ်၊ ဒီလိုခေါင်းဆောင် တယောက်လုံးကို အိမ်အကျယ်ချုပ် ချထားရာကနေ ဆွဲထုတ်ပြီးတော့ တရားခွင်ပို့၊ ထောင် ချမယ် ဆိုရင်တော့ NLD က တခုခု တော့ ပြောဖို့ကောင်းတယ်လို့ ကျနော် ထင်တယ်၊ ဒီကိစ္စက ပြောဖို့ လိုအပ်တဲ့ကိစ္စ၊ ပြောရမှာပဲ၊ ပြောလည်း ပြောလိမ့်မယ်လို့ ကျနော် ယူဆပါတယ်” ဟု ဦးဝင်းတင်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခြင်းအားဖြင့် ရွေးကောက်ပွဲအပေါ် သက်ရောက် သွားနိုင်ကြောင်း၊ နိုင်ငံတကာ အပါအ၀င် လူထုကပါ ထိုရွေးကောက်ပွဲကို ဆန့်ကျင်သည့်အခြေအနေထိ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးသမားဟောင်း တဦးကလည်း ပြောသည်။

“NLD မပါရင်၊ ဒေါ်စု ထောင်ချ ခံရရင်တော့ ဒီရွေးကောက်ပွဲက ပျက်မှာပဲ၊ ဖြစ်ခဲ့ရင်လည်း ဘယ်သူကမှ ယုံကြည်မှု ရှိမှာမဟုတ်ဘူး၊ ပြည်သူ့ဆန္ဒ ခံယူပွဲလိုပဲ ဖြစ်သွားလိမ့်မယ်” ဟု အဆိုပါ နိုင်ငံရေးသမား ဟောင်းက ဆိုသည်။

NLD အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချပါက မည်ကဲ့သို့ ပြုလုပ်မည် ဆိုသည်ကို ကြိုတင်ပြောဆိုခြင်း မရှိသော်လည်း တခုခုတုံ့ပြန်မည် ဆိုသည်ကိုမူ ခန့်မှန်းသိရကြောင်း၊ သို့သော်လည်း ပါတီ၏ တုံ့ပြန်မှုကို စစ်အစိုးရအနေနှင့် ဂရုစိုက်မည် မဟုတ်သည်မှာ သေချာကြောင်း သူက သုံးသပ်သည်။

လက်ရှိ NLD အဖွဲ့အနေနှင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် မရှိသေးကြောင်း၊ NLD ၏ ဆုံးဖြတ်ချက်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ရန် ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေးနှင့် နိုင်ငံတကာကြီးကြပ်မှု ပါသည့် သန့်ရှင်းသော ရွေးကောက်ပွဲကို ကျင်းပပေးရေးတို့ကို တောင်းဆိုထားကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်များထံမှ သိရှိရသည်။

“ပါတီက ကြေညာချက်တွေ ထုတ်နေတာပဲ၊ ဒါကို စစ်အစိုးရက ဘာလုပ်သလဲ၊ ပါတီ တောင်းဆိုထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး ဆိုတာကို ဂရုမစိုက်လို့ ဒေါ်စုကို ဖမ်းပြီး ထောင်ထဲ ပို့တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

NLD ၏ ခေါင်းဆောင်တဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရာမှ အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထော အား နေအိမ်အတွင်း လက်ခံမှု၊ တွေ့ဆုံမှုဖြင့် အင်းစိန်ထောင်သို့ ရွှေ့ပြောင်းထားလိုက်ပြီး တရားစွဲဆို အမှုဖွင့်ကာ ထောင်ချရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း အမှုကို စီရင်မည့် တရားသူကြီးနှင့် နီးစပ်သူ တဦးထံမှာ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်ချခံခဲ့ရပါက NLD အနေနှင့် မည်ကဲ့သို့ ဆောင်ရွက်မည်၊ စစ်အစိုးရ၏ ရွေးကောက်ပွဲ မည်သို့ ဖြစ်ပေါ်လာမည် ဆိုသည်တို့ကို လူထုက စိတ်ဝင်စားနေကြကြောင်း ပြည်တွင်း သတင်းဂျာနယ် တခု၏ အမှုဆောင်အရာရှိ တဦးက ပြောဆိုသည်။

“မနှစ်က မေ မှာ လုပ်သွားတဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲ ဘယ်လိုလုပ်ခဲ့သလဲ ဆိုတာ ပြန်စဉ်းစားကြည့်ပါ။ လာမယ့် ရွေးကောက်ပွဲလည်း ဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ် ဆိုတာ ၉၅ ရာခိုင်နှုန်း သေချာသလောက်ရှိပါတယ်။ တကယ်လို့များ နိုင်ငံတကာက ကြီးကြပ်မှု ပါလို့ ၁၉၉၀ တုန်းကလိုပဲ ဖြစ်ခဲ့မယ်ဆိုရင်၊ NLD ကလည်း ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် NLD က ဒုတိယအကြိမ် ထပ်နိုင်လိမ့်မယ်လို့ ထင်တယ်” ဟု ၎င်းက သုံးသပ်သည်။

သတင်းစာဆရာကြီး ဦးဝင်တင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချမည် ဆိုပါက NLD တင်မက တခြားသော နိုင်ငံရေး အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ တသီးပုဂ္ဂလများလည်း ရွေးကောက်ပွဲ ၀င်ရန် စဉ်စားကြဖို့ လိုမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ဒီလို ပက်ပက်စက်စက်ကြံရင်တော့ ဒီရွေးကောက်ပွဲဟာ ၀င်သင့်တဲ့ ရွေးကောက်ပွဲမျိုး မဟုတ်ဘူး၊ ၀င်လို့လည်း ရမှာမဟုတ်ဘူး၊ ၀င်ခြင်းအားဖြင့်လည်း ဘာအဖြေမှ ထွက်မယ့် ရွေးကောက်ပွဲလည်း မဟုတ်ဘူး၊ ဒီလို ရွေးကောက်ပွဲမျိုးဟာ ပြည်သူရဲ့ အဆုံးအဖြတ်၊ ပြည်သူရဲ့ဆန္ဒ ဖော်ပြရာရောက်တဲ့ ရွေးကောက်ပွဲမျိုးလည်း မဟုတ်ဘူးလို့ ကျနော် ပြောချင်ပါတယ်” ဟု ဦးဝင်တင်က ဆိုသည်။

0 comments: